Latest News

Sunday, May 28, 2017

ခွဲထွက်ခွင့် ဆိုသည့် စကားလုံးနှင့်ပတ်သက်၍ ဆွေးနွေးမှုရပ်ဆိုင်းခဲ့

ခွဲထွက်ခွင့် ဆိုသည့် စကားလုံးနှင့်ပတ်သက်၍ ဆွေးနွေးမှုရပ်ဆိုင်းခဲ့

၂၁ ရာစုပင်လုံညီလာခံ၏ လုံခြုံရေးကဏ္ဍဆွေးနွေးမှုတွင် “ခွဲထွက်ခွင့်”ဆိုသည့် စကားလုံးနှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်လာနိုင်ခြင်းကြောင့် ဆွေးနွေးမှုအားရပ်ဆိုင်းခဲ့ရကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“လူံခြုံရေးကဏ္ဍက လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေလို့ အရမ်းကို ဂရုစိုက်ရပါတယ်။ ပြီးတော့ အခု Process မှာ သွားနေတဲ့ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိသွားမှာကိုလည်း အများကြီးစိုးရိမ်နေရပါတယ်။ ဒါ့ကြောင့် ကန့်သက်ပြီးတော့လုပ်ရတာပါ။ အခုဆွေးနွေးတဲ့ လုံခြုံရေးကဏ္ဍမှာ လေ့လာသူတက်ခွင့်မပေးပါဘူး။ တံခါးပိတ်လုပ်တဲ့ ဆွေးနွေးပွဲပါ။ ဆွေးနွေးတဲ့အခါမှာလည်း ခေါင်းစဉ်တစ်ခုပဲ ချထားပေးပါတယ်။ အဲ့ဒီ့ခေါင်းစဉ်အောက်မှာပဲ ဆွေးနွေးရမှာပါ။ အခုကိစ္စက အဲ့ဒီခေါင်းစဉ်အောက်မှာ ဆွေးနွေးတာ မဟုတ်တဲ့အတွက် ကြာလာရင် နှစ်ဘက်သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်တာကြောင့် ဒီဆွေးနွေးမှုကဏ္ဍကိုရပ်ခြင်း ဖြစ်ပါတယ်။ ချပေးထားတဲ့ ခေါင်းစဉ်အောက်မှာပဲ ဆက်ဆွေးနွေးရမှာပါ”ဟု ဦးဇော်ဌေးကပြောသည်။

ခွဲထွက်ခွင့်ဆိုသည့် စကားလုံးနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် နှစ်ဘက်ကြီးကြီးမားမားသဘောထားကွဲလွဲမှုများ မရှိသေးသော်လည်း ရှေ့ဆက်လုပ်မည့် ကိစ္စများနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ  ရှိလာနိုင်ကြောင်းကို ၎င်းကဆက်လက်ပြောဆိုသည်။

“UPDJC ကနေ တင်လာတဲ့စာသားတွေအပေါ်မှာဆွေးနွေးမှုကတော့ သဘောတူတဲ့ အချက်ရှိသလို၊ သဘောမတူတဲ့အချက်လည်းရှိပါတယ်။ အဓိကကတော့ မခွဲထွက်ရေး မူပေါ့နော်။ တပ်မတော်တင်လာတဲ့ ပြည်ထောင်စုကနေ လုံးဝမခွဲထွက်ရေးမူဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့အတွက် အခက်အခဲရှိနေပါတယ်။ အခက်အခဲရှိတာက ကျွန်တော်တို့ အဖွဲ့တစ်ခုတည်းမဟုတ်ဘဲနဲ့ လက်မှတ်မထိုးသေးတဲ့မြောက်ပိုင်း မဟာမိတ်အဖွဲ့ရယ်၊ အချို့ UNFC က အဖွဲ့ဝင်တချို့ရဲ့ သဘောထားမသိသေးပဲနဲ့ ဒီ UPDJC အစည်းအဝေးမှာ သဘောတူလို့ မရတဲ့အတွက်ကြောင့် ဒီအချက်ကို နောက်မှပဲ ဆွေးနွေးဖို့ ချန်ထားပါတယ်”ဟု ချင်းအမျိုးသားတပ်ဦး ဒုတိယဥက္ကဌ ဦးထျန်းနိုင်ခဲက ပြောသည်။

၂၁ရာစုပင်လုံညီလာခံတွင် ကဏ္ဍအလိုက်ဆွေးနွေးကြရာ၌ လုံခြုံရေးကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့်သူများမှာ လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ရိုက်ပါဝင်ပတ်သက်နေသည့်အတွက် မူလကတည်းကပင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ချမပေးခဲ့ကြောင်း၊ သို့သော် ဆွေးနွေးပွဲတွင် ကဏ္ဍတစ်ခုလျော့သွားမည်စိုးသောကြောင့် ပြည်ထောင်စုအဆင့် UPDJC တွင်ယာယီရပ်တန့်ထားသည့် တစ်ခုတည်းသောတပ်မတော် ဆိုသည့်ကိစ္စကို ဆက်လက်ဆွေးနွေးရန် အားလုံးသဘောတူညီမှုရယူပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း ဦးဇော်ဌေးကပြောသည်။

ထွန်း(နေပြည်တော်)

News Watch

No comments:

Post a Comment