Latest News

Wednesday, February 22, 2017

ဦးကိုနီလုပ်ကြံမှုတွင် သံသယရှိသူ ရဟန်းဝတ်နေသဖြင့် သိက္ခာချဖမ်းဆီး

ဦးကိုနီလုပ်ကြံမှုတွင် သံသယရှိသူ ရဟန်းဝတ်နေသဖြင့် သိက္ခာချဖမ်းဆီး



ဦးကိုနီလုပ်ကြံမှုတွင် ပူးပေါင်းပါဝင်သည်ဟု သတင်းထွက်နေသူ ဗဟိုထောက်လှမ်းရေးတပ်နည်းပြဟောင်း ဇေယျာဖြိုးကိုရဟန်းဝတ်ဖြင့်ရှိနေစဉ်သက်ဆိုင်ရာကဖေဖေါ်ဝါရီလ၃ရက်နေ့ကလုပ်ထုံးလုပ်နည်းနှင့်အညီဖမ်းဆီးသွားကြောင်း The Speaker ဂျာနယ်ကဖေါ်ပြလိုက်သည်။

NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီအား လုပ်ကြံရာတွင်ပါဝင်သူဟုစွပ်စွဲခံထားရသည့် ဇေယျာဖြိုးသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် တွင်ရဟန်းဝတ်ဖြင့်သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ကြောင်း၊သာသနာ့ဘောင်ဝင်ရောက်အပြီး ၂ ရက်အကြာတွင် သက်ဆို်င်ရာတာဝန်ရှိသူများက ရဟန်းဝတ်နေသည့် ဇေယျာဖြိုးကို သိက္ခာချ လူထွက်စေကာ ဖမ်းဆီးခဲ့ကြောင်း ကျောင်းထိုင်ဆရာတော်၏ စကားကို ကိုးကားကာ အထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။

“၁ရက်နေ့မှာ စတက်တယ်။၃ရက်တောင်အပြည့်မရဘူးလို့ပြောပါတယ်။အဲ့လိုကိစ္စတွေဖြစ်တဲ့အခါကျတော့ ၃ ရက်နေ့ကျတော့ သိက္ခာချပြီး လူဝတ်လဲပြီးခေါ်သွားတယ်လို့ ဦးပဉ္ဖင်းလဲ အဲ့လိုပဲကြားတာပဲ”ဟု ကျောက်ကုန်းကြီးကျောင်းကြီး ပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော်က ပြောကြောင်း The Speaker ဂျာနယ်ကဖေါ်ပြသည်။

ဇေယျာဖြိုးဆိုသူကိုဦးကိုနီအားလုပ်ကြံမှုဖြင့်ဖမ်းဆီးကြောင်းကိုနိုင်ငံတော်အဆင့်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဇေယျာဖြိုးနေထိုင်သည့် အမှတ်  D ၈ မင်္ဂလာလမ်း တာမွေလေးရပ်ကွက် အိမ်တွင်သော့ပိတ်ထားကြောင်းနှင့်ဇေယျာဖြိုးအားစရဖမှခေါ်ဆောင်သွားကြောင်းတာမွေရဲစခန်းတာဝန်ရှိသူတစ်ဦးကပြောကြားထားကြောင်းအထက်ပါသတင်းရင်းမြစ်တွင်ဖေါ်ပြထားသည်။

ဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ရေးအတွက် အစိုးရကို ဖိအား မပေးခြင်းမှာ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြောင်း Myanmar Now သတင်းဌာနက ရေးသားဖေါ်ပြထားသည်။

ဇေယျာဖြိုးဆိုသူသည်စစ်တက္ကသိုလ်အပတ်စဉ်၃၆ဆင်းတစ်ဦးဖြစ်ပြီးဗဟိုထောက်လှမ်းရေးတပ်(ရေကြည်အိုင်)တွင် သင်တန်းနည်းပြတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးလည်းဖြစ်သည်။

ဦးကိုနီအားလုပ်ကြံမှုဖြင့် စစ်မေးခံနေရသူ ဇေယျာဖြိုးအား အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အသင်း ၂ နှစ်ပြည့်အခမ်းအနား အထူးသီးသန့်နေရာတွင် သီတဂူဆရာတော်၊ မဘသ ဥက္ကဌဆရာတော် တို့နှင့်တွေ့ရပုံကိုလည်း ဖဘသုံးစွဲသူအချို့က ဖြန့်ဝေလျှက်ရှိသည်။

ဟိန်းအောင်
Myanmar Muslim Media
ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၇


တရားလွှတ်တော်ရှေ့နေဦးကိုအားလုပ်ကြံသတ်ဖြတ်သူကြည်လင်းအားဖမ်းဆီးမှုမှတ်တမ်း 

No comments:

Post a Comment