Latest News

Friday, February 16, 2018

မရမ်းကုန်းမြို့နယ်၌ အဲကွန်း အပူလွန်ကဲရာမှ ဝိုင်ယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား

မရမ်းကုန်းမြို့နယ်၌ အဲကွန်း အပူလွန်ကဲရာမှ ဝိုင်ယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား

ရန်ကုန်     ဖေဖော်ဝါရီ    ၁၆

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် အောင်မေတ္တာလမ်းရှိ နေအိမ်တိုက်ခန်းတစ်ခု၌ ယနေ့ ညနေ ၆ နာရီ ၁ဝ မိနစ်က အဲကွန်း အပူလွန်ကဲရာမှ ဝိုင်ယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။

''မီးတောက်တွေက အပြင်ကို မထွက်ဘူး၊ မီးခိုးတွေ အပြင်ကိုထွက်လာတော့မှ ပတ်ဝန်းကျင်က သိကြတာ၊ မီးလောင်တဲ့အချိန်မှာ  အိမ်ရှင်တွေမရှိဘူး၊ လူမရှိဘဲ အဲကွန်းဖွင့်ခဲ့တာလို့ကြားတယ်၊ တိုက်တွေကလည်း တစ်ခန်းနဲ့တစ်ခန်း ကပ်နေတာ၊ မီးသတ်တပ်¸တွေက အချိန်မီငြှိမ်းသတ်နိုင်လို့ တော်သေးတယ်'' ဟု အဆိုပါဖြစ်ပွားမှု အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ ဖြစ်စဉ်မှာ အဆိုပါလမ်းရှိ အမှတ်  ၅၆ ကန်ထရိုက် တိုက်လေးလွှာ (ခေါင်းရင်းခန်း)နေ   အိမ်ရှင်ဖြစ်သူ   အပြင်ထွက်သွားစဉ်  နေအိမ်၌  အဲကွန်းဖွင့်ထားခဲ့သဖြင့် အဲကွန်း အပူလွန်ကဲပြီး ဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်ရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ရှစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁ဝ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း နေအိမ်တိုက်ခန်း အတွင်းရှိ ပစ္စည်းများမီးလောင်ခဲ့သဖြင့် အိမ်ရှင်ဖြစ်သူကို မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းက ဥပဒေအရ  အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။                                     သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-မြင့်ဝေ(မရမ်းကုန်း)မြန်​မာ့အလင်း

No comments:

Post a Comment