Latest News

Sunday, February 12, 2017

ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းပင်လုံစာချုပ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းပင်လုံစာချုပ်

ဦးဝမ်ကိုဟော (ပင်လုံစာချုပ်တွင် ပါဝင်သူ)

ပထမတွင် မြန်မာတို့၏ လွတ်လပ်ရေးအောင်ပန်းကို မြန်မာပြည် နှစ်ခြမ်းကွဲပြီးမှ ဆွတ်လှမ်းနိုင်မည်ကဲ့သို့လည်းကောင်း၊ မြန်မာပြည်အကျယ်အဝန်း၏ ၄၇ ရာခိုင်နှုန်းရှိသော နယ်ခြားဒေသတို့သည် ဗြိတိသျှတို့၏ လက်အောက်တွင် ရာသက်ပန် နေရလိမ့်မည်ဟုလည်းကောင်း ထင်မှတ်ကြရပေသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှ အစိုးရနှင့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုပြီးနောက်ပင်လုံတွင် လူမျိုးစုံကွန်ဖရင့်ကြီးကို ထမြောက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြင့် ထိုမလိုလားအပ်သည့် အဖြစ်များမှ ကင်းလွတ်ခဲ့ရပေသည်။

အဆိုပါ ကွန်ဖရင့်ကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းသည် သူနှင့် အတူ ဝန်ကြီးများ ဖြစ်ကြကုန် သော ဦးတင်ထွဋ်၊ ဆာမောင်ကြီး၊ဦးအောင်ဇံဝေနှင့် ဖဆပလမှ ဗိုလ်ခင်မောင်ကလေး (ယခုသစ်တော ရေးဝန်ကြီး)၊ ဗိုလ်သိမ်းဆွေ၊ဦးဖေခင် (ပါကစ္စတန်)၊ သခင် ဝတင်နှင့် ဗိုလ်ထွန်းလှတို့ကိုပါ တစ်ပါတည်းခေါ်ခဲ့လေသည်။

နယ်ခြားဒေသများမှ ထင် ရှားသည့် ခေါင်းဆောင်ပုဂ္ဂိုလ် ကြီးများမှာ ညောင်ရွှေစော်ဘွား ကြီး (ယခု သမ္မတကြီး)၊ ဆမားဒူး ဝါး (ကချင်ဝန်ကြီး ဖြစ်လာသူ)၊ ဦးဝမ်ကိုဟော ချင်းဝန်ကြီးဖြစ် လာသူ (ယခုနိုင်ငံခြားရေးရုံး)၊ ဒူး ဝါးဇော်လွန်း (ကချင်)နှင့် မိုင်းပွန် စော်ဘွားကြီး (ကွယ်လွန်သူ ရှမ်း ဝန်ကြီး) တို့ ဖြစ်ပေသည်။

အခြားခေါင်းဆောင်များမှာ ကချင်ဒေသမှ လဘန်ဂရောင်း (နောင်လွှတ်တော်အမတ်)၊ ဒူးဝါး ဇော်ရစ် (နောင်လွှတ်တော် အမတ်)၊ဦးဂျီးထိန်နန်းနှင့် ချင်းတောင်ဒေသမှ ဦးကျော်မန်း (နောင်လွှတ်တော်အမတ်)၊ ဦးလှိုင်းမှုံ (နောင်လွှတ်တော်အမတ်)နှင့် ဦးထောင်းဇခွတ် (ရှမ်းပြည်မှ တောင်ပိုင်းစော်ဘွား) (နောင်လွှတ်တော်အမတ်)၊ သာမိုင်းခန်းစော်ဘွားနှင့် ဦးထွန်းမြင့်တို့ ဖြစ်လေသည်။

ဆွေးနွေးပွဲကို ငယ်သော် လည်း နယ်ခြားဒေသ၏ အချက် အချာ ဗဟိုဖြစ်သော ပင်လုံမြို့က လေးတွင် သုံးရက်ကြာမျှ ကျင်းပ ကြလေသည်။ သို့ ဆွေးနွေးကြရာ တွင်လည်း ‘ဒီပလိုမေစီ’ ခေါ် နည်း ပရိယာယ်များကို မသုံးဘဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြလေသည်။ ထိုကွန်ဖရင့်ကြီးမှ ပေါက်ဖွားလာ သည့် မကြုံဖူးသည့် ညီညွတ်မှုကြီး မှာ ဗိုလ်ချုပ်၏ သန့်စင်သော စေ တနာ၊ ဖြောင့်မှန်သော လမ်းစဉ် နှင့် နယ်ခြားခေါင်းဆောင်များ၏ ရိုးသားမှုတို့အပေါ်တွင် အခြေ တည်ခဲ့လေသည်။ ဗိုလ်ချုပ်ရိုး သားပုံ သာဓကတစ်ခုမှာ တစ်နေ့ သော် သူသည် ဗိုလ်သိမ်းဆွေတို့ နှင့်အတူ ချင်းကိုယ်စားလှယ်များ ရှိရာ ဝါးတဲကလေးသို့ ရောက်လာ လေသည်။ ၎င်းတဲအတွင်းတွင် ချင်းကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင် ဦးဝမ်ကိုဟော (နောင် ချင်းဝန်ကြီး)နှင့် တွေ့ကြလေ သည်။ ဦးဝမ်ကိုဟောမှာ ဗိုလ် ချုပ်ထက် (၂)နှစ်မျှငယ်ပြီး ဂျပန် ခေတ်က တိုင်းမင်းကြီးအဖြစ် လည်းကောင်း၊ ချင်းတောင်ဒေသ ရှိ ဂျပန်ခေတ်က ချင်းကာကွယ် ရေးတပ်မတော်၏ သေနာပတိ အဖြစ်လည်းကောင်း တီးတိန်မြို့ တွင် ဆောင်ရွက်ခဲ့ပြီး ဆီးရင်း ချင်းလွတ်လပ်ရေးတပ်မတော် ခေါ် တွင်သည့် ချင်းတောင်ဒေသ တော်လှန်ရေးလုပ်ငန်းစဉ်ကို စတင် တည်ထောင်သူတစ်ဦးဖြစ်သည့် ပြင် No. 17, Indian Division နှင့် တွဲသော Chinwags ချင်းစစ် ခေါ် အာဏာပိုင်အဖွဲ့၏ အုပ်ချုပ် ရေးဗိုလ်မှူးဖြစ်လေသည်။ ၎င်းတဲ ငယ်လေးအတွင်းတွင် လူငယ် ခေါင်းဆောင်နှစ်ဦးသည် လက် ဖက်ရည်ကြမ်းတစ်ခွက်စီဖြင့် ချင်း လူမျိုးများဆန္ဒကို ပြတ်ပြတ်သား သား ဆွေးနွေးကြလေသည်။ မြန်မာပြည်မက ချင်းတောင်နယ် အုပ်ချုပ်ရေးတွင် ငွေကြေးဖြင့် ထောက်ပံ့မည်လောဟူသည့် မေး ခွန်းကို ဗိုလ်ချုပ်က ‘ဟုတ်ကဲ့’ဟု မဆုတ်မဆိုင်းနှင့် ဆိုလေသည်။ ဗမာ့တပ်မတော်တွင်းရှိ ချင်းတပ်များ၏ နောင်ရေးကိုမေးသော အခါ ဗိုလ်ချုပ်က လက်ရှိ ချင်းတပ်အားလုံးကို တည်မြဲစေမည့်အပြင် လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ သည် စွမ်းရည်သတ္တိရှိသည့် ကာ ကွယ်ရေးတပ်များ လိုအပ်သည့် အတိုင်း ဗမာတပ်များနှင့် အတူချဲ့ ရန် စဉ်းစားပါသည်ဟု ဖြေဆိုပါ သည်။ စစ်သားကောင်းများ နယ် ခြားဒေသ.. အထူးသဖြင့် ချင်း တောင်နှင့် ကချင်တောင်များမှ ထွက်ကြောင်းကို ဗိုလ်ချုပ်က အသိအမှတ်ပြုပါသည်။ နယ်ခြား ဒေသ လူမျိုးများမပါသည့် ဗမာ့ အင်အားသည် ချည့်နဲ့မည့်နည်းတူ ဗမာကင်းမဲ့သည့် နယ်ခြားဒေသ လူမျိုးများ၏ အင်အားသည်လည်း ပြောပလောက်မည် မဟုတ် ကြောင်းကို ဗိုလ်ချုပ်က နယ်ခြား ဒေသ ခေါင်းဆောင်များကို ရှင်းပြ ပါသေးသည်။ ဗမာ့အင်အားသည် နယ်ခြားဒေသ လူမျိုးများနှင့် ပူး ပေါင်းခြင်းအားဖြင့် များစွာတောင့်တင်းလာမည့်အကြောင်းနှင့် ယခု ခေတ်ကြီးတွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းလိုက်နာရန် အင် အားလိုသေးကြောင်းကိုလည်း ထပ်လောင်းပြောဆိုပါသေးသည်။ ဤမည်သော ဗိုလ်ချုပ်၏ သန့်စင် သော ရည်ရွယ်ချက်နှင့် သွယ်ဝိုက် ခြင်း ကင်းမှုတို့သည် နယ်ခြား ဒေသလူမျိုး၏ ယုံကြည်ကိုးစားမှု ကို ရယူနိုင်ခဲ့လေသည်။

ဤပင်လုံ ညီလာခံကြီးတွင် သုံးရက်တာမျှ ဆွေးနွေးတိုင်ပင် ကြပြီးနောက် စာချုပ်ကို လက်မှတ်ရေးထိုးကြလေသည်။ ‘အောင် ဆန်း-အက်တလီ’စာချုပ်က နယ် ခြားဒေသများနှင့် စပ်လျဉ်းသည့် ကိစ္စများတွင် ဘုရင်ခံကို အကြံ ဉာဏ်ပေးရန်နှင့် အစိုးရအမှု ဆောင်အဖွဲ့နှင့် အဆက်အသွယ် ရှိစေရန် နယ်ခြားဒေသမှ ကိုယ် စားလှယ်တော်တစ်ခုကို ခန့်ထား ရန် (သို့မဟုတ်) နယ်ခြားဒေသမှ ကိုယ်စားလှယ်တော်တစ်ယောက် ကို အစိုးရအမှုဆောင်အဖွဲ့တွင် နယ်ခြားဒေသဆိုင်ရာ အတိုင်ပင် ခံဝန်ကြီးအဖြစ် ခန့်ထားရန် သတ် မှတ်ခဲ့လေသည်။ နယ်ခြားဒေသ ကိုယ်စားလှယ်တော်များက မြန်မာ အစိုးရအမှုဆောင်အဖွဲ့တွင် ပါဝင်ဆောင်ရွက်ရန် သဘောတူညီကြ ပြီး ရှမ်း၊ ချင်း၊ ကချင်လူမျိုး သုံး မျိုးအတွက် ၎င်းအမှုဆောင်အဖွဲ့ တွင် သုံးနေရာတောင်းကြလေ သည်။ သို့ သုံးနေရာပေးရန် ထို အခါက မဖြစ်နိုင်ချေ။ အကြောင်း မှာ ထိုစဉ်က ၁၉၃၅ မြန်မာ့နိုင်ငံ တော် အစိုးရအက်ဥပဒေမှာ အ တည်ဖြစ်လျက် ရှိနေသေးရာ နောက်ထပ် အတိုင်ပင်ခံဝန်ကြီး တစ်နေရာသာ ပေးနိုင်တော့လေ သည်။ ထို့ကြောင့် ကျန်နှစ် ယောက်ကို ၎င်းတို့မှာ ၎င်းတို့လူ မျိုးအသီးသီး၏ ကိုယ်စားလှယ် တော်များဖြစ်လင့်ကစား ဒုတိယ အတိုင်ပင်ခံဝန်ကြီးအဖြစ်သာ ခန့် ထားနိုင်ခဲ့လေသည်။ အတိုင်ပင်ခံ ဝန်ကြီးရာထူးကို ပေးရန်အတွက် ရှမ်း၊ ချင်း၊ ကချင်လူမျိုးများ တိုင် ပင်ကြပြီး နောင်ကို ဗိုလ်ချုပ် အောင်ဆန်းတို့နှင့်အတူ လုပ်ကြံ ခြင်းခံရသူ ရှမ်းကိုယ်စားလှယ် တော် မိုင်းပွန်စော်ဘွားကြီးကို ရွေးချယ်ကြလေသည်။ ထိုစဉ်က ချင်း နှင့် ကချင်ခေါင်းဆောင်များလည်း ရှိပြီးဖြစ်နေသည့်ပြင် အကယ်၍ ရွေးကောက်ပွဲပြုလုပ်ပါကလည်း မည်သူမည်ဝါ ရရှိလိမ့်မည်ကို ကြို တင်သိမြင်ကြသော်လည်း ရွေး ကောက်ပွဲများပြုလုပ်ပါက အများသဘောကျ ပိုမိုကောင်းမွန်လိမ့် မည်ဟု ယုံကြည်သည့်အတိုင်း ရွေးကောက်ပွဲများကို ထပ်မံကျင်း ပခဲ့လေသည်။ ချင်းလူမျိုးများ သည် ၎င်းတို့ ပင်လုံသို့ စေလွှတ် သည့် ကိုယ်စားလှယ်တော်ကိုပင် ချင်းပြည်မှ မဲစုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းကျော်ကျော်ကိုပေး၍ ရွေးချယ်လိုက်ကြလေသည်။ ကချင်လူမျိုးများက ဆမားဒူးဝါး ဆင်ဝါးနောင်ကို ရွေးချယ်ကြ လေသည်။ ထိုခေါင်းဆောင်နှစ်ဦး မှာ ၎င်းတို့လူမျိုးအသီးသီးက ဤ သို့ အတိုင်ပင်ခံဝန်ကြီးများအဖြစ် ရွေးချယ် မစေလွှတ်မီကပင် နယ် ခြားကွန်ဖရင့်မှာကတည်းက ဗိုလ် ချုပ်အောင်ဆန်း၏ ချစ်ခင်လေး စားမှုကို ရယူခဲ့သူ ပုဂ္ဂိုလ်များဖြစ် လေသည်။ ၎င်းတို့သည် ဗိုလ်ချုပ် လုပ်ကြံခံရသည်အထိ ဗိုလ်ချုပ်၏ ညာလက်ရုံးသဖွယ် အားကိုးခြင်း ခံရသူများလည်း ဖြစ်လေသည်။

ပင်လုံ ကွန်ဖရင့်ကြီးသို့ ဗြိတိသျှတို့က ၎င်းတို့၏ ဒိုမီနီယံ အတွင်းဝန် မစ္စတာ အေဘော့တွမ်လေးကို လေ့လာကြည့်ရှုသူအဖြစ် စေလွှတ်ခဲ့လေသည်။ ထိုသူ မြင် တွေ့သွားရသည့် တစ်ခုတည်း သော အကြောင်းထူးမှာ ဗိုလ်ချုပ် နှင့် နယ်ခြားဒေသခေါင်းဆောင် များ စည်းစည်းရုံးရုံးနှင့် တစ်ဦးကို တစ်ဦး ယုံကြည်စွာ စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးကြ ခြင်းပင် ဖြစ်လေသည်။

ဤရာဇဝင်တင်ရမည့် မြေ ပြန့်နှင့် တောင်ပေါ်သားများ ချုပ် ဆိုကြသည့် စာချုပ်ကို သတိတရ အထိမ်းအမှတ်ဖြစ်စေရန် မော် ကွန်းကျောက်တိုင်တစ်တိုင် စိုက် ထူရန် ဆုံးဖြတ်ကြလေသည်။ ထို အတွက်လည်း ဗိုလ်ချုပ်က ဖဆ ပလဥက္ကဋ္ဌအနေဖြင့် ငွေတစ် ထောင် ပေးလှူခဲ့လေသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလက ပင်လုံစာချုပ်ကို လက်မှတ်ထိုးကြသည့် နေရာတည့်တည့်ပေါ်တွင် မော် ကွန်းကျောက်တိုင် စိုက်ထူပြီးခဲ့ လေပြီ။

(မှတ်ချက်။  ။ ဦးဝမ်ကိုဟောသည် ချင်းအမျိုးသားခေါင်းဆောင်တစ် ဦးဖြစ်ပြီး သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုရာ၌ ပါဝင်ခဲ့ကာ နိုင်ငံခြား ရေးဌာန အတွင်းဝန်နှင့် ချင်းဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဆောင်းပါးကို ယခင်ဂျာနယ်ကျော်တွင်ဖော်ပြခဲ့သည်။)

Sources : 7Day News Journal

No comments:

Post a Comment