Latest News

Sunday, May 28, 2017

မုန်တိုင်းကြောင့် ရခိုင်မှာ မုန်တိုင်းဒီရေ တက်နိုင်

မုန်တိုင်းကြောင့် ရခိုင်မှာ မုန်တိုင်းဒီရေ တက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဒီကနေ့ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တဲ့အပြင် ရခိုင်ကမ်းရိုးတန်းအနီးကနေ ဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ၀င်ရောက်မှာဖြစ်တဲ့အတွက် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ လိမ္မော်ရောင်အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။

အဲဒီ မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းဒေသမှာ လေပြင်းတိုက်တာတွေ၊ မုန်တိုင်း ဒီရေတက် တာတွေဖြစ်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

"ဝင်တာကတော့ ဘင်္ဂလားဒေ့ရှ်ကို ဝင်မှာပေါ့နော်၊ မုန်တိုင်းက နည်းနည်းလေး အားကောင်းတဲ့ အနေထားလေးရှိတယ်ပေါ့နော်၊ ရခိုင်ကမ်းရိုးတန်းကတော့ မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်းထဲမှာ ရှိနေတာပေါ့။ ထုတ်ပြန်ချက်မှာတော့ ကျနော်တို့ လိမ္မော်ရောင်အဆင့်တင်ထားပါတယ်၊ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်တဲ့ အနေထားရှိတယ်။ ပြီးသွားရင် ၃၀ ရက်နေ့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဖြတ်မယ့်အနေအထား ရှိပါတယ်။ မုန်တိုင်းကမ်းကို ဖြတ်တဲ့အချိန်မှာပေါ့  မြန်မာနိုင်ငံဘက်ထဲမှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ကနေပြီး သွားနေတဲ့အချိန်မှာရော နောက်ပြီးတော့ မုန်တိုင်းကမ်းကို ဖြတ်တဲ့အချိန်မှာရော လေပြင်းတိုက်တာတို့ မုန်တိုင်းဒီရေတက် တာတို့တော့ ဖြစ်နိုင်တယ်"

အခုဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့ကနေ နောက် ၃ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး ၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

အဲဒီလို လေပြင်းတိုက်တာ၊ မိုးကြီးတာတွေကြောင့် မြန်မာ့ကမ်းရိုးတန်းနဲ့ မြစ်ငယ်ချောင်းငယ်တွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိထားဖို့လည်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်းတွေ၊  မြန်မာ့ဆိပ်ကမ်းတလျှောက်မှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့လည်း သတိပေးထားပါတယ်။

Photo: Tun Lwin/ Facebook

RFA

No comments:

Post a Comment