Latest News

Wednesday, December 28, 2016

အစိုးရ၏ စပါးဝယ်မည့်အစီအစဉ် ရပ်ဆိုင်း

အစိုးရ၏ စပါးဝယ်မည့်အစီအစဉ် ရပ်ဆိုင်း

စပါးဈေး ပြန်လည် မြင့်တက်လာပြီ ဖြစ်သည့်အတွက် အစိုးရက တောင်သူများထံမှ စပါး ဝယ်ယူမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

သို့သော် စပါးဈေး ပြန်လည်ကျဆင်းပြီး တောင်သူများ အဆင်မပြေ ဖြစ်လာမည်ဆိုပါက ယင်းအစီအစဉ်ကို ပြန်လည် လုပ်ဆောင်မည်ဖြစ်ကာ လက်ရှိ အခြေအနေအရ ဝယ်ယူရန် မလိုအပ်တော့သည့်အတွက် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ဥပဒေအရကတော့ တောင်သူတွေက ထုတ်လုပ်မှု ကုန်ကျစရိတ်ထက်  လျော့နည်းနေမယ်ဆိုရင်၊ သူတို့အတွက် အကျိုးအမြတ် မရှိဘူးဆိုရင် ဝယ်ပေးရမယ်လို့ ဥပဒေမှာ ပါပါတယ်။ လက်ရှိ ဈေးနှုန်း အနေအထားအရ တောင်သူတွေက  ထိုက်သင့်တဲ့ အကျိုးအမြတ် ရနေပြီ ဖြစ်တဲ့အတွက်ကြောင့် အခု လောလောဆယ်တော့ ဝယ်ဖို့ အစီအစဉ် မရှိသေးပါဘူး”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်။

အောက်တိုဘာလအတွင်း မိုးစပါး အသစ်များ စတင် ထွက်ပေါ်ချိန်တွင် စပါး ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်ပင် ဈေးနိမ့်ခဲ့ခြင်းကြောင့် တောင်သူများထံမှ စပါး တင်း ၁ဝဝ လျှင် ကျပ် လေးသိန်းခန့်ဖြင့် ဝယ်ယူပေးရန် စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့သည်။

“ဒါက ကောင်းပါတယ်။ တောင်သူတွေလည်း အခု ဈေးကောင်း ရနေပြီလေ။  ရပ်ဆိုင်းသင့်ပါတယ်”ဟု ဆန်ကုန်သည် ဦးဇော်ခိုင်က ပြောဆိုသည်။

လက်ရှိ စပါးဈေးကွက်အတွင်း စပါးဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိပြီး ဆန်ကြမ်းစပါး တင်း ၁ဝဝ လျှင် ကျပ် ၅ဝဝ,ဝဝဝ ခန့် ဈေးရှိပြီး ပေါ်ဆန်းစပါး တင်း ၁ဝဝ လျှင် ကျပ် ၇၂ဝ,ဝဝဝ မှ ၇၅ဝ,ဝဝဝ ခန့် ဈေးရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် နိုဝင်ဘာလအတွင်းက ပြည်ထောင်စု အစိုးရထံမှ ဘတ်ဂျက် တောင်းခံ၍ တောင်သူများထံမှ စပါး ဝယ်ယူမည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ရာတွင် နှုတ်သဘောဖြင့်ပင် ဘတ်ဂျက် ခွင့်ပြုချက် ရရှိရန် သဘောတူညီမှု ရရှိခဲ့ကာ ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူတိုင်းဒေသကြီးတို့တွင် စပါးဝယ်ရေးအဖွဲ့များ ဖွဲ့၍ ဝယ်ယူရန် စီစဉ်ခဲ့သည်။

Sources; The Voice

No comments:

Post a Comment