Latest News

Monday, June 12, 2017

“ဥပဒေကြောင်းအရ ဆောင်ရွက်ချင်ရင် ရဲစခန်းမှာ အမှုလာဖွင့်ပါ” - အိုးအိမ်ညွှန်မှူး ဦးယုခိုင်

“ဥပဒေကြောင်းအရ ဆောင်ရွက်ချင်ရင် ရဲစခန်းမှာ အမှုလာဖွင့်ပါ” - အိုးအိမ်ညွှန်မှူး ဦးယုခိုင်

ရန်ကုန် လှည်းကူးမြို့နယ်အပိုင်၊ အမြန်လမ်းမကြီးရဲ့ ဘေးမှာ ရှိနေတဲ့ ကျူးကျော်တွေကို ဒီနေ့ ဇွန်လ ၁၂ ရက်မနက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာတွေက အင်အားသုံး ရှင်းလင်း ဖယ်ရှားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေတဲ့ မြို့ပြနဲ့ အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးယုခိုင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

●အခုရှင်းလင်းနေတယ် ဆိုတဲ့ ကျူးကျော်မြေက ဘယ်သူ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာလဲ ရှင်းပြပေးပါလား ခင်ဗျ။

■“အခု ဒီနေရာက လှည်းကူးမြို့ရဲ့ အနောက်ဘက် မိုင်တိုင်အမှတ် ၃/၄ နဲ့ ၅/၄ ကြားပေါ့။ အားလုံးပေါင်း မြေဧက ၁၄၅၃ ဒသမ ၇၂ ဧက ရှိပါတယ်။ နိုင်ငံပိုင် မြေပေါ့။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဌာနက ၂၀၀၃-၄ လောက်က စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်တဲ့အခါ မြေသား မကောင်းတဲ့ အတွက်ကြောင့် ဆက်မလုပ်ဘဲ ပြည်ထဲရေးကို ပြန်အပ်တယ်။ ပြည်ထဲရေး ကလည်း နိုင်ငံပိုင်မြေဖြစ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနကပဲ ထိန်းသိမ်း စောင့်ရှောက် ထားတာပေါ့။”

●ဟုတ်ကဲ့။ ကျူးကျော်တဲ့သူတွေ ပြောတာကတော့ ၂၀၁၅ ဒီဇင်ဘာမှာ ကတည်းက ဒီနေရာမှာ သူတို့စပြီး နေလာခဲ့တယ်။ ဒီမတိုင်ခင်ကလည်း နေခဲ့တာရှိတယ်လို့ ပြောပါတယ်။ ဌာနဆိုင်ရာ မှတ်တမ်းတွေအရရော ဘယ်အချိန်ကစပြီး ကျူးကျော်တာတွေ လုပ်ခဲ့ပါသလဲ။

■“၂၀၁၅ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ကျနော်တို့က ဒီနေရာကို အပြောင်ရှင်းခဲ့ပါတယ်။ ဒါပေမယ့် ဟိုးဘက် ၅ မိုင်နဲ့ ၃ ဖာလုံလောက်မှာ ကိုမောင်မောငနိုင်ဆိုတဲ့သူ အပါအဝင် တဲ ၈ လုံးလောက် ကျန်တယ်။ သူတို့က ဝက်တွေ၊ ကြက်တွေ မွေးထားလို့ပါ၊ နောက် ၃ ရက်လောက် နေရင် ရွှေ့ပေးပါ့မယ်လို့ ရှင်းလင်းရေး တာဝန်ခံကို ပြောတော့ ထားပေးခဲ့တယ်။ နောက်တော့ ဒီနေရာမှာလည်း ဘာမှမလုပ်ဖြစ်တော့ အိမ်တွေ ပြန်ဝင်လာကြတာပေါ့။

အဲဒါကြောင့် ၂၀၁၆ ခုနှစ် သြဂုတ်လမှာ ဒီက ရှင်းလင်းဆောင်မှာပဲ အိမ်ဝယ်ထားတဲ့သူတွေ၊ တဲဆောက် နေသူတွေကို ခေါ်ပြီး စာပို့တယ်၊ နိုင်ငံပိုင်မြေဖြစ်လို့ အမြန်ဆုံး ဖယ်ရှားပေးဖို့ ပြောခဲ့တာပေါ့။ ဒီနောက် မှာလည်း ဒီနေရာမှာ ဘာစီမံကိန်းမှ မလုပ်ဖြစ်တော့ တဲတွေ ထပ်ပေါ်လာတာပါပဲ။”

●ဒီနေရာတွေက လက်ရှိ ဘယ်အုပ်ချုပ်မှုအောက်မှာ ရှိတာပါလဲ။

■“လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး အောက်မှာပေါ့။ သူတို့ (ကျူးကျော်) တွေကတော့ သာယာကုန်းကျေးရွာ အုပ်စုထဲမှာ ရှိတယ်လို့ ပြောကြတယ်။ တကယ်တော့ ဒီနေရာမှာ ရွာမရှိပါဘူး။ သူတို့ဘာသာပေးထားတဲ့ နာမည်တွေတော့ ရှိတာပေါ့။ အမြန်လမ်းမကြီးရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာ အိမ်တွေ ဆောက်နေကြတာပေါ့။”

●ဒီနေရာက ကျူးကျော်တွေရဲ့ ပြဿနာကို ၂၀၁၆ သြဂုတ်မှာပဲ တွေ့ဆုံရှင်းလင်းခဲ့တယ်။ ခုတော့ ထောင်ချီတဲ့ အိမ်တွေ ဖြစ်ကုန်တယ်။ ဒီ ၉ လအတွင်းမှာ ဘာတွေ ဆောင်ရွက်ခဲ့ပါသလဲ။

■“ဌာနအနေနဲ့ကတော့ နို့တစ်စာတွေ ထုတ်တာပေါ့။ မြို့နယ်ထွေအုပ် ကတော့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ကွင်းထဲကိုဆင်းပြီး အိမ်တွေဖျက်ဖို့ ပြောတယ်။ အသစ် ဆောက်တဲ့ အိမ်တွေကိုလည်း ဖျက်တာတွေ ရှိပါတယ်။ ဒီ နှစ်လ၊ သုံးလလောက်အတွင်းမှာတော့ အဆောက်အဦး တွေက ဝုန်းဝုန်း ဒိုင်းဒိုင်းပေါ့ဗျ။ ညက မရှိဘူး။ မနက်ကျ ပေါ်လာတာမျိုးတွေ တွေ့ရပါတယ်။”

●ဟုတ်ကဲ့။ တချို့အိမ်တွေဆိုရင် တိုက်အိမ်တွေတောင် ဆောက်ထားတာကို တွေ့ရပါတယ်။ ဘာကြောင့်များ ဒီလို လုပ်ခွင့်ရသွားတယ်လို့ ထင်လဲခင်ဗျ။

■“အေးပေါ့ဗျာ။ နေရာတနေရာကို ရှင်းလင်းဖယ်ရှားဖို့ ဆိုတာကလည်း သူက လာပြီး တည်ဆောက်ထားတော့ တန်ဖိုးတခုက ရှိနေတာပဲ။ နောက်တခါ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှာလည်း အခက်အခဲတွေ ရှိနိုင်တာပဲ။ ဒီဘက်က အများဖြစ်နေတာကိုး။ ပြီးတော့ အစိုးရဆိုတာကလည်း ဌာနဆိုင်ရာတွေရဲ့ မှတ်ချက်တွေပေါ်မှာ မူတည်ပြီးတော့ ဘက်ပေါင်းစုံက တွေးခေါ်စဉ်းစားရမှာကိုး။ နောက်တခုကတော့ လူတွေရဲ့ လောဘပေါ့။ ဒီဈေးနဲ့ ဘယ်မှာမှ မရနိုင်ဘဲ ဒီနေရာမှာပဲ ရနေတာကြောင့်လည်း ပါမှာပေါ့။”

●ဒီနေ့ ရှင်းလင်းတာရော ပြီးသွားပြီလား။

■“ပြီးသလောက် ရှိနေပါပြီ။ ကျနော်တို့က အစိတ်အပိုင်းလေး တခုကိုပဲ လုပ်တာဗျ။ စုစုပေါင်း ကျူးထားတာရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကိုပဲ ရှင်းတာပါ။ အခု ရှင်းနေတာက ၃ မိုင် ၄ ဖာလုံနဲ့ ကျောက်အိုင်ရွာ ကြားနေရာပါ။ နောက်နေရာတွေကိုလည်း ဆက်ရှင်းမှာပါ။”

●ရန်ကုန်က တခြားမြို့နယ်တွေမှာ ကျူးကျော် နေသူတွေကို စာရင်းကောက်ခဲ့ပေမယ့် ဒီနေရာကိုတော့ မကောက်ခဲ့ဘူးနော်။ ဘာကြောင့်လဲ။

■“ဟုတ်ပါတယ်။ ဒါက စီးပွားရေးကျူး ဖြစ်လို့ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မကောက်ခဲ့တာပါ။”

●အခု ရှင်းလင်းနေတာတွေနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။

■“တခုပဲ သတင်းစကား ပြောချင်ပါတယ်။ အခု ရောင်းမှား ဝယ်မှားတွေ ဖြစ်ကြပြီ။ ဒီအချိန်မှာ ရောင်းခဲ့သူကို ဖော်ထုတ်ဖို့ ဝယ်တဲ့သူမှာ တာဝန်ရှိပါတယ်။ ဥပဒေကြောင်းအရ လုပ်ကိုင် ဆောင်ရွက်ချင်တယ် ဆိုရင် ရဲစခန်းမှာ အမှုလာဖွင့်ပါ။ မြို့နယ်မှူး၊ စခန်းမှူးတွေ ကိုလည်း အမှုလာဖွင့်ရင် လက်ခံဖို့ ပြောထားပါတယ်။ သက်သေ သက္ကာယတွေနဲ့ တိုင်ကြားခဲ့မယ် ဆိုရင် ထိရောက်စွာ အရေးယူပေးမယ်။”

DVB

No comments:

Post a Comment