မြန်မာ့အမွေအနှစ် ပုဂံ - ဆောင်းပါး
မြန်မာနိုင်ငံသမိုင်းတွင် ပုဂံသည် စည်းလုံးညီညွတ်သော ပထမ မြန်မာနိုင်ငံတော်ကြီး တည်ထောင်ခဲ့သူ အနော်ရထာမင်းကြီး နန်းစိုက်ခဲ့သည့် က္ဘာကျော် ရှေးဟောင်းမြို့တော်ဖြစ်သည်။ ယဉ်ကျေးမှုအမွေအနှစ်များစွာြ<ွကင်းကျန်လျက်ရှိသည့် ပုဂံကို က္ဘာ့နိုင်ငံများက မြန်မာနိုင်ငံ၏ အမှတ်လက္ခဏာတစ်ခု အဖြစ် သိရှိထားကြကာ ပြည်တွင်းပြည်ပခရီးသွားများဖြင့် အမြဲစည်ကားနေသည့် ပုဂံကို မြန်မာ့အမွေအနှစ်မှသည် က္ဘာ့ အမွေအနှစ် ဖြစ်လာစေရန် နိုင်ငံတော်က ဆောင်ရွက်လျက် ရှိနေပေသည်။
ပုဂံသမိုင်းသည် နှုတ်ပြောစကားများ၊ ဒဏ္ဍာရီများ၊ ပါးစပ် ရာဇဝင်များနှင့် ရောထွေးနေသဖြင့် ဆရာကြီး ဦးဖေမောင်တင် က ''ပုဂံရာဇဝင် အကြောင်းပြောလျှင် တုတ်ထမ်းပြီးပြောရမည် ဟုဆိုကြ၏၊ အငြင်းအခုံဖြစ်ကြပြီး ရိုက်ကြ ပုတ်ကြတတ် သည်ဟု ဆိုလိုသည်''ဟု ရေးသားခဲ့သည်။
နှုတ်ပြောဇာတ်လမ်းများ
မြန်မာ့သမိုင်းကို အစဉ်အဆက် မှတ်တမ်းတင်ခဲ့ကြရာတွင် ရာဇဝင်ကျမ်းပြုသူများက ပိုကဲစွာ ရေးသားခဲ့ကြသဖြင့် နှောင်း ခေတ်များတွင် အငြင်းပွားဖွယ်များ ဖြစ်လာခဲ့ရပေသည်။ ရှေး ဟောင်းရာဇဝင်များတွင် နှုတ်ပြောစကားများ၊ ဒဏ္ဍာရီများ က ရောနှောပါဝင်နေခဲ့သည်။ ရသပါသောဇာတ်လမ်းများ၊ အံ့ဖွယ်ဖြစ်ရပ်များကို စိတ်ဝင်စားသည့် လူသားများ၏သဘာဝ အတိုင်း ရာဇဝင်ရေးသူအချို့က ဖတ်ရှုသူများစိတ်ဝင်စားမည့် နှုတ်ပြောဇာတ်လမ်းများကို ရာဇဝင်ကျမ်းများတွင် ထည့်သွင်း ရေးသားခဲ့ခြင်းများ ရှိခဲ့သည်။ မိမိတို့၏ဘုရင်ကို ကြီးမားသော အမွှမ်းတင်လိုစိတ်များကြောင့် လွန်ကဲသော ချီးမြှောက်စကား များကို ထည့်သွင်းရေးသားခြင်းများလည်း ရှိခဲ့သည်။ ထို့ ကြောင့် ခိုင်မာသောသမိုင်းအထောက်အထားများကို တွေ့ရှိ လာချိန်တွင် သုတေသီများသည် အကာကိုပယ်၍ အနှစ်ကို သာ ယူခဲ့ကြပေသည်။
ပညာရှင်များက ပုဂံခေတ်ကို သုံးပိုင်းပိုင်းကာ ပုဂံတည် ထောင်ချိန်မှ ခရစ်နှစ် ၁၁ ရာစုအထိကို ပုဂံခေတ်ဦး၊ ခရစ်နှစ် ၁၁ ရာစုမှ ၁၂ ရာစုအထိကို ပုဂံခေတ်လယ်၊ ခရစ်နှစ် ၁၂ ရာစုမှ ၁၃ ရာစုအထိကို ပုဂံခေတ်နှောင်းဟု သတ်မှတ်ခဲ့ကြသည်။
ပုဂံခေတ်နှင့်စပ်လျဉ်းလာလျှင် အများအားဖြင့် ပျဉ်ပြားမင်း မှ စောမွန်နစ်မင်းအထိ အပိုင်းအခြားကို ဦးစားပေး ပြောဆို လေ့ရှိကြသည်။ အစဉ်အဆက်စကားများအရ ခရစ်နှစ် ၁ဝ၇ ခုနှစ်တွင် သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်းအရပ်တွင် ရွာ ၁၉ ရွာကို စုစည်း၍ ပထမပုဂံကို ထူထောင်ခဲ့သည်ဟု ဆိုသည်။ ရာဇဝံသဇာလိနီကျမ်း အလိုအရ ယုန်လွှတ်ကျွန်းသည် ဧရာဝတီမြစ်မှ ခြောက်မိုင်ကွာဝေးပြီး တုရင်တောင်၏ အရှေ့ ဘက် တစ်မိုင်အကွာတွင်ရှိသည်။ ယခု ပုဂံတည်ရှိသည့် နေရာတွင် သမုဒ္ဒရာဇ်မင်းက မြို့တည်ခဲ့ပြီး သိုက်ထိုင်မင်းက သီရိပစ္စယာမြို့ကိုစွန့်၍ သမထီးအရပ်တွင် တမ္ပဝတီအမည်ဖြင့် မြို့တည်ခဲ့ကြောင်း မှန်နန်းရာဇဝင်တွင် ဖော်ပြခဲ့သည်။
ပုဂံ ၁၉ ရွာကို ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)နှင့် တမ္ပဝတီ ဦးဝင်းမောင်တို့က သုတေသနပြု ရှာဖွေခဲ့ရာ မူလအမည် အတိုင်းရှိနေသည့် ရွာငါးရွာနှင့် အမည်အနည်းငယ်ကွဲလွဲနေ သည့် ရွာငါးရွာ အပါအဝင် နေရာသိပြီး ရွာ ၁၆ ရွာကို ဖော် ထုတ်နိုင်ခဲ့သည်။
ရာဇဝင်ထဲမှ ပုဂံမင်းဆက်
ရာဇဝင်ကျမ်းများတွင် ဖော်ပြချက်များအရ သမုဒ္ဒရာဇ်မင်းမှ ပျဉ်ပြားမင်းမတိုင်မီအထိ ပုဂံခေတ်ဦးပိုင်း မင်းဆက်သည် ၃၃ ဆက် ရှိခဲ့သည်။ သို့သော် ပျူမင်းထီး၊ ထီးယဉ်မင်း၊ ယဉ်မင်း ပိုက်၊ ပိုက်သေဉ်လည်၊ သေဉ်လည်ကြောင်၊ ကြောင်တူရစ် စသည့် အမည်များသည် မြန်မာအမည်များမဟုတ်ကြကြောင်း၊ ဖခင်အမည်၏ နောက်ဆုံးစာလုံးကို သားအမည်၏ထိပ်တွင် ယူပြီး မှည့်ခေါ်သည့်ဓလေ့သည် မြန်မာတွင် မရှိကြောင်း၊ အနီး အစပ်ရှိ ပုံပြင်တစ်ခုကို ယူထည့်ထားသည်ဟု ထင်မြင် ကြောင်း၊ ထိုကဲ့သို့ ပုံပြင်မျိုးကို သမိုင်းတွင် ယူသုံးလေ့ရှိကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သုံးသပ်ခဲ့သည်။
တွင်းသင်းမဟာရာဇဝင်သစ်တွင် ပုဂံမင်းဆက် ၃၃ ဆက်ကို သမုဒ္ဒရာဇ်မင်း (အေဒီ ၁၄၉-၁၅၂)၊ ရသေ့ကြောင်မင်း(အေဒီ ၁၅၂-၁၆၇)၊ ပျူမင်းထီး(အေဒီ ၁၆၇-၂၄၂)၊ ထီးမင်းယဉ်မင်း (အေဒီ ၂၄၂-၂၉၉)၊ ယဉ်မင်းပိုက်မင်း(အေဒီ ၂၉၉-၃၂၄)၊ ပိုက် သေဉ်လည်မင်း (အေဒီ ၃၂၄-၃၄၄)၊ သေဉ်လည်ကြောင်မင်း (အေဒီ ၃၄၄-၃၈၇)၊ ကြောင်တူရစ်မင်း (အေဒီ ၃၈၇-၄၁၂)၊ သည်တံမင်း(အေဒီ ၄၁၂-၄၃၉)၊ သူရဲမင်း(အေဒီ ၄၃၉-၄၉၄)၊ သာရမွန်ဖျားမင်း(အေဒီ ၄၉၄-၅၁၆)၊ သိုက်တိုင်မင်း(အေဒီ ၅၁၆-၅၂၃)၊ သင်လည်ကြောင်ငယ်မင်း (အေဒီ ၅၂၃-၅၃၂)၊ သင်လည်ပိုက်မင်း(အေဒီ ၅၃၂-၅၄၇)၊ ခန်းလောင်းမင်း(အေဒီ ၅၄၇-၅၅၇)၊ ခန်တက်မင်း(အေဒီ ၅၅၇-၅၆၉)၊ ထွန်တိုက်မင်း (အေဒီ ၅၆၉-၅၈၂)၊ ထွန်ပစ်မင်း(အေဒီ ၅၈၂-၅၉၈)၊ ထွန် ချစ်မင်း(အေဒီ ၅၉၈-၆၁၃)၊ ပုပ္ပားစောရဟန်းမင်း (အေဒီ ၆၁၃-၆၄ဝ)၊ ရွှေအုန်းသီးမင်း(အေဒီ ၆၄ဝ-၆၅၂)၊ ပိတ်သုံ မင်း(အေဒီ ၆၅၂-၆၆၁)၊ ပိတ်တောင်းမင်း(အေဒီ ၆၆၁-၇၁ဝ)၊ မင်းခွေးမင်း(အေဒီ ၇၁ဝ-၇၁၆)၊ မြင်းကျွေးမင်း(အေဒီ ၇၁၆-၇၂၆)၊ သိင်္ဂမင်း(အေဒီ ၇၂၆-၇၃၄)၊ သိန်းခွန်မင်း(အေဒီ ၇၃၄-၇၄၄)၊ ရွှေလောင်းမင်း(အေဒီ ၇၄၄-၇၅၃)၊ ထွန်ထွင်းမင်း (အေဒီ ၇၅၃-၇၆၂)၊ ရွှေမှောက်မင်း(အေဒီ ၇၆၂-၇၈၅)၊ မွန် လတ်မင်း(အေဒီ ၇၈၅-၈ဝ၂)၊ စောခင်နှစ်မင်း(အေဒီ ၈ဝ၂-၈၂၉)၊ ခဲလူးမင်း(အေဒီ ၈၂၉-၈၄၆) ဟု ဖော်ပြခဲ့သည်။ သို့ သော် ထိုမင်းများနှင့် ဆက်နွှယ်သည့် အထောက်အထားများ ကို သုတေသနပြုနေကြရဆဲ ဖြစ်သည်။
ပျဉ်ပြားမင်းသည် အေဒီ ၈၄၆ ခုနှစ်တွင် မင်းဖြစ်လာခဲ့ပြီး သုံးနှစ်အကြာ အေဒီ ၈၄၉ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပုဂံမြို့ကို ထည်ထောင်ခဲ့သည်။ ပျဉ်ပြားမင်းမှစ၍ ပုဂံခေတ် ကုန်ဆုံးသည်အထိ နန်းတက်ခဲ့သည့် ပုဂံမင်းများ၏ နန်းတက် နှစ်များသည် ရာဇဝင်ကျမ်းတစ်စောင်နှင့်တစ်စောင် မတူညီကြ သော်လည်း ကျောက်စာအထောက်အထားနှင့် ခိုင်မာသော ကျမ်းများကို ကိုးကားပြုစုခဲ့သည့် တွင်းသင်းရာဇဝင် အလိုအရ ပုဂံမင်းဆက်သည် ၅၆ ပါးဖြစ်သည်။
တွင်းသင်းရာဇဝင်သစ်တွင် ဖော်ပြထားသည့် ပျဉ်ပြားမင်း (၈၄၆-၈၇၆)၊ တန်နက်မင်း(၈၇၆-၈၉၄)၊ စလေမင်းခွေး (၈၉၄-၉၂၄)၊ သိန်းခိုမင်း(၉၂၄-၉၂၆)၊ ညောင်ဦးစောရဟန်းမင်း (၉၄၆-၉၉၁)၊ ကျောင်းဖြူမင်း(၉၉၁-၁ဝ၁၃)၊ ကျည်စိုးမင်း (၁ဝ၁၃-၁ဝ၁၉)၊ စုက္ကတေးမင်း(၁ဝ၁၉-၁ဝ၄၄)၊ အနော်ရထာ စောမင်း(၁ဝ၄၄-၁ဝ၇၇)၊ စောလူးမင်း(၁ဝ၇၇-၁ဝ၈၄)၊ ကျန်စစ်သားမင်း(၁ဝ၈၄-၁၁၁၃)၊ အလောင်းစည်သူမင်း (၁၁၁၃-၁၁၆ဝ)၊ မင်းရှင်စော(၁၁၆ဝ)၊ နရသူမင်း (၁၁၆ဝ-၁၁၆၅)၊ မင်းယဉ်နရသိင်္ခ၊ နရပတိစည်သူမင်း(၁၁၆၅-၁၂၁၁)၊ နားတောင်းဖျားမင်း(၁၂၁၁-၁၂၃၁)၊ ကျစွာမင်း (၁၂၃၅-၁၂၄၉)၊ ဥဇနာမင်း(၁၂၄၉-၁၂၅၆)၊ နရသီဟပတေ့မင်း (၁၂၅၆-၁၂၈၇)၊ ကျော်စွာမင်း(၁၂၈၇-၁၂၉၈)၊ စောနစ်မင်း (၁၂၉၈-၁၃၂၅)နှင့် စောမွန်နစ်(၁၃၂၅-၁၃၆၈)ဟူသည့် ပုဂံမင်းများအနက် ပုဂံခေတ်ကျောက်စာ အထောက်အထား များအရ နရသူမင်းနှင့် နရပတိစည်သူမင်းအကြားတွင် မင်းမရှိ ဟုဆိုကာ ပုဂံမင်းဆက် ၅၅ ပါးဟု အများစုက လက်ခံကြသည်။
အနော်ရထာမင်းမတိုင်မီ ပုဂံကိုအုပ်စိုးခဲ့သည့် မင်းများ အနက် စောရဟန်းမင်းနှင့် ကျောင်းဖြူမင်းတို့သည် ခိုင်ခိုင် လုံလုံ သိရှိရသော မင်းနှစ်ပါးဖြစ်ကြောင်း ဗိုလ်မှူးဘရှင်က ရေးသားခဲ့သည်။
ပုဂံနေပြည်တော်
ပုဂံသည် ရွာမှ မြို့၊ မြို့မှ မင်းနေပြည်တော် ဖြစ်လာခဲ့ကြောင်း ယူဆရသည့်အပြင် မြို့အမည်သည် ပျူအမည်ဖြစ်နိုင်ကြောင်း သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သုံးသပ်ခဲ့ကာ ပုဂံကို ပျူများတည်ခဲ့သည်ဆိုလျှင် ခရစ်နှစ် ၈၄၉ ခုနှစ်ထက် များစွာ စောနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
ဦးကုလားမဟာရာဇဝင်ကြီး၊ မှန်နန်းမဟာရာဇဝင် စသည့် ကျမ်းများတွင် သရေခေတ္တရာပျက်ပြီးနောက် သရေခေတ္တရာမှ ပျူများသည် တောင်ညို၊ ပန်းတောင်းသက်သာ၊ မင်းတုန်းတို့မှ ယုန်လွှတ်ကျွန်းသို့ အဆင့်ဆင့် ပြောင်းရွှေ့လာပြီး ပုဂံကိုတည် ထောင်ခဲ့ကြောင်း ရေးသားထားသဖြင့် ပုဂံဟူသည့်အမည်ကို အများအားဖြင့် ပျူဂါမမှ ပုဂါမ၊ ပုဂါမ်၊ ပုဂံသို့ပြောင်းလဲခဲ့ကြောင်း ဖော်ပြလေ့ရှိကြသည်။
ဒေါက်တာသန်းထွန်းက အနော်ရထာ အုပ်စိုးခဲ့သည့် ပိုင်နက်နယ်မြေသည် တမ္ပဒီပဖြစ်ပြီး မြစ်သာ ၁၁ ခရိုင်နှင့် မင်းဘူးခြောက်ခရိုင် ပါဝင်ကြောင်း ရေးသားခဲ့သည်။ အနော် ရထာ၏ ပုဂံအင်ပါယာ တမ္ပဒီပသည် တောင်ဘက်တွင် တောင် တွင်း၊ ဧရာဝတီမြစ်ကြောင်းတွင် မိကျောင်းရဲအောက်ဘက် ပြည်တော်သာကျွန်းအထိ၊ မြောက်ဘက်တွင် ဧရာဝတီနှင့် မြစ်ငယ်မြစ်တို့ ဆုံစည်းသည့် တောင်ပြုံးခရိုင်အထိ ဖြစ်သည်။ ပြည်တော်သာကျွန်းသည် မိချောင်းရဲမှ အောက်ဘက်သို့ လေးမိုင်ကွာဝေးသည့် ကျွန်းရှည်ကြီးဖြစ်ကာ စောလူးမင်း အရေးနိမ့်ခဲ့သည့်နေရာဟု ယူဆဖွယ်ရှိသည်။ ဇမ္ဗူ့ဒီပဥဆောင် ကျမ်းတွင် တမ္ပဒီပနယ်ကို ဧရာဝတီမြစ်၏ အရှေ့ဘက်နှင့် တောင်ဘက်ဟု ဖော်ပြထားသည်။
အနော်ရထာနန်းစိုက်ခဲ့သည့် ပုဂံမြို့တော်သည် စွယ်တော် စေတီတော်လေးဆူ တည်ထားသည့် ဧရိယာအတွင်း၌ တည်ရှိ ခဲ့သည်။ ရွှေစည်းခုံစေတီတော်တည်ထားသည့် ယခု ညောင်ဦး မြို့ အနောက်ဘက်၊ လောကနန္ဒာစေတီ တည်ထားသည့် သီရိ ပစ္စယာရွာ၊ ဧရာဝတီမြစ်တစ်ဖက်ကမ်း တန့်ကြည့်တောင်နှင့် ပုဂံမှအရှေ့ဘက်သို့ ခြောက်မိုင်ကွာဝေးသည့် တုရင်တောင် တို့သည် ပုဂံ၏ နယ်နိမိတ်အစွန်းများအဖြစ် တည်ရှိခဲ့သည်။
ပုဂံစေတီပုထိုးများ
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနယ်မြေ ပုဂံနှင့် ညောင်ဦး တစ် ဝိုက်တွင် စေတီ၊ ပုထိုး၊ ဂူ၊ ကျောင်း၊ ဥမင် အစရှိသည့် သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံများစွာ တည်ရှိနေသည်။ ခေတ် အဆက်ဆက် ပုဂံတွင် တည်ထားခဲ့သည့် စေတီပုထိုးများသည် ယနေ့တိုင် ကြွင်းကျန်လျက်ရှိရာ များပြားလှသည့် သာသနိက အဆောက်အအုံများကို 'လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရား ပေါင်း'ဟုသံပေါက်ဖြင့် မှတ်သားခဲ့ကြသည်။ သံပေါက်အစ လေးလုံးဖြစ်သည့် 'လှည်းဝင်ရိုးသံ' အရ ပုဂံတွင် ဘုရားပေါင်း သည် ၄၄၄၆ ဆူရှိခဲ့ကြောင်း ယူဆနိုင်သည်။
အင်းဝခေတ် မိုးညှင်းမင်းတရား(ခရစ်နှစ် ၁၄၂၇-၁၄၈ဝ) လက်ထက်တွင် ပုဂံဒေသရှိ စေတီပုထိုးများကို စာရင်း ကောက်ယူ၍ 'ဝင်းဝင်းထိန်လျှံ ပုဂံဘုရားပေါင်း'ဟု အမှတ် အသားပြုခဲ့သဖြင့် ဝင်းဝင်းထိန်လျှံအရ ၄၄၇၄ ဆူဖြစ်သည်။ ကုန်းဘောင်ခေတ်လက်ရာ ဖြစ်ဟန်တူသည့် ကဗျာတွင် 'မြတ်ဘုရားဆူရေ ဖြူရွှေလိုဝင်း ပုဂံပြည် ဘယ်တိုင်းဌာနီမှ စံမမီလွန်ထင်ရှား၊ စောမုနိများ'ဟု ဆိုထားသဖြင့် ပဋိလောမ နည်းအရ ဖြူရွှေလိုဝင်းကို နောက်ပြန်ရေတွက်လျှင် ပုဂံရှိ စေတီပုထိုးအရေအတွက်သည် ၄၄၄၅ ဆူ ဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကောက်ယူထားသော စာရင်းများအရ ပုဂံဒေသရှိ စေတီပုထိုး များ အရေအတွက်သည် ၂၂၁၇ ဆူရှိကာ 'ကျောင်းကြီးအုတ်နီ ကိန်းနှင့်ညီ စေတီဂူဘုရား'ဟု ယခင်က မှတ်တမ်းပြုခဲ့သည်။ သို့သော် ယူနက်စ်ကိုအဖွဲ့၏ အကူအညီဖြင့် ၁၉၈၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ပြင်သစ်လူမျိုး ဗိသုကာပညာရှင် Pierre Pichard ကောက်ယူခဲ့သည့် စာရင်းအရ ပုဂံ စေတီပုထိုးများ အရေအတွက်သည် ၂၈၃၄ ဆူဖြစ်သည်။
၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် ပုဂံ၌ ငလျင်လှုပ်ပြီးနောက် ပုဂံရှိ စေတီပုထိုးများအပါအဝင် ရှေးဟောင်းအဆောက်အအုံ များကို စာရင်းပြန်လည်ကောက်ယူခဲ့ရာ ၁၉၉၇-၁၉၉၈ ခုနှစ် တွင် ပြန်လည်တည်ခဲ့သည့် ကုန်းဘုရားများနှင့် မတူးဖော်ရ သေးသည့်ကုန်းများ အပါအဝင် ၃၈၂၂ ဆူရှိကြောင်း သိရှိ ရပေသည်။
ပုဂံသည် ခရစ်နှစ် ၁ဝ ရာစုတွင် အခြေခိုင်နေခဲ့ပြီဖြစ်ပြီး ၁၁ ရာစုမှစ၍ စေတီပုထိုးများကို ပုဂံနယ်မြေအတွင်း တည်ထား ခဲ့ကြသည်။ ထိုအချိန်တွင် ပုဂံပြည်သူများသည် ဗုဒ္ဓဘာသာ အပြင် နတ်၊ မဟာယာနနှင့် အခြားဝါဒများကိုလည်း ကိုးကွယ် ခဲ့ကြသည်။
ပုဂံ၏အကျယ်အဝန်းသည် ပုဂံမှတောင်ဘက်သို့ လေးမိုင် ဝေးသည့် တွင်းရွာ၊ တွင်းရွာမှ အရှေ့မြောက်ဘက် လေးမိုင် အကွာရှိ ကုန်းတန်းကြီးရွာ၊ ကုန်းတန်းကြီးမှ မြောက်သို့ နှစ်မိုင် ခွဲအကွာရှိ တက်သေးရွာ၊ တက်သေးရွာမှ အနောက်ဘက် နှစ်မိုင်အကွာရှိ ကျောက်ဂူဥမင်တည်နေရာ၊ ကျောက်ဂူဥမင်မှ တောင်ဘက်သို့ ဧရာဝတီမြစ်ကမ်းအတိုင်း ၁၁ မိုင်ဝေးသည့် တွင်းရွာအထိ ပတ်ပတ်လည် အရှည် ၁၉ မိုင်ခွဲရှိသည်။
ပုဂံပြည်သူပြည်သားများသည် ဘုရားတန်ဆောင်း၊ ဂူ၊ ကျောင်းပြာသာဒ် များစွာကို တည်ဆောက်လှူဒါန်းခဲ့ကြကာ ကျောက်စာများ ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။ နံရံပန်းချီ များစွာကိုလည်း ရေးဆွဲခဲ့ကြသည်။ ပုဂံဒေသရှိ ကြီးမားသော ဂူဘုရားကြီးများကို ဘုရင်များကတည်ခဲ့ပြီး တံတိုင်းနှစ်ထပ် ကာရံလေ့ရှိခဲ့သည်။ အတန်အသင့်ကြီးမားသော အဆောက် အအုံများကို မှူးမတ်ဗိုလ်ပါများက တည်ထားခဲ့ကြကာ အရွယ် ငယ်သည့် အဆောက်အအုံများကို သူဌေးသြူ<ွကယ်များနှင့် ပြည်သူများက ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။
ပုဂံခေတ် အဆောက်အအုံများ
ပုဂံခေတ်တွင် နန်းတော်အပါအဝင် လူနေအဆောက်အအုံ များကို သစ်ဝါးများဖြင့် တည်ဆောက်ခဲ့သဖြင့် ယခုအချိန်၌ သစ်သားအဆောက်အအုံ အြ<ွကင်းအကျန်များကို မတွေ့ရှိ ရတော့သော်လည်း အုတ်၊ ကျောက်များဖြင့် တည်ဆောက်ခဲ့ သည့် စေတီပုထိုးများကိုမူ မြင်တွေ့နေကြရသည်။ ပုဂံရှိ နန်းတော်အဆောက်အအုံများတွင် အောက်ခံပန္နက်ကိုသာ အုတ်ဖြင့်တည်ဆောက်ပြီး အပေါ်ပိုင်း အဆောက်အအုံများကို သစ်ဖြင့်တည်ဆောက်ခဲ့ကြသည်။
ပုဂံမြို့ဟောင်း ရွှေဂူကြီးဘုရားအနီးရှိ ကျန်စစ်သားမင်း နန်းတော်ဟု ယာယီသတ်မှတ်ထားသည့် အောင်မြေကုန်းကို ၁၉၉ဝ ပြည့်နှစ်တွင် တူးဖော်ခဲ့ရာ သစ်သားတိုင်များစိုက်ခဲ့သည့် ကျင်းများကို တွေ့ရှိခဲ့ရပြီး အချို့ကျင်းများတွင် ဆွေးမြည့် နေသည့် သစ်သားတိုင်အစအနများ ကျန်ရှိနေပေသည်။
ရှေးဟောင်းသုတေသန တူးဖော်မှုများ၊ ကျောက်စာများ၊ နံရံဆေးပန်းချီများ၊ စေတီပုထိုးမှတ်တမ်းများ အစရှိသည့် အထောက်အထားများဖြင့် ပုဂံသမိုင်းကို ဖော်ထုတ်နိုင်ခဲ့ကြ သည်။ ပညာရှင်များက ခရစ်နှစ် ၉ ရာစု နှောင်းပိုင်းတွင် ပုဂံသည် မြန်မာ့အုပ်ချုပ်ရေး ဗဟိုအချက်အချာဖြစ်ခဲ့ကြောင်း ယူဆကြသည်။ ထိုအချိန်မှစ၍ ဘုရင်စနစ်ကို ကျင့်သုံးခဲ့သည့် ပုဂံခေတ်တွင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု အနုလက်ရာ၊ စာပေများ ထွန်းကားခဲ့ရာ ပုဂံသမိုင်းသည် လေ့လာမဆုံးနိုင် အောင် ကျယ်ဝန်းကြီးမားခဲ့ပေသည်။
ထို့ကြောင့်လည်း ပုဂံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအစရှိသည့် နယ်ပယ်ပေါင်းစုံကို ပိုမို တိကျစွာ ဖော်ထုတ်နိုင်ရန် ပညာရှင်များနှင့် သုတေသီများက သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြဆဲ ဖြစ်ပေသည်။
ငလျင်အပါအဝင် သဘာဝဘေးဒဏ်များကြောင့် ပုဂံစေတီ ပုထိုးများသည် ပြိုကျပျက်စီးမှုများ ရှိခဲ့သည်။ ပျက်စီးသွားသည့် စေတီပုထိုးများကို ပြင်ဆင်ကြရာတွင် ပြန်လည်တည်ဆောက် ခြင်းထက် အပျက်ကို ဆက်မပျက်စေရန် ထိန်းသိမ်းထားခြင်းက ပို၍တန်ဖိုးရှိပေသည်။ မြန်မာလူမျိုးအများစုက စေတီပုထိုး များသည် သစ်လွင်၍ ရွှေရောင်ဝင်းနေမှသာ ကြည်ညိုဖွယ် အဆင်းကိုဆောင်သည်ဟု ယူဆလေ့ရှိကြသည်။ သို့သော် ရွှေရောင်မဝင်းသည့် ရှေးဟောင်း စေတီပုထိုးအိုများသည် ရွှေရောင်ဝင်းနေသည့် ခေတ်လက်ရာများထက် သမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုး များစွာပို၍မြင့်မားကြောင်း သိရှိခံယူနိုင်ကြ သည်နှင့်အမျှ ပုဂံအပါအဝင် မြန်မာနိုင်ငံအနှံ့ရှိ ရှေးဟောင်း စေတီပုထိုး အဆောက်အအုံများကို တန်ဖိုးထား ထိန်းသိမ်း လာနိုင်ကြမည် ဖြစ်ပေသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)မြန်မာ့အလင်း
ကိုးကား
(၁) တွင်းသင်းမဟာရာဇဝင်သစ်(ပထမတွဲ)
(၂) ပုဂံသုတေသနလမ်းòန်(ဦးဗိုကေ)
(၃) ပုဂံခေတ် နိုင်ငံရေးသမိုင်း(ဒေါက်တာသန်းထွန်း)
(၄) ပုဂံခေတ် အခြေအနေ(အေဒီ ၁ဝ၄၄-၁၃၆၈)
(ဒေါက်တာဒေါ်အေးလှ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment