Latest News

Friday, June 9, 2017

ဗြိတိန်ရွေးကောက်ပွဲ အစိုးရဖွဲ့နိုင်အောင် အနိုင်ရပါတီမရှိ၍ ညွန့်ပေါင်းဖွဲ့နိုင်ရေး ကြိုးပမ်းရဦးမည်

ဗြိတိန်ရွေးကောက်ပွဲ အစိုးရဖွဲ့နိုင်အောင် အနိုင်ရပါတီမရှိ၍ ညွန့်ပေါင်းဖွဲ့နိုင်ရေး ကြိုးပမ်းရဦးမည်

ဝန်ကြီးချုပ် ထရီဆာမေဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီသည်  လွှတ်တော်နေရာအများစုကို လက်လွှတ်လိုက်ရကြောင်း ဇွန် ၈ ရက် အထွေထွေရွေးကောက်ပွဲ တရားဝင်ရလဒ်အရ သိရသည်။

လွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း ၆၅၀ နေရာတွင် ၆၃၂ မဲဆန္ဒနယ်မှ မဲရလဒ်အရ ကွန်ဆာဗေးတစ်ပါတီက ၃၀၈ နေရာ အနိုင်ရခြင်းဖြစ်ရာ မဲထက်ဝက်ကျော် ၃၂၆ မဲ အနိုင်ရရေး လိုအပ်ချက်ကို ပြည့်မမီပဲရှိနေသည်။

အဓိကအတိုက်အခံ ဂျာရီမီကိုဘင်း ဦးဆောင်သော လေဘာပါတီက ၂၅၇ မဲ၊ စကော့တစ်အမျိုးသားရေးပါတီက ၃၄ နေရာနှင့် လစ်ဘရယ်ဒီမိုကရက်တစ်က ၁၂ မဲ ရရှိထားကြသည်။

မဲရလဒ်အားဖြင့် မည်သည့်ပါတီကမှ မဲထက်ဝက်ကျော် အနိုင်ရအောင် မစွမ်းဆောင်နိုင်ခြင်းဖြစ်ရာ တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့နိုင်ခြင်းမရှိ၍ အခြားပါတီတစ်ရပ်ရပ် ထောက်ခံပါဝင်မှုယူနိုင်မှ အစိုးရ ဖွဲ့နိုင်မည်ဖြစ်သောကြောင့် ဗြိတိန်နိုင်ငံမှာ hung parliament ဟုခေါ်ဆိုကြသည့် အမျှင်တန်းလွှတ်တော်အဖြစ်နှင့် ကြုံနေရခြင်းဖြစ်သည်။

မေလအတွင်း လွှတ်တော်အပြီးသတ်ချိန်က ကွန်ဆာဗေးတစ်ပါတီသည် အမတ်နေရာ ၃၃၀ နှင့် လေဘာပါတီက ၂၂၉ နေရာ ရရှိထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြိုင်ဖက် ကိုဘင်း၏ လေဘာပါတီထက် ၂၀ ရာခိုင်နှုန်းနီပါး အသာရကာ အစိုးရအဖွဲ့ကို ဦးဆောင်နေသည့် ထရီဆာမေက ဗြိတိန် အီးယူမှနုတ်ထွက်ရေး စေ့စပ်ဆွေးနွေးပွဲများအတွက် အများထောက်ခံမှု အင်အားအခိုင်အမာ ပိုရရှိရန် ရွေးကောက်ပွဲ စော၍ ကျင်းပရေးကို ဧပြီ ၁၈ ရက်က ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ယခု အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် ဝန်ကြီးချုပ် ထရီဆာမေအနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်သကဲ့သို့ ပြိုင်ဖက် ကိုဘင်းကလည်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် အသင့်ရှိနေသည်ဟု ပြောထားသည်။

Mizzima

No comments:

Post a Comment