Latest News

Friday, December 23, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး Myanmar National Symphony Orchestra Concert 2016, December ဖျော်ဖြေပွဲသို့ တက်ရောက်အားပေး

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး Myanmar National Symphony Orchestra Concert 2016, December ဖျော်ဖြေပွဲသို့ တက်ရောက်အားပေး



နေပြည်တော် ဒီဇင်ဘာ ၂၃

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန် ဂီတပညာရှင် မစ္စတာ ယာမာ မိုတို ဦးဆောင်သည့် ဂီတပညာရှင်များ၊ ဂီတမိတ် Music Center မှ Choir များ ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် Myanmar National Symphony Orchestra Concert 2016, December ဖျော်ဖြေပွဲကို ယနေ့ည ၆ နာရီခွဲတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ တက်ရောက်အားပေးသည်။

ဖျော်ဖြေပွဲသို့  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ ၀န်ထမ်းမိသားစုများ၊ ဂီတမြတ်နိုး သူ ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖျော်ဖြေမှုအစီအစဉ်များ မစတင်မီ ရှေးဦးစွာ နိုင်ငံတော်သံစုံတီးဝိုင်းနှင့် ဂျပန်ဂီတပညာရှင် မစ္စတာ ယာမာမိုတို ဦးဆောင် သည့် ဂီတပညာရှင်များအဖွဲ့က မြန်မာနိုင်ငံတော် သီချင်းသံစဉ်တေးသွားနှင့် ဂျပန်နိုင်ငံတော်သီချင်း သံစဉ်တေးသွားတို့ကို ဦးစွာတီးခတ်ကြသည်။
ထို့နောက် ဖျော်ဖြေမှုအစီအစဉ်အရ ဖျော်ဖြေတင်ဆက်မှုများကို အပိုင်းနှစ်ပိုင်းခွဲ၍ တင်ဆက်ခဲ့ကြသည်။

ယနေ့ညတွင် ဂန္တ၀င်သံစဉ်တေးသွားများ၊ ခရစ္စမတ်သီချင်း သံစဉ်တေးသွားများ၊ ကာတွန်း သံစဉ်များနှင့် မြန်မာသံစဉ် တေးသွား များဖြစ်သည့် မျှော်လင့်ချက် တစ်စုံတစ်ရာ တေးသွား၊ မြန်မာ့ စိတ်ရင်းမြန်မာ့ရှုခင်း သံစဉ်တေးသွားများကို ရသစုံစုံဖြင့် ကြည်နူးဖွယ်ရာ ဖျော်ဖြေတင်ဆက်ကြပြီး ရင်သပ်ရှုမောဖွယ်ရာ သံစဉ်တေးသွားများကိုလည်း တီးခတ်ဖျော် ဖြေခဲ့ကြသည်။

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် က နိုင်ငံတော်သံစုံ တီးဝိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက် သွားကြသည့် ဂျပန်ဂီတပညာရှင် မစ္စတာယာမာမိုတိုနှင့် စန္ဒယားပညာရှင်တို့အား ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် အမှတ်တရပန်းခြင်း ပေးအပ်သည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိုင်ငံတော်သံစုံတီးဝိုင်းမှ ဂီတပညာရှင်များ အားလည်းကောင်း၊ ဂျပန်နိုင်ငံ သံအမတ်ကြီးက ဂီတမိတ်မှ အဆိုရှင်များအားလည်းကောင်း အမှတ်တရပန်းခြင်းများ ပေးအပ်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဧည့်ပရိသတ်များသည် ယနေ့ညတွင် ဖျော်ဖြေတင် ဆက်သွားကြသည့် ဂီတပညာ ရှင်များ၊ အဆိုပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
Myanmar National Symphony Orchestra Concert 2016, December ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေတင်ဆက် ခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုဖျော်ဖြေမှုသည် ဒုတိယအကြိမ်မြောက် ပူးပေါင်းဖျော်ဖြေ တင်ဆက်မှု ဖြစ်ကြောင်း သိရသည်။


Sources : သတင်းစဉ် : MOI



No comments:

Post a Comment