Latest News

Friday, May 27, 2016

ဧရာဝတီတိုင်းဒေသကြီးရှိ လမ်း၊တံတားများ လေလံတင်ဒါ စိတ်ဝင်စားကြေး စနစ် ပယ်ဖျက်


ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း၊ တံတားများ တည်ဆောက်ရေး တင်ဒါ ခေါ်ယူရာတွင် လျှောက်ထားလိုသူများ ကြိုတင်ပေးဆောင်ရသော စိတ်ဝင်စားကြေး စနစ်ကို တိုင်းဒေသကြီး အစိုးရသစ်လက်ထက်၌ ပယ်ဖျက်လိုက်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူများထံမှ စုံစမ်းသိရှိရသည်။
"စိတ်ဝင်စားကြေး မကောက်ဖို့ကို တိုင်းအစိုးရက ညွှန်ကြားတဲ့အတွက် မကောက်တော့ဘူး၊ အရင်တုန်းက ကောက်ခဲ့တဲ့ငွေကိုလည်း တိုင်းအစိုးရကို ပေးသွင်းရတာပါ"ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက ရှင်းပြသည်။
ယခင်အစိုးရလက်ထက်က လမ်းတံတားတည်ဆောက် ပြုပြင်ရေး တင်ဒါခေါ်ယူရာတွင် တင်ဒါလျှောက်ထားလိုသူများက တင်ဒါကြေး၏ ၀ ဒသမ ၂ ရာခိုင်နှုန်းကို စိတ်ဝင်စားကြေးအဖြစ် ကြိုတင်ပေးသွင်းမှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့ကြောင်း၊ ယင်းစနစ်ကို ယခု အစိုးရသစ် လက်ထက်တွင် ပယ်ဖျက်လိုက်ကြောင်း ၄င်းကဆိုသည်။
တင်ဒါလျှောက်ထားလိုသူများ ပေးသွင်းရသော စိတ်ဝင်စားကြေးမှာ လေလံ အောင်သည်ဖြစ်စေ မအောင်သည်ဖြစ်စေ ပြန်လည် မရရှိသဖြင့် လျှောက်ထားသူများအတွက် လေလံ မရသူအတွက် အကြောင်းမဲ့ ပေးသွင်းရသကဲ့သို့ ဖြစ်နေသောကြောင့် နစ်နာကြောင်း ပုသိမ်မြို့ရှိ လေလံတင်ဒါ လုပ်ကိုင်သူများက ပြောဆိုသည်။
"ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်က လမ်း၊ တံတားတွေကိုလည်း လေလံ တင်ဒါခေါ်ရာမှာ စိတ်ဝင်စားကြေးတွေ မကောက်ဖို့ ညွန်ကြားထားပါတယ်၊ ဒါကလည်း အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းထဲမှာပါတဲ့ စီမံချက်တစ်ခုပါ"ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ လမ်း၊ တံတား အသုံးပြုခ ကောက်ခံသည့် ဂိတ်ပေါင်း ၂၂ ဂိတ် လုပ်ငန်းများကို အစိုးရသစ်က ပိတ်သိမ်းခဲ့သည့်အတွက် ယင်းဂိတ်များ လုပ်ကိုင်ခွင့်ရရှိရန် ပေးသွင်းခဲ့ရသော လေလံ တင်ဒါ လျှောက်ထားခဲ့သူများက စိတ်ဝင်စားကြေး ကျပ်သိန်း ၃၂၀၀ ကျော်ကို ပြန်ထုတ်ပေးရန် ဧပြီလက တောင်းဆိုခဲ့သည်။
မောင်မျိုးထက်(ပုသိမ်)

The Voice Weekly

No comments:

Post a Comment