Latest News

Thursday, February 9, 2017

ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောရင် ကြောက်ရတယ်

ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောရင်ေ
ကြာက်ရတယ်



ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဥပဒေဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးကိုနီကို ရန်ကုန်လေဆိပ် လူပုံအလယ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခြင်း ခံရပြီးတဲ့နောက် တစ်တိုင်းတစ်ပြည်လုံးက ဦးကိုနီကို ယုံကြည်ထောက်ခံ အားကိုးတဲ့ ပြည်သူတွေ၊ ဒီမိုကရေစီ ဘက်တော်သားတွေ၊ အခြေခံဥပဒေ ပြင်ဆင်လိုသူတွေ ဦးကိုနီကို အာဇာနည်တစ်ဦး ဆုံးရှုံးလိုက်ရသလို ပူဆွေးဝမ်းနည်း ကြေကွဲခဲ့ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလို ထပ်တူ ခံစားနေရမယ်၊ ရင်ကွဲပတ်လက် ကျန်ရစ်ခဲ့တဲ့ မိသားစုကို အပြေးအလွှား အားပေးလိမ့်မယ်လို့ တွေးထင်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးကိုနီရဲ့ အသုဘကို ပန်းခြင်းလည်း မပို့ခဲ့ပါဘူး။ မိသားစုကို အားပေးစကား ပြောတယ်ဆိုတဲ့ အသံလည်း မကြားရတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးကိုနီကို ဆုံးရှုံးလိုက်ရတဲ့အပေါ်မှာ ခံစား တုန့်ပြန်မှု မပြသတဲ့အတွက် ပြင်ပ ဝေဖန်မှုတွေ ကျယ်လောင်လာပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မိတ်ဆွေတွေ အကြားမှာလည်း ဒါကို ဘယ်လိုယူဆသလဲဆိုပြီး သုံးသပ်ကြတာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့နိုင်ငံရေး ပါဝင်ပတ်သက်မှု တလျှောက်ကို ပြန်ကြည့်ရင် သူမရဲ့ ရဲဘော်ရဲဘက် လုပ်ဖေါ်ကိုင်ဖက်တွေတင်မက သူမ ကိုယ်တိုင်ပါ လုပ်ကြံခံရဖူးတာကို အားလုံးသိကြမှာ ဖြစ်ပါတယ်။ တစ်ခါမှ ဒီလို လုပ်ကြံခံရမှုတွေနဲ့ ပတ်သက်ပြီး သူမ နှုတ်ကနေ ပြင်းပြင်းထန်ထန် တုန့်ပြန်တာ၊ ခံစားချက်ကို ဖေါ်ကြူးတာ တစ်ခါမှ မရှိခဲ့တာကို ပြန်တွေးကြည့်ရင် သိနိုင်ပါတယ်။

ကျွန်တော်ပြောချင်တာက အခုလို ဒေါ်အောင်ဆန်းစုကြည် ဘာမှ မပြောတာဟာ ကြောက်စရာကောင်းတဲ့ တုန့်ပြန်မှုတစ်ခုကို ကိုယ်စားပြုနေတယ်လို့ ဆိုချင်ပါတယ်။ ဖိနှိပ်မှု၊ အနိုင်အထက် ပြုကျင့်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် တိတ်ဆိတ်နေခြင်းဟာ လွန်စွာ ကြောက်မက်ဖွယ်ရာ ကောင်းကြောင်း အာဏာရှင် အဟာင်းတွေက ပိုသိပါတယ်။

အရင်ဆုံး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာ ထည့်ပြောဖူးတဲ့ အကြောင်းလေးတစ်ခုကို အရင် ပြန်ပြောပြချင်ပါတယ်။ သူမက...

တစ်ခါတလေမှာ ကျွန်မဟာ အနှိပ်အစက်ခံရရင် ဘယ်လိုနေမလဲလို့ စဉ်းစားကြည့်မိတယ်။ ကျွန်မ အနှိပ်စက်ခံရမှာကို မကြောက်ဘူး။ အဲဒီ နှိပ်စက်တဲ့သူရှေ့မှာ နှိပ်စက်လို့ နာကျင်ပြီး ညည်းမိမှာကိုပဲ ကြောက်တာ!!! လို့ ပြောဖူးပါတယ်။

ဒါကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကို နာကျင်အောင် လုပ်တဲ့ သူတွေရှေ့မှာ ဘယ်တော့မှ သူမရဲ့ နာကျင်ခံစားမှုတွေကို တစ်ဖက်လူ မြင်ချင် ကြားချင်သလိုမျိုး ဟန်အမူအရာ၊ နှုတ်ထွက်စကားတွေနဲ့ ဖော်ပြမှာ မဟုတ်ဘူးဆိုတာ မြင်နိုင် သဘောပေါက်နိုင်ပါတယ်။

တကယ်တော့ သူမရဲ့ နိုင်ငံရေး ဘဝခရီးကြမ်းကို ပြန်ကြည့်မယ်ဆိုရင် အရင်ဆုံး သေကောင်ပေါင်းလဲ ဝေဒနာနဲ့ ဆုံးပါးတော့မယ် ခင်ပွန်းသည်ရဲ့ အသက်နဲ့ မျှားပြီး သူမရဲ့ နိုင်ငံရေးကို လက်နက်ချခိုင်းခဲ့တဲ့ ဖြစ်ရပ်မှာ သူမ ဘယ်လောက် နာကျင် ခံစားခဲ့ရမယ်ဆိုတာ လူသားတိုင်း၊ လူစိတ်ရှိတဲ့သူတိုင်း၊ မိသားစုရှိတဲ့သူတိုင်း နားလည်ကြပါတယ်။ ဒီအတွက် သူမ ဘာမှ တုန့်ပြန်ခဲ့ခြင်း မရှိပါဘူး။

တစ်ခါ စည်းရုံးရေးခရီးစဉ် သွားရင်း ဒီပဲရင်းမှာ သူမအသက်ကိုပါ ထိပါးတဲ့အထိ လုပ်ကြံကြပြီး သူမရဲ့ ရဲဘော်ရဲဘက် အောက်လက်ငယ်သားတွေ အများအပြား သေဆုံးခဲ့ရတဲ့ အခါမှာလည်း အခုလိုပဲ လက်တုန့်ပြန်ဖို့ မဆိုထားနဲ့ စကားနဲ့တောင် တုန့်ပြန်ခဲ့ခြင်း မရှိတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ နောက်တစ်ခါ ယခင် သူမရဲ့ လုံခြုံရေး သုံးရောင်ခြယ် အဖွဲ့ဝင် ကိုပါကြီး အသတ်ခံရစဉ်ကလည်း ဒီလိုပါပဲ။

ဒါပေမယ့် ကိုပါကြီးရဲ့ ဇနီး မသန္တာကို ဘဝတူချင်းသဖွယ် အားပေး လက်တွဲပြီး ခေါ်ခဲ့လို့ ဒီကနေ့ဆိုရင် မသန္တာဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ဥပဒေပြုရေး မဏ္ဍိုင်မှာ တက်တက်ကြွကြွ ပါဝင် ထမ်းဆောင်နေပြီဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ကိုပါကြီး ဖြစ်စဉ်နဲ့ ကိုပါကြီးရဲ့ ဇနီး မသန္တာရဲ့ နောက်ဆုံး လျှောက်လှမ်းခဲ့တဲ့ ခရီးကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတရားဖိနှိပ် ရက်စက်မှုတွေအပေါ် လက်တုန့်ပြန်မှုဟာ ဘယ်လို ပုံသဏ္ဌာန်မျိုးလဲဆိုတာ တစ်စိတ်တစ်ပိုင်း တွေ့ကြရမှာ ဖြစ်ပါတယ်။

သင့်ကို အထင်သေး အမြင်သေးနဲ့ ထိပါး စော်ကားခဲ့သူတွေဟာ သူတို့ ထင်ထားသလို သင်ဟာ အထင်သေး အမြင်သေးစရာ မဟုတ်တဲ့အပြင် သင်ဟာ အထင်ကြီး လေးစားစရာ လူတစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင် သင့်အပေါ် ကျူးလွန်ခဲ့သူတွေဟာ ဒီအပြစ်တွေကြောင့် စိတ်မလုံခြုံမှုကို ခံစားရင်း အကြောက်တရားရဲ့ အကျဉ်းစံဘဝအဖြစ် မသေမချင်း ခြောက်ခြားစွာ  နေထိုင်သွားရမှာပါ။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အေးချမ်းစွာ လက်တုန့်ပြန်ခြင်း၊ လက်စားခြေခြင်း ဖြစ်ပါတယ်။

ခင်ပွန်းသည်ရဲ့ အသက်ကို မီချင်ရင် ခင်ဗျားရဲ့ နိုင်ငံရေးကို စွန့်လွှတ်ပါ!!! ဆိုပြီး ရက်ရက်စက်စက် အကြပ်ကိုင်ပြီး သူမရဲ့ လင်ယောက်ျားကို နိုင်ငံရေး ပြန်ပေးဆွဲခဲ့သူတွေ ဒီနေ့ ဘယ်ပုံ ဘယ်ဘဝမှာ နေရပြီး သူမက ဘယ်အထိ တက်လှမ်းနိုင်ခဲ့ပြီလဲ။

ဒီပဲရင်း ခြောက်အိမ်မက်နဲ့ ကိုယ့်ကိုယ်ကို နေအိမ် အကျယ်ချုပ် ပြန်ချ၊ ကိုယ့်နိုင်ငံရေးကို ကိုယ်တိုင် အဆုံးစီရင်လိုက်ရတာ ဘယ်သူတွေလဲ။ လူတစ်ယောက်အနေနဲ့ ဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ ဖြစ်ဖြစ် နိုင်ငံရေးကို ရှေ့တန်းက ပါဝင်ခဲ့ပြီး ကိုယ့်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်ကြောင့် သမိုင်းမှာ မျက်နှာ မပြရဲတာလောက် ဘဝဆုံး၊ ဘဝရှုံးရတာ မရှိဘူးလို့ ဆိုချင်ပါတယ်။ မတရားမှုရဲ့ ကြောက်စရာအကောင်းဆုံး မာယာက သူ့ကို တုပြိုင် မိုက်လာအောင် ဆွဲဆောင်တာပဲ ဖြစ်ပါတယ်။ မတရားမှုနဲ့ တုပြိုင် မိုက်မိပြီဆိုရင်တော့ နိုင်လည်း ရှုံး၊ ရှုံးလည်း အရှုံးပဲ ဖြစ်ပါတယ်။ တရားမှုကို လိုလားသူ၊ တရားမှုကို မြတ်နိုးသူတွေဟာ မတရားမှုနဲ့ ပြိုင်မမိုက်မိအောင် သတိကြီးကြီး ထားကြရမှာ အမှန်ပါပဲ။

အခု ဦးကိုနီတစ်ယောက် ဒီမိုကရေစီ တည်ဆောက်ရေး ခရီးမှာ လှေလှော်ရင်း တက်ချိုးခံလိုက်ရပါတယ်။ ဒီအချိန် လှေကို လူးမသွားအောင် တိမ်းမသွားအောင် ကျန်တဲ့ တက်တွေ၊ လက်တွေက ညီဖို့ လိုပါတယ်။  တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ထဲ၊ မျက်လုံးထဲမှာ လှေကို တည်တည်ငြိမ်ငြိမ် ရှိနေစေဖို့ဆိုတဲ့ ရည်ရွယ်မှန်းချက်၊ ရည်ရွယ်ချက်က ကြီးစိုးနေပါတယ်။ သူမအနေနဲ့ တက်တစ်ချောင်းကို ရိုက်ချိုးလိုက်သူတွေ မြင်ချင်နေကြတဲ့ လူးလွန့်လှုပ်ခါသွားတဲ့ လှေတစ်စင်း အဖြစ်ခံမှာ မဟုတ်ပါဘူး။

ရန်သူရှေ့မှာ ဘယ်တော့ စိတ်လှုပ်ရှား ငြီးညူပြလေ့ မရှိသူတစ်ယောက်အနေနဲ့ ကျိုးသွားတဲ့ တက်နေရာမှာ ဘယ်လို လက်ထိုး လှော်မလဲဆိုတာကိုသာ သူမအနေနဲ့ စဉ်းစားနေမှာ အသေအချာပါပဲ။ ဦးကိုနီ လုပ်ကြံခံရတဲ့ ကိစ္စ၊ ဦးကိုနီလို အရည်အချင်း ပြည့်ဝတဲ့ ရဲဘော်တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့် သူမအနေနဲ့ ဘယ်လောက်ပဲ ခံစားရသည်ဖြစ်စေ သူမ နှုတ်က ဘာမှ ပြောမှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူမအနေနဲ့ အဲဒီလို ဘာမှ မပြောဘူးဆိုရင်တော့ မတရား သတ်ဖြတ်မှုနဲ့ သက်ဆိုင်သူတွေ၊ တာဝန်ရှိသူတွေအတွက်တော့ အလွန်တရာမှ ကြောက်မက်ဖွယ်ရာပါပဲလို့ ပြောလိုက်ပါရစေ။

သီဟသွေး
The Speaker Vol.1, No.12

#Credit_to_Original_Uploader
#Photo_from_Internet

No comments:

Post a Comment