Latest News

Saturday, July 15, 2017

တောင်ကြီးခရိုင်အတွင်း အစိုးရတပ်မတော် တောနင်း RCSS/SSA နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်


Photo: တိုက်ပွဲဖြစ်ပွါးရာဒေသပြမြေပုံ
ဂျူလိုင်လ ၁၅ ရက် ၂၀၁၇

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း အစိုးရတပ်မတော် တောနင်းလှုပ်ရှားမှုကြောင့် ဒေသအတွင်း နေထိုင်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ထိပ်တိုက်တွေ့ဆုံကာ ယမန်နေ့က နှစ်ဘက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

၂၀၁၇ ဂျူလိုင်လ ၁၄ ရက် မွန်းလွဲပိုင်းတွင် RCSS/SSA ၏စစ်ကြောင်းတခု နှင့် အစိုးရ တပ်မတော် ခြေလျင်တပ်ရင်း အမှတ် ၂၄၉ စစ်ကြောင်းတကြောင်းတို့ တောင်ကြီးမြို့နယ် ဟိုပုံးမြို့အတွင်း တောင်ကြီးမြို့ မြောက်ဘက် မိုင် ၂၀ ၀န်းကျင်ခန့်ရှိ မိုင်းပြင်းတိုက်နယ် ၀မ့်ကောင်ပန်ဟတ် နှင့် ၀မ့်ခိုင်းရွာကြားတွင် ၁၅ မိနစ်ခန့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ဆက်ဆံရေးရုံးကိုသတင်းမပို့ဘဲ ဖာလိုင်အခြေစိုက် ခလရ ၂၄၉ စစ်ကြောင်းက၀င်လာလို့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွါး ရတာ ပါ။ ဒါပေမယ့်ဘာဘဲဖြစ်ဖြစ် ခုချိန်မှာ တိုက်ပွဲတွေတော့မရှိသင့်တော့ဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေက NCA လက်မှတ်ထိုးပြီးတဲ့အဖွဲ့ဖြစ်တယ်လေ။ ကျနော်တို့ဘက်က ငြိမ်းချမ်းရေးကိုဦးစားပေးလုပ်နေတယ်။ တိုက်ပွဲမဖြစ်အောင် အတတ်နိုင်ဆုံးရှောင်တယ်။ တကယ်တော့ NCA မှာပါတဲ့ COC ၂ ဖက်လိုက်နာရမည့်စစ်သည်တော်ကျင့်ဝတ်များကို လိုက် နာရမယ်။ တပ်မတော်ဖြစ်လို့ သွားလိုတဲ့နေရာသွားမယ် ဆိုတာမဖြစ်သင့်ဘူး။ တပ်မတော်ကလည်း ကျင့်ဝတ် လိုက်နာ ရမယ်။ အစိုးရမှာလည်း တာဝန်ရှိတယ် ”- ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

တိုက်ပွဲအတွင်း ၂ ဦး ၂ ဖက်ထိခိုက်မှုအနည်းငယ်ရှိသည်ဟု ဟိုပုံးအခြေစိုက်တပ်မတော် အရာရှိတဦးက ပြောသည်။

သို့သော် RCSS/SSA ပိုင် taifreedom ၀က်ပ်ဆိုက် တွင်မူ အစိုးရစစ်ကြောင်း၏ MA 1 အမျိုးအစား သေနတ် ၅ လက်နှင့် 9 mm ကျည်သုံး ပစ်စတိုလ် ၂ လက် ကို RCSS/SSA မှ သိမ်းဆည်းရမိကြောင်းဖော်ပြထားပြီး အစိုးရစစ်ကြာင်း၏ တပ်ကြပ်ကြီးအပါအ၀င် ၃ ဦးဒဏ်ရာရရှိကာ တပ်သား ၅ ဦး သေဆုံးကြောင်း ရေးသားဖော်ပြထားသည်။

“ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က JMC-S (ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ) နဲ့ဆက်သွယ်ထားတယ်။ ဒါဟာ NCA သဘောတူညီချက်နဲ့ မကိုက်ညီဘူး ။ ပြန်လည်စစ်ဆေးပေးဖို့နဲ့ နောက် နောင်ဒီလိုမဖြစ်ပွါးအောင် ဆောင်ရွက်ပေးသွားဖို့ပေါ့။ ” - ဟု ဗိုလ်မှူးကြီး စိုင်းငင်းကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း ညနေပိုင်းတွင် အစိုးရတပ်မတော်သည် အင်အား ၁၀၀ ထက်မနည်း တိုက်ပွဲ ဖြစ်ပွါးရာဒေသသို့ ဖြည့်တင်းကာ လှုပ်ရှားဆက်လက်ပြုလုပ်နေသည်ဟု ဒေသခံများပြောပြချက်အရသိရပါသည်။
ပြီးခဲ့သည့် ဂျွန်လ ကလည်း သံလွင်အရှေ့ခြင်း ကျိုင်းတုံခရိုင် မိုင်းပြင်းမြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ လူ့အခွင့်အရေးအမျိုးမျိုးအား တပ်မတော် မှ ချိုးဖေါက်နေသည်ဟု သျှမ်းလူ့အခွင့်အရေးမဏဋိုင် SHARF က ထုတ်ပြန်ကြေငြာသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/

No comments:

Post a Comment