Latest News

Sunday, June 4, 2017

လူမျိုးပေါင်း ၁၃၅ မျိုး အမှန်တကယ် ရှိပါ၏လော

လူမျိုးပေါင်း ၁၃၅ မျိုး အမှန်တကယ် ရှိပါ၏လော

အဆိုပါ မေးခွန်း နှင့် ပါတ်သက်ပြီး မြန်မာနိုင်ငံအကြောင်း တစိုက်မတ်မတ် ရေးသားခဲ့သူ ဘာတန် လစ်တနာက Asia Times တွင်  “A Question of race in Myanmar” ခေါင်းစဉ် ဖြင့် အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

မြန်မာအစိုးရ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား လက်ရှိ ဆွေးနွေးနေမှုများတွင် အာဏာကို  တိုင်းရင်းသား လူမျိုးစုများအကြား မည်သို့မည်ပုံ ခွဲဝေ အုပ်ချုပ်သွားမလဲ ဆိုတာ ခလုတ်ကန်သင်း ဖြစ်နေရဆဲပင်။

ဒီအရေးကို စစ်တပ်မှ တရားဝင်ကြေငြာထားတဲ့ လူမျိုး ၁၃၅ မျိုးအပေါ် အဓိက ထားပြီး ပြေလည်အောင် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ သို့သော် လူမျိုး ၁၃၅ မျိုးကို ဘယ်ပုံဘယ်နည်း စစ်တပ်က ပိုင်းခြား ပြဌာန်းခဲ့လည်း ဆိုတာ နဲ့ ပါတ်သက်ပြီး သဲသဲကွဲကွဲ မရှိခဲ့ပါဖူး၊ ၂၀၁၄ သန်းကောင်စာရင်း ကောက်ယူရာမှာ အဆိုပါ ၁၃၅ မျိုးကို စာရင်း ရအောင် ပြုစုခဲ့ကြပါတယ်။ သို့သော် ၁၉၃၁ ဗြိတိသျှ တို့ ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းအရ တရုတ်၊ နဲ့ အိန္ဒိယ လူမျိုးတွေ ထည့်သွင်းထားတာတောင် ၂၀ ထက် မပိုခဲ့ဘူးဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ပါတယ်။

၁၉၈၂ နိုင်ငံသား ဥပဒေမှာလည်း ၁၃၅ မျိုး ရှိတယ်လို့ တိတိကျကျ ဖေါ်ပြခဲ့ခြင်း မရှိပဲ နိုင်ငံသား ဖြစ်မှု ကိုသာ အဓိက ထား ရည်ညွှန်းခဲ့ပါတယ်။ တိုင်းရင်းသား လူမျိုးဟူသည် ၁၈၂၄-၂၆ ပထမ မြန်မာ-အင်္ဂလိပ် စစ်ပွဲမတိုင်မှီ အခြေချ နေထိုင်ပြီးသူများသာ ဟု ဖွင့်ဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ရောက်လာသူတွေကို ဧည့်နိုင်ငံသား(associate) သို့မဟုတ် နူိုင်ငံသား အဖြစ် ခံယူသူများ (Neutralized) အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တကယ်တော့ လူမျိုး ၁၃၅ မျိုး ဟူသော အယူအဆကို ထိုစဉ်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဟု အမည်ပေးထားတဲ့ စစ်အစိုးရက စတင် သွတ်သွင်းလာခဲ့တာ ဖြစ်ပြီး ထိုအချိန်ကပင် တိတိကျကျ ရည်ညွှန်းနိုင်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ တိကျတဲ့ စာရင်းဇယား နဲ့ လူမျိုးအမည်ကိုပင် ဖေါ်ပြနိုင်ခြင်း မရှိခဲ့ပါဘူး၊

၁၉၉၁ သြဂုတ်လ ၇ ရက်နေ့ထုတ် အစိုးရ လုပ်သားပြည်သူ့ သတင်းစာမှာ အမည်မဖေါ်လိုသော စစ်တပ် အရာရှိကြီး တဦးရဲ့ ဆောင်းပါးမှာ စတင်ရေးသားလာခဲ့တာ ဖြစ်ပြီး “မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး ရှိနေသည်ဆိုသော အချက်ကြောင့် လူမျိုးကြီး တမျိုး အပေါ် အခြေပြုပြီး ဖွဲ့စည်းပုံတရပ် ရေးဆွဲရေးမှာ အဟန့်အတား ဖြစ်လာခဲ့ရတယ်” လို့ ဖေါ်ပြခဲ့ပါတယ်။ အတိအကျ ရည်ညွန်းခဲ့ခြင်း မရှိသော်လည်း တိုင်းရင်းသား အုပ်စုကြီး များမှ အခွင့်အရေးများ တောင်းဆိုလာမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူမျိုးစုလေးများ ရှိနေတယ်ဆိုတဲ့ သဘောသက်ရောက်အောင် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

လူမျိုး ၁၃၅ မျိုးရဲ့ တရားဝင်အမည်စာရင်းကို ၂၀၁၄ သန်းကောင်စာရင်း မကောက်မှီကလေးတင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကချင် ပြည်နယ်တွင် လူမျိုးပေါင်း ၁၂ မျိုး၊ ကယားတွင် ၉ မျိုး၊ ကရင်တွင် ၁၁ မျိုး၊ ချင်းတွင် ၅၃ မျိုး၊ ဗမာမှာပင် ၉ မျိုး ၊ ရခိုင်မှာ၇ မျိုး၊၊ ရှမ်း မှာ ၃၃ မျိုး နဲ့ မွန်မှာတော့ တမျိုး စုစုပေါင်း ၁၃၅ မျိုး ဖြစ်ပါတယ်။

အဆိုပါ လူမျိုးစုများ ခွဲခြားထားပုံကလည်း မရေမရာ ဖြစ်နေတာ တွေ့ရပါတယ်။ ဥပမာ ရှမ်းပြည်နယ် တွင် ရှမ်းကြီးကို တိုင်လောင် (Tai Long) ဟု ၎င်း၊ အခြား ရှမ်းများကို ရှမ်းကြီးဟု ၎င်း ဖေါ်ပြထားပြီး တကယ်တော့ အဓိပ္ပါယ် အတူတူပဲ ဖြစ်ပါတယ်။ တဖန် ကချင် ပြည်နယ်မှာ ဟားခူ (Hkakhu) ဟု မေခ မလိခ ဆုံရာ အထက်ဖက်တွင် နေသူများကို ရည်ညွန်းပြီး  ဂေါ်ရီ (Gauri) ခေါ်သော အမျိုးအနွယ်ကိုလည်း လူမျိုးတမျိုး အဖြစ် ဖေါ်ပြထားပြန်ပါတယ်။ ချင်းပြည်နယ်ရှိ လူမျိုး ၅၃ မျိုးအားလည်း ဘာသာစကား ကွဲပြားမှုအပေါ် အခြေပြုပြီး သတ်မှတ်ထားပြန်ပါတယ်။

အချို့ က ၁၃၅ ဟူသော နံပါတ်သည် ပေါင်းလိုက်က ၉ ဂဏန်းရ၍ ၎င်းတို့အဖို့ ကံကောင်းသော နံပါတ် အဖြစ် မှတ်ယူနိုင်ရန် ပြုလုပ်ထားခြင်း များလားဟုပင် သံသယ ဖြစ်ခဲ့ကြပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အခါသမာယ တွေမှာ အမြဲတမ်းလိုလို ကိုးဂဏန်းနဲ့ ကြုံနေရပါတယ်။ စစ်တပ်က အာဏသိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်၊ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် စတင်  ထားရှိတဲ့ ဂျုလိုင် ၁၈၊ ၁၉၈၉၊ ၁၉၉၀ ရွေးကောက်ပွဲ ပြုလုပ်တဲ့ မေလ ၂၇ ရက် အစရှိတာတွေ နဲ့ ၄၅ ကျပ်တန် ၊ ၉၀ တန် ငွေစက္ကုများ ရိုက်နှိပ်ခြင်းတို့ကြောင့် သံသယက ပိုပြီး ကြီးထွားလာခဲ့ရတာလည်း ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး နဲ့ စည်းလုံးညီညွတ်ရေးလို အရေးကြီးလှတဲ့ ကိစ္စမျိုးကို လက်တွေ့ကျကျ အချက်အလက်များ အပေါ် မူတည်ပြီး ချည်းကပ်ဆောင်ရွက်သင့်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆွေးနွေးပွဲတွေမှာ လူမျိုး ၁၃၅ မျိုးကို ကိုယ်စားပြုပြီး တက်ရောက်လာခဲ့လို့ ရှိရင်တော့ တော်တော်နဲ့ အကြောင်း ညီညွတ်လာစရာ မရှိနိုင်ဖူးလို့ ရေးသားထားတာကို အကျဉ်းချုံး တင်ပြလိုက်ရပါတယ်။

HSW

No comments:

Post a Comment