Latest News

Thursday, April 13, 2017

ကန် လေကြောင်းလိုင်းကို တရားစွဲဖို့ ပြင်ဆင်

ကန် လေကြောင်းလိုင်းကို တရားစွဲဖို့ ပြင်ဆင်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချီကာဂိုလေဆိပ်မှာ United Airlines ယူနိုက်တက်လေကြောင်းလိုင်း လေယဉ်ပျံပေါ်က ဒရွတ်တိုက်ဆွဲချခံခဲ့ရတဲ့ ခရီးသည် အသက် ၆၉ နှစ်ရှိ ဗီယက်နမ်လူမျိုး ဆရာဝန် David Dao ဒေးဗစ် ဒေါင် ရဲ့ အကျိုးဆောင်ရှေ့နေက လေကြောင်းလိုင်းကို တရားစွဲဖွယ်ရှိကြောင်း မနေ့က ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

မိမိရဲ့ အမှုသည်ကို ခရီးသည်ပိုမိုတင်ခဲ့တဲ့ လေကြောင်းလိုင်းက အနိုင်ကျင့်ခဲ့ကြောင်း၊ ခရီးသည်တဦးကို ခုလို အင်အားအလွန်အကျွံ သုံးပြီး လေယဉ်ပေါ်က နှင်ထုတ်ဖို့ ဥပဒေက ခွင့်မပြုကြောင်း ပြောပါတယ်။

လုံခြုံရေးတွေ လေယဉ်ပေါ်က အဓမ္မဆွဲချခဲ့မှုကြောင့် ဆရာဝန် ဒေးဗစ် ဒေါင် ဟာ နှာခေါင်းရိုးနဲ့ ရှေ့သွား ၂ ချောင်းကျိုးသွားခဲ့ပြီး ဦးခေါင်းနာကျဉ်မှုဝေဒနာတွေ အပြင်းအထန်ခံစားနေရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ရှေ့နေ ၂ ဦးက အမှုနဲ့ပတ်သက်တဲ့ အထောက်အထားတွေကို လေကြောင်းကုမ္ပဏီနဲ့ ချီကာဂိုမြို့အာဏာပိုင်တွေထံက ရယူလိုကြောင်း အီလီနှိုင်ပြည်နယ်တရားရုံးကို မနေ့က လျှောက်ထားခဲ့ပါတယ်။

သူတို့တောင်းခံတဲ့ အထောက်အထားတွေထဲမှာ လေယဉ်မှူးတွေရဲ့ ပြောဆိုစကား မှတ်တမ်းတင်အသံဖိုင်နဲ့ ဗီဒီယိုမှတ်တမ်းတွေ ပါဝင်ပါတယ်။

နာမည်ကျော် ရှေ့နေတဦးကတော့ လေကြောင်းလိုင်းက လူတွေ ဥာဏ်အမျှော်အမြင်ကြီးမယ်ဆိုရင် ဒီအမှုကို အမြန်ဆုံးကြေအေးအောင် ဆောင်ရွက်မှာပဲလို့ ပြောပါတယ်။ တခြားရှေ့နေတဦးကလည်း လူထုရဲ့ရှုံ့ချမှုပြင်းထန်လှတဲ့အတွက် အမှုက မစခင်ကတည်းက ရှုံးနပါပြီ၊ လေကြောင်းလိုင်းအနေနဲ့ လျှော်ကြေးငွေ ရက်ရက်ရောရော ကမ်းလှမ်းပြီး အမှုကို မြန်မြန်ပြီးအောင် ရှင်းရမယ့်ကိန်းပဲလို့ ပြောပါတယ်။ RFA

No comments:

Post a Comment