Latest News

Wednesday, May 31, 2017

ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်စနစ် ကိုးလကြာသည့်တိုင် မပြီး၍ ဒဏ်ကြေး ကျပ်သိန်း ၂၇၀ ခန့် ဆောင်စေ

ရန်ကုန်ဗဟိုမီးပွိုင့်ထိန်းချုပ်စနစ် ကိုးလကြာသည့်တိုင် မပြီး၍
ဒဏ်ကြေး ကျပ်သိန်း ၂၇၀ ခန့် ဆောင်စေ

ကျပ်ဘီလီယံ ၂၀ တန် ရန်ကုန်မြို့ ဗဟိုမီးပွိုင့်ထိန်းချုပ် စနစ် အကောင်အထည်ဖော်သည့် ကုမ္ပဏီသည် သတ်မှတ်ချိန်ထက် ကျော်လွန်၍ ကိုးလခန့်ကြာသည့် တိုင် မပြီးစီးသေး၍ ဒဏ်ကြေး ကျပ်သိန်း ၂၇၀ ခန့် ပေးဆောင် ထားရကြောင်း အမှတ်(၂) ယာဉ် ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါစနစ်အတွက် ယခင် ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရုတ်အစိုးရပိုင် CRCC ကုမ္ပဏီ နှင့် ဖက်စပ်လုပ်ကိုင်သည့် ရွှေ ယင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေး ခဲ့ခြင်းဖြစ်သည်။

 အဆိုပါ ကုမ္ပဏီသည် ၂၀၁၆ ဖေဖော်ဝါရီတွင် လုပ်ငန်း များ စတင်ကာ ၂၀၁၆ ဩဂုတ်၌ လုပ်ငန်းပြီးစီးရမည် ဖြစ်သော် လည်း ကိုးလအကြာ ၂၀၁၇ မေ လအထိ လုပ်ငန်းများမပြီးသေး၍ တစ်ရက်လျှင် ဒဏ်ကြေး ကျပ်တစ်သိန်း ပေးဆောင်နေရခြင်း ဖြစ်သည်။

‘‘ထိန်းချုပ်စင်တာ ဆောက် လုပ်မှုကတော့ ပြီးနေပြီ။ မီးပွိုင့် တပ်ဆင်မှုကတော့ ကျန်နေသေး တယ်’’ဟု  အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါစနစ်သည် မြို့တွင်း ရှိ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် လက်ရှိအသုံးပြုနေ သည့် ခလုတ်နှိပ်မီးပွိုင့်များအစား  ရန်ကုန်တစ်မြို့လုံးရှိ မီးပွိုင့် ၁၅၄ ခုကို ဆင်ဆာစနစ်သုံး မီးပွိုင့်များဖြင့် ပြောင်းလဲတပ်ဆင်ခြင်းဖြစ် သည်။ ထိုမီးပွိုင့်အားလုံးကို ဗဟိုထိန်းချုပ်စင်တာက ထိန်းချုပ်မည်ဖြစ်သည်။ ထိုစနစ်အတွက် သမ္မတဟောင်း ဦးသိန်းစိန်က သမ္မတရုံးရန်ပုံငွေထဲမှ ကျပ်ဘီလီယံ ၂၀ ကို ချပေးခဲ့ခြင်းဖြစ် သည်။

ကုမ္ပဏီသည် လုပ်ငန်းများ နှောင့်နှေးနေခြင်းကြောင့် ၂၀၁၇ မေလ ၁၅ ရက်တွင် အပြီးတည် ဆောက်ရမည်ဖြစ်ကြောင်း လက် ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က သတိပေးထားသော် လည်း မေလ ၁၅ ရက် ပြည့်သည့်တိုင် လုပ်ငန်းများ မပြီးစီးသေး ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

လုပ်ငန်းများ မပြီးစီးသေး သည့် ကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာရွှေယင်းကုမ္ပဏီ တာဝန်ခံထံ ဆက်သွယ်မေးမြန်းသော် လည်း ဖြေဆိုရန် ငြင်းဆန်ခဲ့ သည်။

‘‘ဘီလီယံ ၂၀ တန် စီမံကိန်း ကို တစ်ရက်ဒဏ်ကြေး တစ်သိန်း ဆိုတော့ လုပ်ငန်းမလုပ်ဘဲ ဘဏ် တိုးနဲ့တောင် တော်တော်အမြတ် ကြီးရနေပြီ’’ဟု နည်းပညာကုမ္ပဏီ တစ်ခုမှ မန်နေဂျင်းဒါရိုက်တာ တစ်ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းအတွက် တင်ဒါပေးစဉ်ကပင် ပွင့်လင်းမြင် သာမှုမရှိဘဲ လာဘ်စားမှုများ ရှိ သည်ဟု တင်ဒါဝင်ပြိုင်ခဲ့သည့် ကုမ္ပဏီများက ကန့်ကွက်ခဲ့သည်။ ကန့်ကွက်ရာတွင် တရုတ်အစိုးရ ပိုင် ကုမ္ပဏီတစ်ခုက ရန်ကုန်မြို့ ကို စီစီတီဗီများဖြင့် စောင့်ကြည့် မည်ဖြစ်၍ မြို့တော်လုံခြုံရေး စိုး ရိမ်ရသည့်အချက် ပါဝင်သည်။

ထို့အပြင် ဘီလီယံ ၂၀ တန် စီမံကိန်းအတွက် ဒဏ်ကြေး တစ်ရက် ကျပ်တစ်သိန်း ဆိုသည်မှာ အလွန်နည်းပါးသည်ဟု အဆိုပါ ကုမ္ပဏီများက ထောက်ပြခဲ့ သည်။

7Day News

No comments:

Post a Comment