Latest News

Friday, April 28, 2017

ပြောတော့မိုး ထိုးတော့မြေကြီး

ပြောတော့မိုး ထိုးတော့မြေကြီး

မပြောသေးဘူး၊ကြည့်နေတယ်ဆိုတာဖေ့စ်ဘွတ်ခ်သုံးသူတွေဆီက လာတဲ့စကားလို့ ထင်သဗျ။ဘယ်ကလာတဲ့ စကားလုံးပဲဖြစ်ဖြစ် ဒီစကားလုံးကို ဘစီလက်တွေ့ကျင့်သုံးခဲ့တာ တစ်နှစ်ရှိသွားပြီ။ ပြောရရင် ကျုပ်တို့ရဲ့အရပ်သားဒီချုပ်အစိုးရရဲ့ သက်တမ်းနဲ့အမျှဆိုတာပေါ့ဗျာ။ သဟာကြောင့် ဟောဒီ ဘစီကိုလည်း လူတချို့ကဝေဖန်ကြသဗျ။ ဘစီဟာငကြောက်ကြီးပါ။ မေမေ့သားတွေထဲကမှ ထူးမခြားနားတဲ့ သားတစ်ကောင်ပါ။ အရင်အစိုးရတုန်းကကျ ထောင်းလမောင်းထအောင် ဝေဖန်ခဲ့ပြီး အခုမေမေ့တို့ အစိုးရကျမှ နှာစေးနေသလေး ဘာလေးနဲ့။ ပြောရရင်ကျုပ်ကို မကြည်ကြဘူးပေါ့ဗျာ။


ဘစီတို့က သတင်းစာသမား ပါခင်ဗျ။ မမြင်မတော် ဆင်တော် နဲ့ ခလောက်တွေ တွေ့ရင် မ ထောက်မညှာ မှန်ရာရေးမဟဲ့ ဆိုတဲ့ သွေးကတော့ နည်းနည်းမှ မကြောင်ဘူးဗျာ။ နို့ပေတဲ့ သိတယ်မဟုတ်လား။ အခု အစိုးရဆိုတာ က ကျုပ်တို့တစ်သက်မှာ ရှားရှား ပါးပါး ကျုပ်တို့ ဆန္ဒမဲပြားများနဲ့ တက်လာတဲ့ အစိုးရကိုးဗျ။ ဆို တော့ကာ ကျုပ်တို့က ဗေထိပွဲဦး ထွက်ကတည်းက မမြင်မတော် တာရှိပေတဲ့ ပြောလို့မကောင်းဘူး လေ။ အနည်းဆုံးတစ်နှစ်လောက် စောင့်ကြည့်ဦးမှ။


 ဒါကို သွေးကြောင်တယ် ပြောလည်း မတတ်နိုင်ဘူး။ ဘစီ တို့က ကိုယ့်အဓိဋ္ဌာန်နဲ့ ကိုယ်ပဲ။ ဘာအဓိဋ္ဌာန်လဲဆိုတော့ ကျွန် တော်မောင်ဘစီသည် အရင်က အစိုးရကို အလွန်အင်မတန် ဝေ ဖန်ခဲ့ပါသည်။ ယခု မိမိမဲပေးခဲ့ သော အစိုးရကို တစ်နှစ်တိတိ စောင့်ကြည့်ကာ ဘာမှမပြောဘဲ ဝစီပိတ် ကလောင်ဘေးချိတ် အ သာတိတ်တိတ်လေးနေပါမည်။ ဤမှန်သော သစ္စာစကားများ ကြောင့် အစိုးရသစ်သည် လုပ်မှား ကိုင်မှားရှိသော်ငြားလည်း သူ့အ မှားသူသိ၊ သူ့အမှား သူမြင် အမှန် ကို ပြင်နိုင်ပါစေသား။ ဒါပဲဗျ။ နို့ ပေတဲ့ ဘစီရဲ့သစ္စာက မတည် ကြည်လေတော့ အဓိဋ္ဌာန်က မပြည့်ဝရှာဘူး။ အစိုးရသစ်မှာ ပြောစရာတွေက များပါဘိသနဲ့။

ဒီတော့လည်း ဘစီဟာ တစ် နှစ်တိတိ မပြောသေးဘူး။ ကြည့် နေခဲ့ပေတဲ့ အခု တစ်နှစ်ပြည့်လို့ တစ်နှစ်နဲ့ တစ်လရှိပြီဆိုတော့ အရင်လိုပဲ မြင်တာတွေ ပြောတော့ မယ်။ အရင်ဆုံးစပြောချင်တာက တော့ ကျုပ်တို့ ရန်ကုန်မြို့သူမြို့ သားတွေကို နေ့စဉ်နဲ့အမျှ အဆင် မပြေဖြစ်စေတဲ့ ဝိုင်ဘီအက်စ် (YBS) ကနေ စပြောမယ်။ လူ တော်တော်များများလည်း အခုနေ အခါမယ် ဒီကိစ္စနဲ့ပတ်သက်လို့ အင်မတန်မှ ဝေဖန်ပြောဆိုနေကြ ပါတယ်။ ပြောလည်း ပြောပြောရှိ တာပါပဲ။ အမှားကို မြင်လို့ ပြင်တာမျိုးတော့ မရှိသေးပါဘူး။

ဝိုင်ဘီအက်စ်ရဲ့ မင်းသား ကြီးကတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းပေါ့ခင်ဗျာ။ အမှန်တော့ ဝိုင် ဘီအက်စ်နဲ့ပတ်သက်ရင် သူ့ချည်းပဲ လက်ညှိုးထိုးနေကြတာက တော့ မဟန်ဘူးပေါ့လေ။ ပြောကြကြေးဟေ့ဆိုရင် သူနဲ့တကွ သူဦး ဆောင်နေတဲ့ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရတစ်ဖွဲ့လုံးမှာ ဒီကိစ္စ တာဝန်ရှိတာပါပဲ။ နို့ပေတဲ့ သူက ဝန်ကြီးချုပ်ဆိုတော့ ခေါင်းခံရပေ မပေါ့။ သူက အလုပ်တော့ တော် တော်လေး လုပ်ရှာပါတယ်။ နို့ပေ တဲ့လုပ်သမျှ လူပြောစရာချည်း ဖြစ်နေတာကတော့ သူ့ရဲ့ သူမတူ တဲ့ အကျိုးပေးပေါ့လေ။ ဒီလိုအ ကျိုးပေးသန်ဖို့ ဆိုတာကလည်း နှယ်နှယ်ရရ အရည်အချင်းမဟုတ် ပေဘူးဗျ။

ဝိုင်ဘီအက်စ်စပြောင်းမယ် ဆိုတော့ ရက်ပိုင်းကလေးကပ်ပြီး လူတွေကို အသိပေးတယ်။ ရက် ကပ်ပြီးမှ သိရတော့ ဘာမှ လုပ်မ ရဘူး။ ပြောင်းတာကောင်းတယ်။ ဒါပေသိ ဘယ်လိုပြောင်းမှာလဲဆို တာကျတော့ လူတွေက ဘူးလုံး နားမထွင်း မရှင်းမလင်းခင်ဗျ။ ဆိပ်ကမ်းမှာပဲ ဘတ်စ်ကားသစ် ကြီးတွေ ရောက်နေပြီလိုလို၊ နိုင်ငံတကာ ပညာရှင်တွေနဲ့ပဲ အတွင်း ကျိတ် တိတ်တဆိတ် သုတေသန ပြုစီမံထားပြီးပြီလိုလို၊ ဝိုင်ဘီအက်စ်စပြေးဆွဲတဲ့နေ့မှာပါ ဘတ်စ်ကား တွေက အဆင်ပြေလွန်းလို့ အိပ် မက်ကမ္ဘာထဲပဲ ရောက်တယ်လို့ ထင်ရတော့မှာလိုလို ဘာလိုလိုနဲ့ ကျုပ်တို့မှာ ဝိုင်ဘီအက်စ်ဘတ်စ် ကားတွေ စပြေးဆွဲမယ့်နေ့ ညမှ အိပ်မရဘူး။

တတ်သိနားလည်တဲ့သူများ ကတော့ ပြောကြပါသေးတယ်။ မထသကနေ ဝိုင်ဘီအက်စ်ကို ပြောင်းတာကဖြင့် ဟုတ်ပါပြီ။ နို့ ပေတဲ့ အချိန်ယူသင့်တယ်။ အခု က လေးငါးရက်ကပ်ပြီးမှ ပြော တော့ ဘာမှ ပြင်ချိန်ဆင်ချိန်မရှိ ဘူး။ နို့ပေတဲ့ ပြောလည်း ပြောတာ ပဲ အဖတ်တင်ပါတယ်။ အားလုံး ပြင်ပြီး ဆင်ပြီးသားတဲ့။ ကဲကွာ၊ ပြင်ပြီးသားဆိုလည်း ထား။ ဝိုင်ဘီ အက်စ်စပြောင်းမယ့်နေ့ကိုတော့ တနင်္လာရုံးဖွင့်ရက်စမှာထက် လူ အများ အသွားနည်းတဲ့ တနင်္ဂနွေ မှာ စမ်းသပ်ပြောင်းလဲကြည့်ပါဆို တော့လည်း အန်ကယ်တို့ကနိုးပဲ။

အပြောင်းအလဲကို အင်မ တန်မှ လိုချင်ရှာကြတဲ့ ပြည်သူ တွေထဲက ပြည်သူတချို့ကလည်း  ဝိုင်ဘီအက်စ်စတဲ့နေ့မှာ ခရီးသွား ပြည်သူတွေ အဆန်းအသစ်ဖြစ် နေရင် ဘယ်သွားချင် ဘယ်ကားစီးလမ်းညွှန်ပေးဖို့ စေတနာ့ဝန်ထမ်း အဖြစ် စာရင်းပေးကြတာလည်း နည်းရောလား။ အနှီစေတနာ့ဝန် ထမ်းတွေအတွက် အကျွေးအမွေး ကိုလည်း ငွေကြေးတတ်နိုင်သူများ က ဒကာခံကျွေးကြသေးဗျ။ အား လုံးတက်ညီလက်ညီ တစ်တပ်တစ် အားကူခဲ့ကြတာကလား။ အခုပြန် တွေးကြည့်တော့ ကျုပ်တို့ပြည်သူ တွေက သနားစရာ အတော် ကောင်းသဗျ။ စိန်နားကပ်ကြီး ပန်ရမလိုဆိုတဲ့ သီချင်းတောင်မှ သတိရပါသေးရဲ့။

လားလား... စလည်း စရော ဘယ်မှာလဲ ကားအသစ်ကြီးတွေ။ အရင် မထသ ဆိုတဲ့နေရာမှာ ဝိုင် ဘီအက်စ်ဆိုတာကို ညတွင်းချင်း မှုတ်ဆေးနဲ့ မှုတ်ပြီး ပြောင်းရေး တာပဲ။ တချို့ကားတွေများ အနှာ လိုတောင် ပြောင်းရေးချိန်မရလို့ မထသဆိုတဲ့ စာလုံးပေါ်မှာ ဗီနိုင်း နဲ့ ဝိုင်ဘီအက်စ်စာတန်းကပ်ပြီး လမ်းပေါ်ထွက်ကြတာ တကယ့် ကိုမှ ဗြုတ်စဗျင်းတောင်း မြင်မ ကောင်းဘူး။ နို့ပြီး ဘတ်စ်ကားစီး မယ့်သူတွေခမျာလည်း ကိုယ်သွားနေကျ နေရာ ဘယ်ကားစီးလို့ ရောက်မယ်မှန်းလည်း မသိတော့ ဘူး။ ကိုယ်တစ်ခါမှ မရောက်ဘူး တဲ့ မြို့တော်ကြီးမှာ ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့သူတွေလို မျိုး မျက်စိတွေ လည်လို့ဗျာ။ ပြီး တော့ ကားစီးရေ မလောင်ငလို့ ဘတ်စ်ကားတိုးစီးရတာ အရင် မထသထက်တောင်မှ ဆိုးနေ သေးတယ်။ ဒါပေမဲ့ ဟောဒီ ကျုပ် တို့ရဲ့သနားစရာပြည်သူလူထုဟာ မကြာခင် ကောင်းသွားမှာပါ၊ ကောင်းသွားမှာပါပဲ ထင်ခဲ့ပါ တယ်။ သားသမီးယုံလို့ စုံလုံးကန်း ကြရတဲ့ မိဘပြည်သူများ ဆိုပါ တော့ဗျာ။

ပြောတာပဲ။ သုံးရက်အတွင်း မှာ ဝိုင်ဘီအက်စ်ဟာ ပုံမှန်ဖြစ် သွားမတဲ့။ သုံးရက်မပြောနဲ့ အခု သုံးလကျော်တဲ့အထိ ဝိုင်ဘီ အက်စ်က အဆင်မပြေဘူး။ ပြောင်းတယ်ဆိုပေတဲ့ အရင်လိုပဲ။ အရင်လိုဖြစ်မှာပေါ့။ အရင်က ကား၊ အရင်က ဒါရိုက်တာ၊ အရင်က စပယ်ယာနဲ့ အရင်က ခရီးသွားပြည်သူများပဲကိုးဗျ။ ပြောင်းတာ က ပိုမကောင်းတဲ့အပြင် အရင် ထက်တောင်မှ ဆိုးနေသေးတယ်။ ဒါဟာ အခုအခါ အားလုံးသိနေပြီး သား စိတ်ဆင်းရဲစရာအတွေ့အ ကြုံတွေဖြစ်လို့ အကျယ်မပြော တော့ပါဘူး။ ပြောလည်း မပြော ချင်ဘူး။ စိတ်နာလို့ပါ။

ဝိုင်ဘီအက်စ်နဲ့ပတ်သက် ရင် ကျုပ်တို့ကတော့ နားရွက် တံတွေးဆွတ်ခံရတယ်လို့ပဲ မှတ် သဗျာ။ ဟုတ်သလေ။ တိုင်းဒေသ ကြီးအစိုးရပြောပုံက အင်မတန် ဆိုးရွားလှတဲ့ မထသစနစ်ကနေ ပိုပြီး ကောင်းမွန်ပြီး လူဆန်ဆန်နဲ့ ဘတ်စ်ကားစီးရမယ့် စနစ်ကို ပြောင်းမှာ၊ ပြောင်းတာ ဆိုသကိုး။ လေအေးပေးစက်ပါတဲ့ ကားကြီး တွေစီးရမယ်။ စပယ်ယာမပါသမို့ အအော်အငေါက် မခံရဘူး။ ဘတ်စ်ကားတွေကလည်း ချောင် လွန်းလို့ ဝါသနာတာပါရင် ဇာတ် ပွဲတောင် ခေါ်ကခိုင်းလို့ ရမယ် ဘာညာ။ ကျုပ်တို့ကို အဲသလို ပြောတော့ ကျုပ်တို့ကလည်း ယုံ တာပေါ့။ အပြောင်းအလဲကို လို ချင်တယ်လေ။ ဒါပေတဲ့ အပြောင်းအလဲဟာ မကောင်းတဲ့ဆီက ပိုမ ကောင်းတဲ့ဆီကို ပြောင်းတာပဲ ဆိုတာ ကျုပ်တို့ဟာ အခု ဝိုင်ဘီ အက်စ်သက်တမ်း သုံးလလောက် ရှိချိန်ကျမှ ကျောချတာက ဓားပြ မှန်းသိတာ။ ဒါကြောင့် ဘစီတို့ ပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် သနားသင့်ကြပါတယ်။

အခု ဝိုင်ဘီအက်စ်ကိစ္စအ ဆင်မပြေ မချောမမွေ့တာတွေ ကို သုံးလပြည့်ခဲ့ပြီမို့ လွှတ်တော် မှာ သုံးသပ်ဆွေးနွေးကြမယ်ဆိုတဲ့ အခါ ကျုပ်တို့ရဲ့ဝိုင်ဘီအက်စ်မင်း သားကြီး ဦးဖြိုးမင်းသိန်းက ကိုယ် တိုင်မကြွဘူး။ တခြားနိုင်ငံ့တာဝန် တွေ ထမ်းရဦးမှာဖြစ်လို့ အဲဒီတစ် နေ့အတွက် ခွင့်တိုင်ပါသတဲ့။ သ တင်းတွေထဲမှာက သို့ကလို လွှတ် တော်ကို လာဖို့ ခွင့်တိုင်ကြားပေ တဲ့ ဝိုင်ဘီအက်စ်ရဲ့ဇာတ်လိုက် မင်းသားကြီး ဦးဖြိုးမင်းသိန်းဟာ ပြည်ပခရီးက ပြန်လာတဲ့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူကို မင်္ဂလာဒုံလေဆိပ်မှာ သွားကြိုပါ သတဲ့ဗျာ။ ကောင်းပါတယ်။ ကောင်းပါတယ်။

အများပြည်သူအတွက် အ ရေးကြီးတဲ့ ဝိုင်ဘီအက်စ်ကိစ္စ လွှတ်တော်မှာ မေးကြ ဖြေကြ၊ ဆွေးနွေးကြမယ့်နေ့မှာ တိုင်းဒေသကြီး အစိုးရရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးက ခွင့်တိုင်ကာ မလာဘူးဆိုတော့ ကျုပ်တို့ရန်ကုန်မြို့ရဲ့ သွားရေးလာရေးအတွက် ဝိုင်ဘီ အက်စ်ဟာ မကြာခင်မှာ အားလုံး ကောင်းသွားတော့မှာပါ။ ဘတ်စ် ကားသစ်တချို့တော့ အခု စဆွဲ နေပြီ။ နို့ပေတဲ့ပြောခဲ့သလို လူတွေ က အရင်အချိုးအတိုင်းဆိုတော့ ဆိုးမြဲဆိုးလျက်ပါပဲ။

ကိုင်း စာဖတ်ပရိသတ်ကြီး ရေ... ဝိုင်ဘီအက်စ် ဘယ်လောက် ပေါက်သလဲ မမေးနဲ့။ ဦးဖြိုးမင်း သိန်းက ရန်ကုန်သယ်ယူပို့ဆောင် ရေးစနစ်လည်း လုပ်ရော ဘစီတို့ ရပ်ကွက်ထဲမှာ ဝိုင်ဘီအက်စ် (Yangon Beauty Saloon) ဆိုပြီး အလှပြင်ဆိုင်တစ်ခု ပေါ်လာ တော့တာပဲ။ ဦးဖြိုးမင်းသိန်းတို့ တိုင်းဒေသကြီးအစိုးရရဲ့ ဝိုင်ဘီ အက်စ်က မအောင်မြင်ပေတဲ့ ကျုပ်တို့ရပ်ကွက်ထဲက ဝိုင်ဘီ အက်စ်ကတော့ အမျိုးသား၊ အမျိုးသမီး ကြိတ်ကြိတ်တိုးပဲ။ ခေါင်း လျှော်တဲ့ ကလေးမတွေက စေတ နာပါသတဲ့။ ပြောကြတာပဲ။

ဘာပဲဖြစ်ဖြစ် ဦးဖြိုးမင်းသိန်းတို့ရဲ့ ဝိုင်ဘီအက်စ်က ပြောတော့ မိုးထိုးတော့ မြေကြီးဖြစ်နေတာ လက်တွေ့ပဲ။ ဘယ်လို ကုစားမလဲ ဆိုတာလည်း အခုထိ ဆေးဖော်လို့ မရသေးဘူး မှတ်တယ်။ ဒီတော့ ဘာတတ်နိုင်မှာလဲ။ ဥစ္စာကံပေး မရသေး ပူဆွေးဗျာပါ မရှိရာတဲ့။ ဝိုင်ဘီအက်စ်တွေ အဆင်မပြေ သေး ဦးဖြိုးမင်းသိန်းကို မေတ္တာပို့ပါ။ ဒါပဲရှိတယ်။ ပေါက်ပြီးသား နဖူး မထူးတော့ဘူး။

(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်ပါသည်)

(7Day News)

No comments:

Post a Comment