Latest News

Sunday, May 7, 2017

ဆရာမ လမင်းမိုမို သုံးသပ်ထားတာလေး သဘောကျလို့ ပါ

ဆရာမ လမင်းမိုမို သုံးသပ်ထားတာလေး သဘောကျလို့ ပါ

တကယ်တော့ ကျမဆိုသည်မှာ EXO ဆိုတာကို ဘာရုပ်တွေရှိမှန်းမသိလို့  google ခေါက် ရှာကြည့်ရတဲ့အဆင့်ပါ .. ဘာသီချင်းတစ်ပုဒ်မှမသိလို့  ခေတ်နောက်မကျအောင် youtube မှာ ရှာနားထောင်ရတဲ့အဆင့်ပါ .. တွေ့ မယ့်တွေ့ တော့ ဟဲ့ ဘယ်လိုလေးတွေပါလိမ့်လို့  အံ့အားတသင့်ဖြစ်ရတဲ့ အသက်အရွယ်ပါ .. ပုဇဉ်းလေးတွေနဲ့ တူတဲ့ ပိန်ရှည်ရှည် ကြည်တောက်တောက် ဖျော့တော့တော့လေးတွေကို တစ်စက်ကမှ မကြိုက်မိပါဘု ..

ဒါပေမယ့် ၁၂နှစ် ၁၃နှစ်က စ,လို့  အသက်အစိတ်ရွယ်လောက်ထိ မိန်းကလေးတွေ သည်းလှုပ်ပြူးပြာခတ်ပြီး ဆတ်ဆတ်တုန်ကြိုက်နေကြတာကို ကိုယ်ချင်းစာလို့ ရပါတယ် .. အမြင်လည်းမကတ်နိုင်ပါဘူး .. ငိုကြတာလည်း နားလည်ပါတယ် .. EXO တွေ တခြားထွက်ပေါက်က ထွက်သွားတာဟာလည်း သူတို့ လုံခြုံရေးအရ သဘာဝကျသလို ကလေးတွေ အစောင့်ကြီးစောင့်ပြီး မမြင်လိုက်ရလို့  ကြိတ်မနိုင်ခဲမရ မျက်ရည်ကျတာလည်း သဘာဝကျတာပဲ .. ဘာဖြစ်လို့ လဲ .. ကလေးဆိုတာ လိုချင်တာမရရင် ငိုတာသဘာဝပဲလေ .. လူကြီးတွေတောင် ကိုယ်လိုချင်တာ မရတဲ့အခါမျိုး ခိုးငိုရင် ငိုမှာပါ .. ညက ညီမတစ်ယောက်တင်ထားတဲ့ ဆီဒိုးနားဗီဒီယိုကို ကြည့်ပြီး သဘောတွေကျပါတယ် .. ဆီဒိုးနားဘေးဖက်က လူအုပ်ကြီး ဆက်တိုက်သံပြိုင် အော်နေကြတဲ့ ''အီးအိတ်စ်အို ဆာရာ့ငယ်'' ဆိုတဲ့အသံဟာ စက်မှု ၁ လမ်းမပေါ် ဟိန်းလို့  ညံလို့  .. ဆီဒိုးနားဝန်ထမ်းတွေ မိုက်ကရိုဖုန်း လော်စပီကာတွေနဲ့ အော်နေကြတဲ့ ''ကျေးဇူးပြုပြီး ပြန်လည်ထွက်ခွာကြပါခင်ဗျာ'' ဆိုတဲ့ တောင်းပန်လူစုခွဲတဲ့အသံကို နားထောင်ပြီး သဘောကျစိတ် ရီချင်စိတ်နဲ့  ယောက်ျားကိုတောင် အဲဒိဗီဒီယို အတင်းပြပါတယ် ..

လေဆိပ်တုန်းကရော ဆီဒိုးနားမှာရော ငိုတဲ့သူကငို , ပြေးတဲ့သူကပြေးလွှား , ဓါတ်ပုံဗီဒီယိုထဲ ရုပ်မပေါ်အောင် mask တပ်တဲ့သူကတပ် , မြင်ကွင်းဟာ ကျမအမြင်မှာ ရိုးရိုးသားသား စိတ်လှုပ်ရှားစရာ ကောင်းပါတယ် .. ကလေးတွေ , အထူးသဖြင့် မိန်းကလေးတွေ စိတ်တွေလှုပ်ရှားတုန်ခတ်ပြီး ဖြစ်နေကြတာလေးတွေဟာ ကျမအမြင်မှာတော့ ဖြူစင်ပါတယ် .. သူတို့  ဆယ်ကျော်သက်တွေလေ .. ဆယ်ကျော်သက်ဆိုတာ စိတ်လှုပ်ရှားလွယ်ကြတဲ့အရွယ် .. လုပ်ချင်တာ လုပ်ချင်ကြတဲ့အရွယ် .. လူတိုင်းဟာ ဆယ်ကျော်သက်အရွယ်ကို ပျော်ရွှင်မြူးထူးစွာ တက်ကြွထက်သန်စွာ ဖြတ်သန်းကျော်လွန်ခဲ့ကြတာပါ .. တစ်နေရာမရူး တစ်နေရာရူးပြီး ကျော်လွန်ကြီးပြင်းလာကြတာပါ .. ပျော်တဲ့အရာ ရူးတဲ့အရာချင်းသာကွာမယ် .. ဆယ်ကျော်သက်ဘဝကို နေ့ တိုင်းပုတီးစိတ်တရားထိုင် , အိမ်ထဲကအိမ့်ပြင်မထွက် , အပျော်အပါးမလိုလား , ကျောင်းအမကြီးတွေလို အိနြေ္ဒသံပတ္တလားကြီးနဲ့  နေ့ စဉ်တောက်လျှောက် ကျော်ဖြတ်ခဲ့သူရှိရင် ပြပါ .. အခွင့်အရေးမရခဲ့လို့  အပျော်အပါးနည်းပါးခဲ့တဲ့သူ ဆိုရင်တောင် စိတ်ထဲကတော့ ပျော်လိုစိတ် ရှိပါလိမ့်မယ် .. ဘယ်သီချင်းမှမကြိုက် , ဘယ်ဆယ်လီဘရီတီကိုမှ သဘောမကျအားမပေးပဲ စက်ရုပ်လိုစိတ်ထား ရှိခဲ့သူရှိရင် ပြပါ .. သဘောကျပုံကျနည်း , အားပေးပုံပေးနည်းတွေကတော့ ခေတ်အလိုက် ကွာခြားသွားတာပေါ့ ..

ကျမ ငယ်ငယ်က မိုက်ကယ်ဂျက်ဆင် concert အခွေတစ်ခု ကြည့်ဖူးတာသတိရတယ် .. အခွေထဲမှာ ပွဲကြည့်ပရိသတ်တွေကိုပြတော့ ကြည့်နေရင်း ပွဲခင်းထဲ ရှိုက်ရင်းငိုရင်း သတိပါလစ်ကုန်ကြလို့  လုံခြုံရေးတွေ ထမ်းထမ်းထုတ်သွားရတဲ့ နိုင်ငံခြားသူလေးတွေ တွေ့ မိတဲ့အခါ အံ့အားသင့်ခဲ့တယ် .. ကိုယ့်မှာ ကြိုက်နှစ်သက်တဲ့ အနုပညာသည်တွေ အများကြီးရှိသော်လည်း သတိလစ်လောက်တဲ့ထိ ခံစားရသူတော့ မရှိဖူးတာအမှန်ပါပဲ .. အဲသလောက် ကြိုက်ကြသူတွေ တွေ့ တော့လည်း ကျမအပြစ်လို့ မထင်ပါဘူး .. သူတို့ သိပ်ကြိုက်တဲ့ အနုပညာရှင် မိုက်ကယ်ဂျက်ဆင်ကို မျက်ဝါးထင်ထင် လူအကောင်လိုက် တွေ့ ရကြည့်ရ အားပေးရတဲ့အဖြစ်အပေါ် ကျေနပ်ခြင်း ပျော်ရွှင်ခြင်း စိတ်လှုပ်ရှားခြင်းတွေ အလုံးလိုဆို့ ပြီး သတိပါလစ်ကုန်ကြတာပါ .. တမင်လုပ်ယူကြတာ မဟုတ်ပါဘူး .. သူ့ အလိုလိုဖြစ်သွားတဲ့ ခံစားမှုအထွတ်အထိပ်ကြောင့် နှလုံးအားဓါတ်ခံ အားနည်းလို့  သတိပါလစ်သွားတာလို့  ယူဆပါတယ် .. အဲဒိတုန်းက ဘယ်လိုမှ အပြစ်မြင်လို့  မရခဲ့သလို အခုဒီည EXO ကြည့်ရင်း ဆယ်ကျော်သက်မိန်းကလေးတွေ ငိုယိုသူ , သတိလစ်သူ ရှိခဲ့ရင်လည်း ကျမကတော့ အပြစ်မြင်မှာ မဟုတ်ဘူး ..

ရူးသွပ်တယ်လို့  ဝေဖန်ကြတယ် .. ရူးသွပ်ပါစေ .. လူတိုင်းမှာဟာ တစ်စုံတရာကိုရူးသွပ်ခွင့် ရှိပါတယ် .. လူကြီးတွေ တစ်စုံတစ်ခုကို ရူးသွပ်တဲ့အခါ အသက်အရွယ်အရ , အသိဥာဏ်အရ , ဆင်ခြင်တုံတရားအရ , အရှက်စိတ်အရ , အိနြေ္ဒရရ ရူးသွပ်ကြမပေါ့ .. ကလေးတွေ ရူးသွပ်တဲ့အခါ သိပ်အထိန်းအချုပ် မထားတတ်ဘူးပေါ့ .. ဒါ သဘာဝကျပါတယ် .. အနုပညာကိုကြိုက်ရာက အနုပညာရှင်ကိုပါ ကြိုက်တာလည်း မဆန်းပါဘူး .. ဒီကလေးတွေ ဘယ်သူမှ EXO ထဲက ပုဇဉ်းကောင်လေးတွေနဲ့ လက်ထပ်ပြီး ကိုရီးယား လိုက်သွားကြမလို့ မဟုတ်ပါဘူး .. သွားကြည့်မယ် အော်မယ်ဟစ်မယ် ခုန်မယ်ပေါက်မယ် ရီမယ်ငိုမယ် အားပေးမယ် ဓါတ်ပုံရိုက်မယ် , ဒီလောက်ပါပဲ .. ဒီလို လူငယ်သဘာဝ လွတ်လပ်စွာပျော်ပါးခွင့်ရတဲ့ သူတို့ စိတ်ကလေးတွေထဲ ဘယ်လောက် ပျော်ရွှင်ကြည်နူးမလဲ .. ဘယ်လောက် အားရကျေနပ်မလဲ .. ပျော်ကြပါစေ တစ်နေ့ တာ .. ဘာမှဖြစ်မသွားပါဘူး ..

အချိန်တွေကုန်တယ် ငွေတွေကုန်တယ် ပြောကြတယ် .. ဒီတစ်ရက်တာ သူတို့ ကိုယ်ပိုင်အချိန်တွေကိုသုံးပြီး သူတို့ မိဘရှာတဲ့ ပိုက်ဆံနဲ့ သွားကြတာပါ .. ဘယ်သူ့ ဆီကမှ လာချေးနေတာ မဟုတ်ပါဘူး .. လာချေးရင်လည်း ကိုယ်မပေးချင်ရင် မချေးရုံပေါ့ .. ၃သိန်းတန်လက်မှတ်ဝယ် ပွဲသွားကြည့်ပြီး သူတို့ ဘာသာ တစ်ခြားနေရာမှာ ချိုးခြံပါလိမ့်မယ် .. သူတို့ ပိုင်တဲ့ပိုက်ဆံ သူတို့ ကျေနပ်သလို သုံးပါလိမ့်မယ် .. မိဘတွေကလည်း အင်မတန်ခက်ခဲရင် ဘယ်ပေးနိုင်ပါ့မလဲ .. ကိုယ့်သားသမီးလေး ပျော်ရှာပါစေတော့လို့  ချမ်းသာလွန်းလို့ ဖြစ်စေ , မချမ်းသာလည်းပဲ စေတနာရှိလို့ ဖြစ်စေ , သူ့ မိဘက ဝယ်ပေးတဲ့လက်မှတ် ၃သိန်းမကလို့  သိန်း ၃၀တန်ဖြစ်ဖြစ် ဘယ်သူမှ ဝေဖန်ခွင့်မရှိပါဘူး .. သူတို့ မိသားစုတွင်း ငွေရေးကြေးရေး ခွဲဝေသုံးစွဲပုံ စည်းစနစ်ဟာ သူတို့ ဆုံးဖြတ်ပိုင်ခွင့်ပါ .. ဒါကိုမှ ၃သိန်းတန်လက်မှတ် ဝယ်ကြည့်မယ့်အစား ဘယ်သူ့ လှူလိုက်ပါလား , ဘယ်နေရာသုံးလိုက်ပါလား ဝင်ပြောနေတဲ့သူတွေဟာ ကိုယ်စွက်ဖက်ခွင့်မရှိတာကို အခြောက်တိုက် အပူရှာနေတာလို့ ပဲ မြင်ပါတယ် ..

အခု EXO ကို ကြိုဖို့  ရှိုးပွဲကြည့်ဖို့  အဖေတွေ အမေတွေကိုယ်တိုင်က လိုလိုလားလား ပို့ ပေးကြတာပါ .. ဒါဟာ ခေတ်မီပွင့်လင်းလာတာပဲ .. အုပ်ထိန်းမှုအောက်က အပျော်လို့  မြင်ပါတယ် .. နိုင်ငံခြားက ဆယ်ကျော်သက်တွေမှ ရူးသွပ်ခွင့်ရှိတာလား , ဒီပွဲမျိုးကြည့်ဖို့ တန်တာလား ..  မြန်မာဆယ်ကျော်သက်လေးတွေရော ဒီပွဲမျိုး ကြည့်ခွင့်ရလောက်အောင် အဆင့်မရှိလို့ လား .. လူငယ်ဘာဝ ပျော်ခွင့်ရူးသွပ်ခွင့်က မြန်မာမှ မရှိရတာလား .. ပျော်စရာရှိပျော် , ရူးစရာရှိရူး , စာကျက်စရာရှိကျက် , ကြိုးစားစရာရှိကြိုးစား , သူ့ အကန့် နဲ့ သူပေါ့ .. ဒီပွဲသွားကြည့်ပြီး ငိုလို့ ယိုလို့  သူတို့ ဘဝလေးတွေလည်း ပျက်မသွားပါဘူး .. ဒီအဖြစ်အပျက်လေးဟာ သူတို့ ကြီးလာတဲ့အခါ ပြန်ပြီးစားမြုံ့ ပြန် ပြောဆိုအမှတ်ရစရာ ငယ်ဘဝအဖိုးတန် ရွှေရောင်အမှတ်တရလေး ဖြစ်နေမှာပါ .. လူငယ်တွေ ကလေးတွေ ပျော်ရွှင်နေကြတာကို မြင်ရတာဟာ စိတ်ဆင်းရဲနေကြတာကို မြင်ရတာထက် ကောင်းပါတယ် .. ကြည့်ခွင့်ပျော်ခွင့်ရတဲ့ ကလေးတွေအပေါ် မုဒိတာစိတ်လေးနဲ့  နားလည်မှုရှိစေချင်ပါတယ် .. သူများပျော်လို့ မပျော်နိုင် ဝေဖန်ရေးနဲ့ မှိုင်နေတဲ့ ကွိုင်နေတဲ့ ကိုငြိမ်းမောင် မငြိမ်းမောင်တို့ ကို ဘယ်လိုမှ နားလည်လို့ မရပါဘူးရှင် ..

Photo - ပြည်မြန်မာ

Credit - လမင်းမိုမို

1 comment: