Latest News

Thursday, April 13, 2017

နျူကလီးယားစမ်းသပ်မှု ထပ်မံပြုလုပ်ရန် မြောက်ကိုရီးယား အသင့်အနေအထားတွင် ရောက်ရှိနေ

နျူကလီးယားစမ်းသပ်မှု ထပ်မံပြုလုပ်ရန် မြောက်ကိုရီးယား အသင့်အနေအထားတွင် ရောက်ရှိနေ


မြောက်ကိုရီးယား နျူကလီးလားစမ်းသပ်ကွင်းတခုဖြစ်သည့် Punggye-ri သည် ခြောက်ကြိမ်မြောက် စမ်းသပ်မှုအတွက် အသင့်အနေအထားတွင်ရောက်ရှိနေကြောင်း မြောက်ကိုရီးယား စောင့်ကြည့်ရေးအဖွဲ့ 38 North က ဧပြီ ၁၃ ရက်တွင် သတိပေးထားသည်။

“ပြီးခဲ့တဲ့ ရက်သတ္တခြောက်ပတ်အတွင်း လှုပ်ရှားမှုတွေအရ စမ်းသပ်မှုလုပ်ဖို့ နောက်ဆုံးအဆင့်မှာ ရောက်ရှိနေပုံရပါတယ်”ဟု အဆိုပါအဖွဲ့မှ ဂျိုးဆက်ဘာမြူးဒက်ဇ်က ပြောသည်။

မြောက်ကိုရီးယားသည် အာရုံကြောကို ထိခိုက်စေသည့် ဆယ်ရင်(Sarin) ဓါတ်ငွေ့များပါ ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သော သီတင်းပတ်အတွင်းက သတိပေးပြောကြာခဲ့ပြီးနောက် ယခု ခန့်မှန်းချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။


ဂြိုလ်တုမှတဆင့်ရိုက်ကူးသော ပုံရိပ်များတွင် မြောက်ကိုရီးယားအနေဖြင့် ယခင်နျူကလီးယားစမ်းသပ်မှုများ မပြုလုပ်မီတွင် တွေ့ရှိရသည့်အနေအထားများနှင့်နှိုင်းယှဉ်၍ ဆင်တူမှုအနေအထားများကို ဂျိုးဆက်ဘာမြူးဒက်ဇ်နှင့် လေ့လာသုံးသပ်သူများက တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်သည်။

ဂျိုးဆက်ဘာမြူးဒက်ဇ်နှင့် လုပ်ဖော်ကိုင်ဖက်များသည် ၂၀၁၆ စက်တင်ဘာကပြုလုပ်ခဲ့သည့် နျူကလီးယားစမ်းသပ်မှုများကို တိတိကျကျ ကြိုတင်ခန့်မှန်းနိုင်ခဲ့သည်။ အဆိုပါ နျူကလီးယားစမ်းသပ်ကွင်းတွင် လုပ်ငန်းများ လျင်မြန်သွက်လက်စွာ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် စက်ယန္တယားသစ်များ ရောက်ရှိလာခြင်း၊ မြေအောက်စမ်းသပ်ကွင်းအနီး မြေတူးဖော်ခြင်း၊ ရေသွင်းခြင်းများ လုပ်ဆောင်နေသည်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ၎င်းတို့က သတိပေးထားခဲ့သည်။

“ပုံရိပ်တခုနဲ့တခုအကြား ဘာတွေ ကွာခြားသွားသလဲဆိုတာကို ကျွန်တော်တို့က ဆန်းစစ်ပါတယ်။ အခုရရှိတဲ့ပုံရိပ်တွေနဲ့ လွန်ခဲ့တဲ့ သုံး၊ လေးလအတွင်းကရိုက်ကူးထားတဲ့ပုံရိပ်တွေ ဘာကွာသွားသလဲ ဘာတွေဖြစ်နေပြီလဲဆိုတာကို နှိုင်းယှဉ်ပါတယ်”ဟု ၎င်းက ပြောသည်။

ယခုလတ်တလော ရိုက်ကူးရရှိသောပုံရိပ်များတွင် မြေတူးဖော်ခြင်း၊ ရေသွင်းခြင်းလုပ်ငန်းစဉ်များ ရပ်တန့်သွားသည့်အရိပ်အယောင်များတွေ့ရှိရသဖြင့် စမ်းသပ်မှုပြုလုပ်ရန် အသင့်အနေအထားသို့ ရောက်ရှိနေသည်ကို ညွှန်းဆိုနေကြောင်း ၎င်းက ပြောသည်။

မြောက်ကိုးရီးယားသည် နျူကလီးယားစမ်းသပ်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ကင်မ်ဂျုံအန်းလက်ထက်တွင် သုံးကြိမ် စမ်းသပ်ခဲ့သည်။

“အမေရိကန်ရဲ့ တားဆီးစွက်ဖက်မှုတွေကို ဟန့်တားနိုင်ဖို့နဲ့ ကင်မ်အစိုးရရဲ့ အာဏာတည်မြဲရေးအတွက် နျူကလီးယားသည်သာ တခုတည်းသောလမ်းလို့ မြောက်ကိုရီးယားက ရှုမြင်တယ်”ဟု ဘာမြူးဒက်ဇ်က ပြောသည်။

ဆီးရီးယားလေယာဉ်ကွင်းများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အမေရိကန် ရေတပ်သင်္ဘောများ အာရှမြောက်ပိုင်းသို့စေလွှတ်ခြင်းအစရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်များသည် မိမိတို့နိုင်ငံအတွက် နျူကလီးယားအစီအစဉ် အရေးကြီးသည်ကို ပြသနေကြောင်း မြောက်ကိုရီးယား အစိုးရအရာရှိများက ပြောသည်။

Ref;CNN
News Watch

No comments:

Post a Comment