Latest News

Thursday, March 2, 2017

ကျီးကန်းပြင်တွင် အမည်းရောင်မျက်နှာဖုံးစွပ် လူ ၄ ဦးက ဆယ်အိမ်မှူးဟောင်းကို သတ်ဖြတ်

ကျီးကန်းပြင်တွင် အမည်းရောင်မျက်နှာဖုံးစွပ် လူ ၄ ဦးက

ဆယ်အိမ်မှူးဟောင်းကို သတ်ဖြတ်

မာင်တောမြို့နယ်၊ ကျီးကန်းပြင်တောင်ရွာမှာ မတ်လ ၁ ရက်နေ့ ညသန်းခေါင်ကျော်က မျက်နှာဖုံးအမည်းရောင်စွပ်ထားတဲ့ လူလေးဦးက ဆယ်အိမ်မှူးဟောင်းဖြစ်သူ နေအိမ်မှာ အိပ်နေစဉ် လာရောက်ခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

မတ်လ ၁ ရက်နေ့ ညသန်းခေါင် ၁၂ နာရီလောက်မှာ ကျီးကန်းပြင်တောင်ရွာမှာနေတဲ့ နူရ်ကာရင် (အသက် ၃၅)နှစ်ဟာ နေအိမ်မှာအိပ်နေစဉ် အမည်းရောင် မျက်နှာဖုံးစွပ်ထားတဲ့ လူလေးယောက် ရောက်ရှိလာပြီး ခေါ်ဆောင်သွားတဲ့အချိန်ကတည်းက မိုးလင်းတဲ့ထိ နေအိမ်ကို ပြန်မရောက်တော့ပဲ မနက်စောစော ၆ နာရီလောက်မှ ရွာတောင်ဘက် ဘယ်ကွင်းထဲမှာ အလောင်းကို တွေ့ရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

နူရ်ကာရင်ရဲ့ ရင်ညွန့်တည့်တည့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲနဲ့ ယာဘက် ရင်အုံထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ဝဲဘက်ဆီးခုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါး ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံ ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်သန်း ပြတ်ဒဏ်ရာ ၁ ချက်တို့ရရှိထားပြီး လယ်ကွင်းထဲမှာ ပက်လက် အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။

သတ်ဖြတ်ခံရမှုကို ဇနီးဖြစ်သူ နူရ်ဘေဂေါမ်က တရားလိုလုပ်တိုင်တန်းထားပြီး ပြင်ဖြူနယ်မြေရဲစခန်းက (ပ) ၁၁/၂ဝ၁၇၊ ပုဒ်မ ၃ဝ၂ နဲ့ အရေးယူထားတယ်လို့ သိရှိရပါတယ်။

မောင်တောမြို့နယ်ထဲမှာ မကြာခဏ လူသတ်မှု၊ လူပျောက်မှုတွေဖြစ်ပွားနေပြီး မွတ်စလင်ရွာတွေမှာပဲ အများဆုံးဖြစ်ပွားနေတာပါ။ လူသတ်မှု အများစုမှာ တရားခံမမိပဲ သတ်ဖြတ်ခံရသူအများစုမှာလည်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူ၊ သို့မဟုတ် ထမ်းဆောင်ခဲ့ဖူးသူများသာ ဖြစ်ကြ ပါတယ်။

၂ဝ၁၆ အောက်တိုဘာလ ၅ ရက်နေ့က ၂ဝ၁၇ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ သတ်ဖြတ်ခံရသူ ၁၃ ဦး၊ ဒဏ်ရာရသူ ၂ ဦး နဲ့ ပျောက်ဆုံးသူ ၉ ဦးရှိပြီး ၄ ဦးကို ပြန်တွေ့ခဲ့တဲ့အတွက် ၅ ဦးပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ – ကိုအောင်

DVB

No comments:

Post a Comment