Latest News

Saturday, February 11, 2017

လမ်းလယ်ကျွန်းပေါ်​​ ဈေး​ရောင်း​နေသည့်​ အမျိုးသမီးများကို သိန်းသန်း​ကျော်​ မှန်​လုံယာဉ်​ဝင်​တိုက်​ နှစ်ဦးသေဆုံး

လမ်းလယ်ကျွန်းပေါ်​​ ဈေး​ရောင်း​နေသည့်​ အမျိုးသမီးများကို

သိန်းသန်း​ကျော်​ မှန်​လုံယာဉ်​ဝင်​တိုက်​ နှစ်ဦးသေဆုံး


တောင်ငူ၊ ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အင်းတကော်မြို့ ရန်ကုန်- မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၅ အနီးတွင်​ ယနေ့ (ဖေဖော်ဝါရီ လ ၁၁ ရက်) နံနက် ၇ နာရီခန့်က လမ်းလယ်ကျွန်းပေါ် ဈေးရောင်းနေသည့် အမျိုးသမီးများကို ကျိုက်ထို-ရန်ကုန် ပြေးဆွဲသည့် မှန်လုံယာဉ်တစ်စင်းက အရှိန်လွန် ဝင်တိုက်မိခဲ့ရာမှ အမျိုးသမီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့​ကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းနေ့ နံနက် ၇ နာရီခန့်က အင်းတကော်မြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပဲခူးဘက်မှ ရန်ကုန်မြို့ဘက်သို့ အသက် ၄၀ အရွယ် ဦးစည်သူ မောင်းနှင်လာသည့် သိန်းသန်းကျော် ယာဉ်လိုင်းပိုင် မှန်လုံခရီးသည်တင်ယာဉ်သည် မိုင်တိုင် ၃၅ အနီး ဟုန်းဂရူး အထည်ချုပ် စက်ရုံရှေ့ လမ်းလယ်ကျွန်းပေါ်ရပ်ပြီး ဈေးရောင်းနေသည့် လူအုပ်စုကို အရှိန်ဖြင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်​ကြောင်း သိရှိရသည်​။

ယင်း ယာဉ်တိုက်မှုကြောင့် ဈေးရောင်းချနေသည့် အသက် ၄၄ နှစ်အရွယ် ဒေါ်တင်တင်မြင့်နှင့် အထည်ချုပ်စက်ရုံဝန်ထမ်း အသက် ၄၀ အရွယ် ဒေါ်ခင်ဖြူထွေးတို့နှစ်ဦး သေဆုံးခဲ့ရပြီး ဈေးသည် အသက် ၃၇ နှစ်အရွယ် ဒေါ်အေးသီတာနှင့် အသက် ၃၇ နှစ်အရွယ် ဒေါ်အေးအေးအောင်တို့ နှစ်ဦး ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်​​ကြောင်း​ ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

“ဒဏ်ရာရတဲ့ ဈေးသည် နှစ်ဦးကလည်း စိုးရိမ်ရတဲ့အတွက် ပဲခူးဆေးရုံကြီးမှာ ပို့ဆောင် ကုသနေရတယ်။ အခင်းဖြစ်ပွားတဲ့ နေရာက တိမ်းရှောင် ထွက်ပြေးနေတဲ့ ယာဉ်မောင်းကိုလည်း အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံရဲစခန်းတွေ ချိတ်ဆက် ဆောင်ရွက်နေပါတယ်”ဟု ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌာနမှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

ယင်းယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး သိန်းသန်းကျော် မှန်လုံယာဉ်မောင်း ဦးစည်သူကို အင်းတကော် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၀၂ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု အဆိုပါ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

Sources : The Voice

No comments:

Post a Comment