Latest News

Friday, February 17, 2017

NLD လွှတ်တော်ကိုယ်စားလှယ်အများစု နောက်ယောင်ခံ ထောက်လှမ်း ခံနေရဟုဆို

NLD လွှတ်တော်ကိုယ်စားလှယ်အများစု နောက်ယောင်ခံ ထောက်လှမ်း ခံနေရဟုဆို


NLD လွှတ်တော်ကိုယ်စားလှယ်အများစုသည် နောက်ယောင်ခံ ထောက်လှမ်းစုံစမ်းမှုများနှင့် ရင်ဆိုင်နေရကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးကပြောသည်။

ဦးမောင်မောင်ဦးသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန်တွင် နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံစမ်း ထောက်လှမ်းခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံ  ရယူခြင်းတို့ ဆောင်ရွက်နေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့် တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ တာဝန်ပေးထားခြင်းရှိ၊ မရှိ သိလိုကြောင်း မေးခွန်းတရပ် မေးမြန်းခဲ့ပြီး ရွေးကောက်ပွဲကိစ္စ ဖြင့် ဖေဖော်ဝါရီ ၁၃ ရက်၌ ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်သို့ရောက်ချိန်တွင် ဒုတပ်ကြပ်အဆင့်ရှိ စရဖတဦးက လာရောက် ဓာတ်ပုံခိုးရိုက်ခံခဲ့ရကြောင်း သိရသည်။

''အခု ကျွန်တော်တို့ ရှမ်းပြည်ကို သွားတယ်။ မနေ့ (ဖေဖော်ဝါရီ ၁၂)က ပင်လုံပေါ့။ ပင်လုံကနေတဆင့် ဒီနေ့ (ဖေဖော်ဝါရီ ၁၃) ကျေးသီးကိုသွားတယ်။ ကျွန်တော်တို့ပါတီက လူကြီးတွေပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စ၊ အဲဒီက ကိုယ်စားလှယ်လောင်းနဲ့သွားတွေ့တာပေါ့။ သွားတွေ့တဲ့အခါမှာ ဒုတပ်ကြပ်နေတင်ဦး၊ စရဖက။ ကိုယ်ပိုင်နံပါတ်က ၅၁၅၇၈။ ကျွန်တော်တို့ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့တဲ့အချိန်မှာ ခိုးပြီးဓာတ်ပုံချောင်းရိုက်တယ်။ ငါတို့က အစိုးရအဖွဲ့ဖြစ်နေပြီ။ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲ။ ကျွန်တော် သူ့ကိုမေးတယ်။ ကျွန်တော် လွှတ်တော်မှာ မေးခွန်းမေးပြီး ဒီနေ့ ဖြစ်တာ။ အဲဒီလိုတွေက ရှိနေတုန်းပဲဗျ''ဟု ဦးမောင်မောင် ဦးက News Watch  သို့ ပြောကြားခဲ့ သည်။

''တာဝန်ထမ်းဆောင်တဲ့အခါမှာ အုပ်ချုပ်ရေး၊ လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့အစည်းများနဲ့ ပုဂ္ဂိုလ်တချို့ဟာ ကိုယ် စားလှယ်များရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက် ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရယူခြင်းတို့အပြင် တခါတရံမှာ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူလူထုကို ဘယ် အတွက်ကြောင့် တွေ့ဆုံခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲလို့ အမြဲလိုလို စုံစမ်းထောက်လှမ်းလျက်ရှိပါတယ်''ဟု ဦးမောင်မောင်ဦးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဦးမောင်မောင်ဦး၏ မေးခွန်းအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ ကို လိုက်လံစုံစမ်းသတင်းမေးမြန်းရယူရန် တာဝန်ပေးထားခြင်း၊ ဆောင်ရွက်စေခြင်းများမရှိကြောင်း ပြောကြားခဲ့သည်။ ''ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များကို လိုက်လံစုံစမ်းခြင်း၊ သတင်းရယူခြင်းများ မရှိပါ''ဟု ဗိုလ်ချုပ် အောင်စိုးက ပြောကြားခဲ့သည်။

NLD လွှတ်တော်ကိုယ်စားလှယ်အများစုက နောက်ယောင်ခံသတင်းးရယူ စုံစမ်းမှုများနှင့် ရင်ဆိုင်နေရကြောင်း ပြော ကြားသည်။
တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျာ်ဟိန်းက ''ကျွန်တော်တို့အပေါ် သတင်းယူတာတော့ရှိတယ်ဗျ။ ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေတဲ့ အနေ အထားတော့ မရှိဘူးပေါ့။ ကျွန်တော်တို့ မြို့နယ်မှာတော့ အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော်ကြားတာက တချို့မြို့နယ်တွေ မှာ သတင်းယူတဲ့နေရာမှာ ကိုယ်စားလှယ်တွေ စိတ်အနှောင့်အယှက်ဖြစ်တာတွေ၊ ပြီးတော့ သတင်းအမေးခံရတဲ့လူတွေ အဆင်မပြေတာတွေနဲ့ ကြုံတယ်လို့တော့ ကြားပါတယ်'' ဟု ပြောကြားခဲ့သည်။

ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း လူထုနှင့် တွေ့ဆုံချိန်တွင် တချိန်လုံးလိုက် ပါသတင်းရယူမှုများရှိနေကြောင်း ထောက်ခံပြောကြားသည်။
''ကျွန်မတို့သွားတဲ့အချိန်မှာ ဘယ်နေရာရောက်ပြီ။ လူဦးရေ ဘယ်လောက်ရှိတယ်။ ဘယ်သူတွေတက်တယ်ဆိုတာတွေကို တချိန်လုံး သတင်းပို့နေတယ်လို့ ကျွန်မတို့ သိရတယ်။ လုံခြုံရေးဆိုရင်တော့ ကျွန်မတို့သဘောတူတယ်ပေါ့လေ။ သို့သော် လုံခြုံရေးအကြောင်းပြပြီး ဘယ် ရောက်နေပြီ။ အစည်းအဝေးဘယ်မှာ လုပ်တယ်။ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုပြီး သတင်းပို့နေတာတွေကိုတော့ ကျွန်မတို့ သဘောမတူဘူး''ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ (AMP) မှ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကမူ ထိုအခြေအနေများ ကြုံတွေ့ရခြင်းမရှိကြောင်း ပြောကြားသည်။ ''ကျွန်တော်တို့ မကြုံဘူး။ တခြား ကိုယ်စားလှယ်တွေဆီကလည်း မကြားမိ ဘူး။ အထူးသဖြင့် တကယ်လို့ အဲဒီလိုသာ လုပ်မယ်ဆိုရင် တိုင်းရင်းသားအမတ်တွေပဲ ဖြစ်မှာပေါ့။ တိုင်းရင်းသားအမတ်တွေဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါတဲ့ အဖွဲ့ တွေနဲ့ တစုံတရာဆွေမကင်း၊ မျိုးမကင်း၊ တပည့်၊ သားမိ ဘာညာရှိကြတယ်ပေါ့။ အဲဒီ NLD အမတ်တွေက ဘာမှ ကြုံစရာမရှိပါဘူးဗျာ''ဟု ဦးဦးလှစောက ပြောကြား ခဲ့သည်။

မင်းထင်

NewsWatch

No comments:

Post a Comment