Latest News

Thursday, May 11, 2017

မင်္ဂလာတောင်ညွန့် ပဋိပက္ခနှင့် ပြည်သူ့အသံ

မင်္ဂလာတောင်ညွန့် ပဋိပက္ခနှင့် ပြည်သူ့အသံ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့ညက လူစုလူဝေးဖြင့် ပဋိပက္ခဖြစ်ပွားပြီး အဆိုပါပဋိပက္ခမတိုင်မီမှာပင် လူမှုကွန်ရက်စာမျက်နှာများ၌ ယင်းသို့လုပ်ဆောင်မည့်ကိစ္စနှင့်ပတ်သက်၍ ရေးသားဖော်ပြမှုများရှိသော်လည်း အစိုးရအဖွဲ့က ထိရောက်စွာ ကိုင်တွယ်ကာကွယ်နိုင်ခြင်းမရှိခဲ့ဘဲ မလိုလားအပ်သည့် နောက်ဆက်တွဲပြဿနာများ ကြုံတွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများအပါအဝင် နယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များ က မှတ်ချက်ပြုခဲ့ရာ ယင်းနှင့်ပတ်သက်၍ ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးရန်အောင် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်)

ရဲတပ်ဖွဲ့ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းတွေကို ကျွန်တော်တို့ သိပ်ဘဝင်မကျဘူး။ အမှုလာဖွင့်တယ်ဆိုရင် လိုအပ်တဲ့အချက်အလက်တွေ၊ လိုအပ်လို့ ရှာဖွေရမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ စုံစမ်းစစ်ဆေးမှု လုပ်ရပါလိမ့်မယ်။ အဲဒီလိုသာ လုပ်ခဲ့မယ်ဆိုရင် မနေ့ကလိုအဖြစ်ဆိုးမျိုး မဖြစ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ မနေ့က တခြားအဖွဲ့တွေက ရှာဖွေရေးပုံစံမျိုးလုပ်တဲ့အခါ မလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်လာတာပေါ့။ ကျွန်တော်တို့ တောင်ညွန့်မြို့နယ်မှာတော့ အေးအေးချမ်းချမ်းနဲ့ အတူကွယှဉ်တွဲနေထိုင်ကြတာပဲ။ တကယ်လို့ ဥပဒေချိုးဖောက်တဲ့ကိစ္စရှိရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထိထိရောက်ရောက်နဲ့ ဖြေရှင်းဆောင်ရွက်ပေးရမယ့်အခြေအနေရှိတယ်။ မနေ့က အဖြစ်အပျက်ကြီးကတော့ တော်တော်လေးစိတ်မကောင်းစရာလို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီကိစ္စကို အစိုးရက ထိထိရောက်ရောက်နဲ့ ကိုင်တွယ်ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့ ယုံကြည်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်အားမရဘူး။ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့အတူ လူထုဘဝလုံခြုံစိတ်ချမှုရှိအောင် အစိုးရအနေနဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်ပေး ဖို့ ပြောချင်ပါတယ်။

မသီတာ (စမ်းချောင်း) (စာရေးဆရာမ)

အချိန်နဲ့တစ်ပြေးညီ သတင်းအစစ်အမှန်ကို လူထုသိအောင်လုပ်တာ ကောင်းပါတယ်။ မဟုတ်ရင် သတင်းအမှားတွေ ပြန့်သွားပြီး ပိုပြီးတော့ ရှုပ်ထွေးအောင်လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ပြဿနာရှိနိုင်တယ်ဆိုတဲ့ကိစ္စရပ်မျိုးကို ရဲကိုတိုင်တာနဲ့ ပြီးရမယ်၊ ရဲက ဆက်လုပ်လိမ့်မယ်။ ကိုယ်တိုင်လိုက်ပြီး ဆောင်ရွက်ဖို့ ဘယ်နိုင်ငံသားမှာမှ ဒီတာဝန်မရှိဘူး။ ဒါကို အထူးအခွင့်အရေးလိုမျိုးပေးပြီး လိုက်ပို့တာကတော့ စဉ်းစားစရာ ဖြစ်တာပေါ့။ ဒါကိုလုပ်တော့မယ်လို့ ကြိမ်းဝါးတဲ့ပို့စ်တွေ ဘာတွေတွေ့ရပြီး ဒါတွေက ဘာမှအရေးယူခြင်းမခံရဘူးပေါ့။ ဘယ်သူ့ကိုမှ ပြည်သူတစ်ဦးတစ်ယောက်ရနေတဲ့ အခွင့်အရေးတွေထက် ပိုမပေးဖို့ လိုတယ်ပေါ့။ လူ့အဖွဲ့အစည်းအတွင်းမှာရှိနေတဲ့ နိုင်ငံသားတိုင်းကို အကာအကွယ်ပေးဖို့၊ တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ အရေးတကြီးဆောင်ရွက်ရဖို့ အစိုးရကို တောင်းဆိုချင်တယ်။

ဦးအေးလွင် (အဖွဲ့ဝင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့)

တရားဥပဒေစိုးမိုးရေးက အရေးကြီးပါတယ်။ နိုင်ငံသားအားလုံးကို ဥပဒေအရ အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ တရားဥပဒေအရ ချိုးဖောက်တယ်ဆို၊ တိတိကျကျ ဘယ်သူပဲဖြစ်ဖြစ်။ မချိုးဖောက်ဘဲနဲ့ ချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့ လူကိုလည်းပဲ တရားဥပဒေအရ အကာအကွယ်ပေးဖို့ လိုအပ်ပါတယ်။ ဘာသာသာသနာကိုအကြောင်းပြု၍၊ လူမျိုးကိုအကြောင်းပြု၍၊ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားတယ်ဆိုတဲ့ အချက်တွေကလည်း ရှိနေတဲ့အတွက်ကြောင့် ဗမာပြည်မှာနေကြတဲ့ ဘယ်ဘာသာဝင်များမဆို အဲဒီအန္တရာယ်ကြီးကို ကျွန်တော်တို့ အမြဲတမ်းမျက်ခြည်မပြတ်ကြည့်ပြီး ဒီထောင်ချောက်ထဲကိုမဝင်မိဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ ကိုင်တွယ်ဆောင်ရွက်မှု၊ သတင်းထုတ်ပြန်မှုအပိုင်းနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးကဏ္ဍမှာ သူတို့အနေနဲ့က ဘာတွေကို ထည့်သွင်းစဉ်းစားနေရလဲဆိုတဲ့ အချက်အလက်တွေရှိနေလဲတော့ မသိဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို ဥပဒေဘောင်အတွင်းက လုပ်မယ်ဆိုရင် ဘယ်သူ့ဘယ်သူမှလည်း အပြစ်ပြောစရာအကြောင်းမရှိဘူး။

ကိုအောင်ကျော်ကျော် (ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ)

အုပ်ချုပ်ရေးပိုင်းရဲ့ တာဝန်ယူဆောင်ရွက်မှု လျော့တိလျောရဲနိုင်တာကို မနေ့ကဖြစ်စဉ်မှာရော တခြားဖြစ်စဉ်တွေမှာပါ တွေ့ရပါတယ်။ ဥပမာ မနေ့ကဖြစ်စဉ်မှာ ရဲလုံခြုံရေးတွေက ည ၂ နာရီကျော်လောက်မှာ ဖြစ်ခါစ အလုံးအရင်းနဲ့ မရှိတော့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဦးကိုကိုကြီးတို့၊ ကိုမြအေးတို့ ဖုန်းဆက်ပြီး တိုက်တွန်းတော့မှ ကားတစ်စီးစ၊ နှစ်စီးစ ပြန်ချပေးတယ်။ ဒီတော့ လုံခြုံရေးဆောင်ရွက်မှု ပေါ့လျော့ခြင်းက အကြမ်းဖက်မှုကို တစ်ဖက်လှည့်နဲ့ အားပေးရာရောက်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ မနက် ၃ နာရီ ၁၅ မိနစ်လောက်မှာ ကားအစီး ၂၀ လောက် ပြန်လာနေပြီဆိုတဲ့ ကောလာဟလကြောင့် အိမ်တွေထဲ ပြန်ဝင်သွားသူတွေ လမ်းပေါ်ပြန်ရောက်လာတယ်။ အကယ်၍ ပြည်သူတွေရဲ့စိတ်ထဲမှာ ခိုင်မာတဲ့ လုံခြုံရေးစောင့်ရှောက်မှုမျိုးရှိနေတယ်လို့ ယုံကြည်ရင် ဒီလိုအထိတ်ထိတ်အလန့်လန့်နဲ့ နေရတာမျိုး မကြုံနိုင်ဘူး။ အစိုးရရဲ့ ကိုင်တွယ်သတင်းထုတ်ပြန်မှု အားနည်းချက်တွေကတော့ဗျာ ဒီအကြမ်းဖက်မှုဟာ ငါတို့နဲ့ မဆိုင်ဘူးဆိုတဲ့သဘောထိရောက်နေတယ်။ အလျင်အမြန်သတင်းထုတ်ပြန်ဖို့ နောက်ကျတာ ဘယ်သူ့ကိုစောင့်နေရလို့လဲ (ဒါမှမဟုတ်) ဘယ်သူ့ကို ကြောက်နေရလို့လဲ။ ဒီဖြစ်စဉ်မတိုင်မီကတည်းက အကြမ်းဖက်ဖို့ လှုံ့ဆော်နေတာကို ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိနေပါလျက်နဲ့ ကြိုတင်မကာကွယ်တာဟာ အကြမ်းဖက်မှုကို အားပေးရာရောက်ပါတယ်။

7Day News Journal

1 comment:

  1. We urge to the Government to take a necessary action on those Criminals who destabilize the Peace and Stability of the country. Those Rascals deserve harsh punishment.

    ReplyDelete