Latest News

Tuesday, January 10, 2017

မလေးရှာ နိုင်ငံသားများ ဗီဇာပိတ်ထားခြင်း မရှိဟု မြန်မာအစိုးရဆို

မလေးရှာ နိုင်ငံသားများ ဗီဇာပိတ်ထားခြင်း မရှိဟု မြန်မာအစိုးရဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံသို့ လာရောက်မည့် မလေးရှားနိုင်ငံသားများကို ဗီဇာပိတ်လိုက်ပြီဟု မလေးရှား သတင်းဌာန၏ ဖော်ပြချက်မှာ မဟုတ်မှန်ဘဲ မလေးရှား နိုင်ငံသားများ ဗီဇာပိတ်ထားခြင်း မရှိကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

မလေးရှား နိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်ရာတွင် စီးပွားရေးဗီဇာနှင့် ခရီးသွားဗီဇာကို (တိုးရစ်ဗီဇာ) ကို ခွင့်ပြုထားသော်လည်း ယခုရက်ပိုင်းအတွင်း ခရီးသွားဗီဇာကို ပိတ်လိုက်ပြီး ဖြစ်ကြောင်း မလေးရှာအခြေစိုက် သတင်းမီဒီယာတစ်ခုက ဖော်ပြသည်။

စီးပွားရေးလုပ်ငန်းဖြင့် လာရောက်သူ မလေးရှား နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာပေးလျက်ရှိပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အွန်လိုင်းမှ လျှောက်ခွင့်ပြုထားသည့် ခရီးသွားဗီဇာကို မူရက်ပိုင်းအတွင်း ပိတ်လိုက်ကြောင်း အဆိုပါ မီဒီယာတွင် ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံအနေနှင့် လက်ရှိတွင် စီပွားရေးကိစ္စများအတွက် ဆိုက်ရောက်ဗီဇာကို မလေးရှားနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၅၁ နိုင်ငံကို ခွင့်ပြုပေးလျက်ရှိသည်။

အလည်အပတ်ဗီဇာကိုမူ အွန်လိုင်းသို့မဟုတ် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် လျှောက်ထားရယူနိုင်ကြောင်း၊ ယခင်ကတည်းက ယင်းသို့ခွင့်ပြုထားပြီး သတ်မှတ်ချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိကြောင်း သမ္မတရုံးထံမှ သိရသည်။

အိုင်စ်အက်အကြမ်းဖက်များ ပစ်မှတ်ထားနေသည် ဆိုသည့် နိုင်ငံတကာ၏ သတိပေးမှုများကြောင့် ရန်ကုန်မြို့သို့ ဝင်ရောက်လည်ပတ်သည့် နိုင်ငံခြားသားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပူးပါင်းကာ အထူးကြပ်မတ်စစ်ဆေးပြီး လုံခြုံရေးအဆင့်ကို တိုးမြှင့်လိုက်ကြောင်း အမှတ် (၂) လုံခြုံရေးကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ပြောကြားခဲ့သည်။
ထိုသို့ အကြမ်းဖက်မှုဖြစ်စဉ်များကို လေ့လာနေပြီး ကြိုတင်ပြင်ဆင်မှု အနေဖြင့် လေဆိပ်နှင့် နယ်စပ်ဆိုင်ရာ လမ်းကြောင်းများတွင် ကြပ်မတ်ထားကြောင်း၊ အဆိုပါ လုံခြုံရေး အဆင့်တိုးမြှင့်ခဲ့ခြင်းကို ယခုနှစ် ဇန်နဝါရီလဆန်းက စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ ဝင်/ပေါက်ထွက်များ အပါအဝင် ထင်းရှားသော နေရာအများစုကို ပုံမှန်ထက် ပိုမိုစောင့်ကြည့်စစ်ဆေးလျက် ရှိသည့်အပြင် နိုင်ငံခြားသား လာရောက်လည်ပတ်မှု အခြေအနေကို သီးခြားမှတ်တမ်းရယူကာ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

ယခင်နှစ်ကုန်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အိုင်စ်အက်အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်သော အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ မြန်မာနိုင်ငံသို့ အကြမ်းဖက်ရန် အစီအစဉ်တို့ကို သိရှိခဲ့သည်ဟု မလေးရှား ရဲတပ်ဖွဲ့က သတိပေးထုတ်ပြန်ပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူဦးရေထူထပ်ပြီး လုံခြုံရေး အရေးကြီးသည့် ရန်ကုန်မြို့အတွက် အဓိက စစ်ဆေးကြပ်မတ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုထားသည်။

Sources; The Voice

No comments:

Post a Comment