Latest News

Saturday, February 11, 2017

ပိဿချိန် ၈၀၀၀ ကျော်ရှိ သီတဂူမော်ကွန်းတင် ကြေးခေါင်းလောင်းကြီးအား မန္တလေးမြို့မှ စစ်ကိုင်းမြို့ သီတဂူဝိပဿနာရိပ်သာသို့ သယ်ယူပို့ဆောင်

ပိဿချိန် ၈၀၀၀ ကျော်ရှိ သီတဂူမော်ကွန်းတင် ကြေးခေါင်းလောင်းကြီးအား မန္တလေးမြို့မှ စစ်ကိုင်းမြို့ သီတဂူဝိပဿနာရိပ်သာသို့ သယ်ယူပို့ဆောင်



ပိဿချိန် ၈၀၀၀ ကျော်ရှိ သီတဂူမော်ကွန်းတင် ကြေးခေါင်းလောင်းကြီးအား မန္တလေးမြို့မှ ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက် (တပို့တွဲ့လပြည့်နေ့)) တွင် သယ်ယူကာ စစ်ကိုင်းမြို့ရှိ သီတဂူဝိပဿနာရိပ်သာသို့ ပို့ဆောာင် ထားရှိခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီး၏ သက်တော် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထားရှိမည့် အဆိုပါ ခေါင်းလောင်းကြီးကို မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာအနီး တံတိုင်းရှည်ကျေးရွာမှ သယ်ဆောင်ခဲ့ပြီး  မန္တလေးမြို့တွင်းမှတဆင့် စစ်ကိုင်းမြို့ သီတဂူဝိပဿနာအကယ်ဒမီရိပ်သာအတွင်းရှိ ခေါင်းလောင်းကြီး ထားရှိမည့်နေရာသို့ ကရိန်းဖြင့် သယ်ဆောင် ထားရှိခဲ့ကြောင်း၊ ခေါင်းလောင်းကြီးနှင့်အတူ သီတဂူဆရာတော်၏ ပုံတူကြေးရုပ်ထုကိုလည်း စိုက်ထူခဲ့ကြောင်း သိရသည်။

“ခေါင်းလောင်းကိုင်း မပြီးသေးပေမဲ့ ဆရာတော်ကြီးက ဒီနေ့ တပို့တွဲလပြည့်နေ့မှာ အရောက်တင်ချင်တဲ့အတွက် ကျောင်းကို အရောက်ပို့ပေးရတယ်။ ကျန်တဲ့ စာထိုးတဲ့အပိုင်းတွေကို ဒီမှာ လာလုပ်ရမယ်။ အပြီးသတ်လုပ်စရာ ကျန်တာတွေကို ဆရာတော်ကြီးမွေးနေ့ တပေါင်းလပြည့်အမီ လုပ်ပေးရမယ်။ ခေါင်းလောင်းကိုတော့ အရောက်ပို့ထားတဲ့ အနေအထားပဲ ရှိသေးတယ်။ အလုံးစုံ ချိတ်ဆွဲပြီးတဲ့အထိက နောက်လလောက်မှ ပြီးနိုင်မယ်”ဟု ကြေးခေါင်းလောင်းကြီးအား တာဝန်ယူ သွန်းလောင်းသည့် ကြေးသွန်းပညာရှင် ဦးအောင်သန်းမော်က ပြောကြားသည်။

အဆိုပါ ခေါင်းလောင်းကြီးသည် ကြေးပိဿချိန် ၈၀၀၀ ကျော်ရှိပြီး အမြင့်ပေမှာ အောက်နှုတ်ခမ်းဝမှ အပေါ် ပန်းစည်အထိ ၉ ပေနှင့် အောက်ခြေအဝအကျယ် ၆ ပေ ၅ လက်မရှိပြီး လောကနန္ဒကြေးခေါင်းလောင်းပုံစံ ဖြစ်ကြောင်း၊  ယခုသွန်းလောင်းခဲ့သည့် ကြေးခေါင်းလောင်းကြီးမှာ တမ္ပဝတီအရပ်ရှိ ကြေးသွန်းပညာရှင်များ သွန်းလောင်းခဲ့သည့် ခေါင်းလောင်းကြီးများအနက် စတုတ္ထမြောက် ကြေးပိဿချိန် အများဆုံးနှင့် အကြီးဆုံး ခေါင်းလောင်းကြီးဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းကြီးကို ဇန်န၀ါရီ ၁၀ ရက်က တမ္ပ၀တီအရပ်ရှိ ကြေးသွန်းပညာရှင် (၂၀၀) ဦးခန့်ဖြင့် တံတိုင်းရှည်ကျေးရွာတွင် တစ်ညတည်း အပြီးသတ် သွန်းလောင်းခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့ တမ္ပ၀တီအရပ်မှ ကြေးသွန်းပညာရှင်များအနေဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ဦးဂိုအင်ကာ တည်ထားသည့် ရွှေတိဂုံပုံစံတူဘုရားရှိ ကြေးပိဿချိန် တစ်သောင်းကျော် ခေါင်းလောင်းကြီး၊ ဒုတိယအကြိမ်မှာ မွန်ပြည့်နယ် ကမ၀က်မြို့ရှိ ကြေးပိဿချိန် ငါးထောင်ကျော် ခေါင်းလောင်းကြီး၊ တတိယအကြိမ်မှာ ၂၀၁၅ ခုနှစ် မတ်လပိုင်းက တနင်္သာရီတိုင်း ထားဝယ်မြို့ ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် ထားရှိမည့် ကြေးပိဿချိန် တစ်သောင်းကျော် ခေါင်းလောင်းကြီးတို့အား သွန်းလောင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့ တမ္ပ၀တီအရပ်သည် အမရပူရခေတ်မှ စတင်၍ ကြေးသွန်း လက်မှုပညာရပ်များ စတင်ထွန်းကားခဲ့ပြီး ယင်းခေတ်ကာလက အမရပူရမြို့အစွန် မြောက်ဘက်တွင် ကြေးသွန်းလုပ်ငန်းများ တစုတည်း လုပ်ကိုင်ခဲ့ကြရာမှ ရတနာပုံခေတ်တွင် ကြေးသွန်းလုပ်ငန်းများ ဆက်လက် ထွန်းကားခဲ့ပြီး မြို့၏ တောင်ဘက်အစွန် ယခု တမ္ပ၀တီအရပ်တွင် ယနေ့ခေတ်တိုင် ကြေးသွန်း လက်မှုပညာရပ်များကို လက်ဆင့်ကမ်း သင်ယူရင်း ရိုးရာမပျက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Sources : Eleven Media Group

No comments:

Post a Comment