Latest News

Friday, February 17, 2017

မြနန်းစံကျော်ရွှေနန်းတော်

မြနန်းစံကျော်ရွှေနန်းတော်

အချိန်အားဖြင့် ၁၈၅၇ခုနှစ်မှာပေါ့... မန္တလေးမှာ နန်းတည်ချင်မိတဲ့ မင်းတုန်းမင်းတရားကြီးရဲ့ စိတ်ကူးအိမ်မက်ကို မှူးမတ်ဗိုလ်ပါနှင့်တကွ အရပ်သူအရပ်သားများ ပါမကျန် စတင် အကောင်အထည် ဖော်ခဲ့ကြတယ်လေ။ မင်းတုန်းမင်းရဲ့ဖခမည်းတော်က အမရပူရမြို့ဟောင်းမှာ အောင်နန်းစံတဲ့ သာယာဝတီမင်းပေါ့။ မင်းတုန်းမင်း မြို့သစ်တည်တဲ့အခါမှာ ခမည်းတော် သာယာဝတီမင်း စံမြန်းခဲ့တဲ့ အမရပူရမြို့ဟောင်းမှ မြေနန်းပြသာဒ်ရယ်၊ အခြားနန်းဆောင်တွေရယ်ကို မန္တလေးနန်းတော်သစ်ဆီသို့ ပြောင်းရွှေ့သယ်ခဲ့ကြတယ်။ နန်းဆောင်အဆောက်အအုံတွေကို သယ်တဲ့အလုပ်ဟာ လွယ်ကူချောမွေ့လှရယ်တယ်တော့ မဟုတ်ပေဘူး။ ပွန်းပဲ့ပျက်စီးတာတွေတော့ ရှိတာပေါ့။ ဒါတွေကို အစားထိုးပြုပြင်ပြီး နန်းသစ်တည်စေခဲ့ရတယ်။ မင်းတုန်းမင်းကိုယ်တိုင် စံမြန်းမယ့် မှန်နန်းဆောင်တစ်ခုတည်းကိုပဲ မင်းကြီးရဲ့ နေ့၊ နံအလိုက် သင့်လျော်ရာ မြေဝင်၊ ကျောရပ်အရ အသစ်တည်ဆောက်စေခဲ့တာပါ။

၁၈၅၈ခုနှစ်မှာ နန်းတော်ဆောင်တွေအားလုံး စုစုပေါင်း ၁၁၄ဆောင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ဇူလိုင်လ၊ ၁၆ရက်နေ့မှာ မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးတို့ဟာ ရှေးအစဉ်အလာအတိုင်း ထွက်တော်မူပွဲကျင်းပခြင်း၊ ရွှေနန်းတော်ကို လက်ယာရစ် လှည့်လည်ခြင်း၊ မြေနန်းတော်မင်းတက်လှေကားမှ တက်ရောက်ခြင်း တို့ကို အစီအစဉ်တကျ ပြုလုပ်ပြီးမှ နန်းတက်စံတော်မူလေတယ်။ အမည်ပေးကင်ပွန်းတပ်တဲ့အခါ မြို့နာမည်ကို ရတနာပုံ၊ ကျုံးရေပတ်လည်ဝိုင်းထားတဲ့ နန်းတော်မြေကို လေးကျွန်းအောင်မြေ၊ ရွှေနန်းတော်ကို မြနန်းစံကျော် ဆိုပြီး ကမ္ဗည်းမော်ကွန်း ရေးထိုးစေခဲ့တယ်။ မင်းတုန်းမင်းဟာ သူကိုယ်တိုင် စိတ်ကြိုက်ပုံဖော်ခဲ့တဲ့ မြနန်းစံကျော်မှာ ၁၈၇၈ခုနှစ်အထိ အနှစ်နှစ်ဆယ်တိုင်တိုင် စံသွားခဲ့တယ်။ နောက်တော့ သားတော်သီပေါမင်း နန်းတက်ပြီး ဆက်လက်စံမြန်းခဲ့တာ ၁၈၈၅ခုနှစ်အထိ ဆိုပါတော့။

/* နန်းတော်ကြီး ဘယ်လိုဖြစ်ပျက်ခဲ့သလဲ */

၁၈၈၅ခုနှစ်၊ နိုဝင်ဘာ ၂၉ မှာ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို သိမ်းပိုက်သွားခဲ့တာ အားလုံးလည်းအသိ။ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီဆိုမှတော့ နန်းတော်မြေကိုလည်း သူတို့စိတ်ကြိုက် ပြောင်းလဲ ပစ်ခဲ့ကြတယ်။ နန်းမြို့တော်နဲ့ နန်းတော်မှာ တပ်စွဲတယ်၊ ကလပ်တွေဖွင့်ပြီး ဒွန့်ကျတယ်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအဖြစ် ပြောင်းလဲပစ်လိုက်ကြတယ်။

နန်းတော်ရဲ့ ပျက်စီးခြင်းအစစ်က ၁၉၄၂ခုမှစတာ။ ဂျပန်တွေ ဝင်လာကြတာလေ။ အင်္ဂလိပ်တွေက နန်းတော်မှ တပ်စွဲထားမှတော့ သည်နေရာ ဗုံးကြဲခံရပြီပေါ့။ နန်းမြို့ရိုး၊ မြေနန်းပြသာဒ်တော်ရယ်၊ ပလ္လင်အကြွင်းအကျန်ရယ် သည်သုံးမျိုးတော့ ကျန်ခဲ့ရှာသေးတယ်။ အဲ... လုံးဝဥသုံပြာပုံအတိရောက်တာက ၁၉၄၅ခု၊ မတ်လ ၁၇ရက်။ မဟာမိတ်တပ်တွေ ဗုံးဝင်ကြဲတာ ဖွတ်ဖွတ်ညက်ညက်ကို ကြေပါပကောလား။

သည်လိုနဲ့ လွတ်လပ်ရေးတွေ ဘာတွေရပြီး ၁၉၈၉ခုနှစ် တပ်မတော်အစိုးရလက်ထက်မှာ နန်းတော်ကော၊ မြို့ရိုးကိုရော ပြန်အသစ်ဆောက်ထားတာ။ ရှေးက မှတ်တမ်းတင်ထားခဲ့တဲ့ ပေ၊ ပုရပိုက်တွေ၊ အင်္ဂလိပ်-မြန်မာ မှတ်တမ်း သမိုင်းအချက်အလက်တွေကို ရှာဖွေပြီးမှ သီပေါမင်းလက်ထက်ကအတိုင်း ပြန်တည်ဆောက်ထားတယ်လို့ သိခဲ့ရယ်။ ကြာမြင့်ချိန် ၆နှစ်၊ နန်ဆောင်ပေါင်းက အဓိကကျတဲ့ ၈၉ဆောင်၊ ပြီးတော့နန်းမြို့ရိုးရယ်ပေါ့။

/* ဒုတိယအကြိမ် ပြန်လည် အသက်ဝင်လာသော နန်းတော် */

မူလအသုံးပြုထားတဲ့ ...
- တိုင်လုံး၊ ထုပ်တန်း၊ ယောက်၊ ယက်မတန်း အစား ဘိလပ်မြေ၊ သံကူကွန်ကရစ်
- အမိုးမှာ သွပ်ပြား
- ကြမ်းခင်းမှာ သစ်အစား ဘိလပ်မြေကွန်ကရစ် အဖြစ် ပြောင်းလဲ အသုံးပြုထားတယ်။

မင်းတရားတွေလက်ထက်က အမိုးမှလွဲပြီး ကျန်အစိတ်အပိုင်းအားလုံးကို သစ်စေးသုတ်၊ ရွှေအစစ်ချထားတဲ့ ရွှေပိန်းဆောင်၊ ရွှေတစ်ဝက် ဟင်္သာပြဒါးသစ်စေးအနီတစ်ဝက် အဆောင်၊ သစ်ဆေးအနီသုတ် အဆောင် ဆိုပြီး သူ့အဆင့်နဲ့သူ လိုက်ပြီး ပြင်ဆင်ချယ်မှုန်းခဲ့ကြတယ်။ ယခု နန်းတော်မှာ ...
- ရွှေအစစ်အစား ရွှေဆေး
- ဟင်္သာပြဒါးသစ်ဆေးအနီရောင်အစား ဆီဆေးနီညိုရောင်
- အတွင်းခန်းတွေမှာ အလင်းကောင်းကောင်းရဖို့ သုံးထားတဲ့ ကုလားဆေးဖြူအစား ဆီဆေးအဖြူရောင်
ကို အစားထိုး သုံးထားတယ်။

အကြောင်းကြောင်းကြောင့် ပြောင်းလဲအသုံးပြုထားတာ ရှိပေမယ့် အတိုင်းအတာ၊ ပုံသဏ္ဍာန်၊ အရွယ်အစားကတော့ မူလအတိုင်းပါပဲတဲ့။

( ရိုးရာလေး )

No comments:

Post a Comment