Latest News

Thursday, June 27, 2013

Ko Yarzar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၁၀)


● ဦးဝင်းတင်နဲ့ မယုံသုံးပါး ယုံသုံးပါး

ဒီတစ်ပတ်ထုတ် ဒီလှိုင်းမှာ ဦးဝင်းတင်က သမ္မတကြီးကို ကိုယ်ချင်းစာစကားနဲ့ စေတနာထားလိုက်တယ်ဗျ။ သူတို့က နှလုံးစက်တပ်ထား ခြင်းလည်း တူပေသကိုး။ စေတနာထားတာများ ရေစီကမ်းပြိုလိုက်နေသလားတောင် မှတ်ရတယ်။ အဘက အသက်နည်းနည်းပိုကြီး သူဆိုတော့ ဆုံးမတရားလေးလည်း ပါသေးသကိုးဗျ။

သူပြောတာက “သမ္မတကြီး ပျော့ပြောင်း သဘောကောင်းတာ ကျေးဇူးတင်သဗျ။   ပျော်နေ မော်နေတာကြည့်ပြီးလည်း မုဒိတာပွားမိသဗျ။ ဒါပေမယ့် သမ္မတကြီးရယ် ပျော့တော့ မပျော့ပါနဲ့ဗျာ၊ ဆိုတင်း စကားလိုရင်းနဲ့ပါးလိုက် တယ်” ပြောပါတော့ဗျာ။

အဟုတ်ဗျ။ သမ္မတကြီးကို ဘယ်နေရာ တွေ့လိုက် တွေ့လိုက် ပြုံးပြုံကြီးနဲ့ ကိုယ်ပါလိုက်ပြုံးပျော်မော်ကြွားချင်စရာတောင် ဖြစ်ဖြစ်လာတာပေါ့။ မိဘပြည်သူများခင်ဗျား အစချီတိုင်းပြည်မိန့်ခွန်းများကလည်း မကြာခဏ ဟကာခြွေလှစ်ပြနေတော့ ပြည်သူပြည်သား အားကိုးအားထား လည်းပြုပြန်တယ်ဗျာ။ ဒါပေမယ့် တစ်ခါတလေ သမ္မတကြီးက ကိုယ်နဲ့မဆိုင်တာတွေ ဂလိုင်လိုက်ခေါက်ခေါက်နေတော့ တာဝန်ထမ်းနိုင်ပါ့ မလားတောင် စိုးရိမ်စရာတွေဖြစ်လာတယ်။

တပ်မတော်သား နှစ်ဆယ့်ငါးရာခိုင်နှုန်းဟာ လိုကို လိုအပ်ပါတယ်ဆိုစကားများ ဒီမိုကရေစီသမား ကျနော်တို့မှာ ဖျားတောင်ယူရတယ်။ အဲ့ဒါသမ္မတကြီးနဲ့ ဘယ်လိုများသက်ဆိုင်နေသလဲ။ ဟဲဟဲ…..ဟဲဟဲ။ ကိုယ့်ဖာသာသိတယ်နော်။ ဘာ ပြောပြော သမ္မတကြီးကိုလည်း ကိုယ်ချင်းစာပါတယ်။

တစ်ဖက်မှာလည်း လွှတ်တော်ကို ဦးဝင်းတင်တို့အုပ်စုတွေ ဇွတ်ကလော်နေပြန်ရော။ ဦးခွန်ထွန်းဦးဆို အယုံအကြည်မရှိတောင် ပြောတာ ကလား။ ကျနော်တို့ကတော့ ဒီလိုသဘောမှာမထားပါဘူး။ ဒါပေမယ့် လွှတ်တော်ဥက္ကဌကြီး အမေရိကန်အပြန်ခရီးမှာပြောလိုက်တဲ့စကားသာဓုခေါ်ရမလား၊ဘာလား ညာလားတောင် မသိတော့ဘူး။ ဖက်ဒရယ်ဟာ ဖက်တွယ်ထားတဲ့ပြည်ထောင်စုစနစ်ဆိုတာ သိပါပြီတဲ့။ မသေ ခင်သိသွားတာ အတော်ကျေးဇူးများလှပါတယ်။ လွှတ်တော် အလုပ်ဖြစ် မဖြစ်ကတော့ ညစ်ကျယ်ကျယ် မပြောချင်တော့ဘူး။ ဘာတဲ့   လယ်ယာမြေနဲ့ အခြားမြေယာများ သိမ်းဆည်းခံရခြင်းကော်မတီဥက္ကဌရှေ့မှာတင် အိမ်တွေဖြိုချမြေတွေပြန်သိမ်းပြလိုက်ဆိုပါ့လား။ အော်..စစ်သား…စစ်သား ညည်းတွားမိပေရဲ့ဗျာ။

ဒီလိုတြိသုံးပါးကိုနားလည်အောင်ကြိုးစားမိတော့ အဘဦးဝင်းတင်စကားက ရှင်းတယ်ဗျာ။ ကွင်းစကွင်းပိတ်ထဲက စကားတွေကတော့ ကျနော်ပြောတာပါ။

“ဟေ့ယောင်ရာဇာ ငါကတော့ သမ္မတလည်းမယုံဘူး (သမ္မတယိမ်းအဖွဲ့ကြီးပေါ့ဗျာ။ တောင်ပြေးလိုက် မြောက်ပြေးလိုက် ယိမ်းသမတွေ ယိမ်းကတာထက်တောင် လှနေသေး) လွှတ်တော်လည်း ငါမယုံဘူး။ (အင်းဥက္ကဌနာမည်ကိုက ဇာတ်မင်းသားနာမည်ဖြစ် နေတော့ လွှတ်တော်ဇာတ်သဘင်ကြီးမှာပေါ့လေ။ NLDတွေကလည်း တစ်ချက်ချက် အရွှန်းဝင်ဝင်ဖောက်ပေးရသေးတယ်။ ဥပမာ ပိုင်ဆိုင်မှုကြေညာရေးကိစ္စမျိုးပေါ့) စစ်တပ်ကို သာမယုံသေးတယ်။ (ဒီကောင်တွေ အာဏာပါးဝနေတာကြာပေါ့။ အာဏာအကြောင်း စစ်တပ်သက် သေတောင်ဖြစ်နေသေးတာ) ဘာလို့လည်းဆိုတော့ သမ္မတကကွာ တိုင်းပြည်အရေးကြီးကိစ္စ ဘာပြောလဲ။ ပဋိပက္ခတွေဖြစ်တယ်။ ဘာမှမ ပြောဘူး။ ဟိုရှောင် ဒီရှောင် တိုင်းရင်းသားအရေးကိစ္စ ဝေ့လည်ကြောင်ပတ်၊ လူ့အခွင့်အရေးရာ ငါမပါဆိုတဲ့လူကွာ ။တကယ့်လူ။ ပျော့ပြောင်း တာကောင်းတယ်ကွ။ ပျော့ညံ့တာ အလုပ်မဖြစ်ဘူး။ လွှတ်တော်ကွာ အရေးကြီးတာပေါ့။ ဒါပေမယ့် သူကငြင်းခုန်ခြင်းစင်တာတောင်မ ဟုတ်ဘူး။ ဇာတ်တိုက်နေသလို ဖြစ်နေတယ်။ သူတို့ဟာက ကြိုတင်ကြံစည်ထားသလိုဖြစ်နေတယ်။ တကယ့်ဒီမိုကရက်လမ်းကြောင်း တင်ကြည့်။ ဘယ်ကောင်မှ လက်ခံမှာမဟုတ်ဘူး။ ပိုင်ဆိုင်မှုကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ အခြေခံဥပဒေပြင်ရေးကိစ္စ၊ အပစ်အခတ်ရပ်စဲရေး ကိစ္စလွှတ်တော်က လောက်လောက်လားလား ဘာအဖြေထွက်သလဲ။ မထွက်ဘူး။ ဒါပေမယ့် လွှတ်တော်ရှိရမှာပေါ့။ ဒီမိုကရေစီနိုင်ငံပဲ။ လွှတ်တော် ပုံစံပြင်ရမှာ။ လွှတ်တော်မှာ ဥက္ကဌကြီးကြွလာပါပြီခင်ဗျားဆိုတာကအစနဲ့ နေတာ ထိုင်တာ လွတ်လပ်မှုမရှိတာတွေ ကိုယ်နဲ့ဆိုင် ဆိုင် မဆိုင် ထိုင်နားထောင်နေရတာတွေကွာ။ ဒီမိုကရက်လွှတ်တော်ဖြစ်အောင်ပြင်ဆင်ရမှာ ကိုယ်တိုင်က မလွတ်လပ်ပဲ လွတ်လပ်ခြင်း အကြောင်းပြောရင်တော့ မဟုတ်သေးဘူးထင်တယ်။ စစ်တပ်ကတော့ အဆိုးဆုံးပေါ့ကွာ။ သူများခိုင်းတာ လုပ်ရတာကိုး။ ဘာတဲ့ မဆီမဆိုင် ပြောပြောနေတဲ့စကား ငါတော့ နားခါးတယ်ကွာ။ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကို တပ်မတော်က ဆက်လက်ဆောင်ရွက်ရမယ်ဆိုလား ဘာလားကွာ ငါတော့ ဒီသုံးခုကို မယုံဘူးကွာ”

မယုံတာကို အသေအလည်း ယုံပါလို့ ပြောမကောင်းတော့ ကျနော်လည်း အာညောင်းမခံပါဘူး။ မယုံဘူးပေါ့ဗျာ။ ဒီလိုအမြင်နဲ့ နိုင်ငံရေးလုပ် ရင် အဆိုးမြင်ဖြစ်တော့မပေါ့အဘရာဆိုတော့ အဘပြောတာလေးကောင်းတယ်။

“ဟေ့ယောင် လောကကြီးမှာ ဘာဖြစ်ဖြစ် အပျက်မြင်နေလို့တော့မဖြစ်ဘူးကွာ။ အထူးသဖြင့် နိုင်ငံရေးသမား အဆိုးချည်းလိုက်မြင်နေရင်ကိုယ်တိုင်ပါ ပျက်စီးတတ်တယ်။ ငါကတော့ (၁) ဒေါ်အောင်ဆန်းစုကြည်ကို ယုံတယ်။ (၂) အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို ယုံတယ်။ (၃)ငါတို့ဗမာပြည်သူလူထုကို အရမ်းယုံတယ်။ ဒါပဲကွာ။ ဒီယုံကြည်မှုနဲ့ ငါတိုက်ပွဲဝင်နေတယ်။ မင်းတို့ယုံတာ မယုံတာ ငါနားမလည်ဘူး။ ငါ့ယုံကြည်မှုနဲ့ ငါလုပ်နေတယ်။ ဒါပဲ”

အဲ… အဲကျနော်လည်း ကိုယ့်ဖာသာ မသေမချာ မရေမရာဖြစ်နေတာလေး ဟန်ကျပြီး ဘ၀င်ကျသွားတယ်။ အော် အခုတော့ ထမင်းလည်း ကောင်းးကောင်းစားလို့ ညလည်း အိပ်ပျော်တယ်ဗျာ။ ဘာပြောပြော ပျော်စရာကနေ ပျက်စရာဖြစ်မလာ ပြီးတာပဲမဟုတ်လား။

Tuesday, June 25, 2013

Ko Yarzar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၉) ( ဦးဝင်းတင်နဲ့ သေခြင်းတရား)

ကိုရာဇာ။ ဇွန် ၂၅၊ ၂၀၁၃


● ဦးဝင်းတင်နဲ့ သေခြင်းတရား

လူတွေမွေးဖွားကတည်းက တခါတည်း အမှတ်အသားပြုပေးလိုက်တာကတော့ သေခြင်းတရားပဲဗျ။ သေမှာပဲ သေတာ အမျိုးအစားခွဲလိုက် သေးရတယ်။ လူ့သတ်မှတ်ချက်တွေပေါ့လေ…။ အသေဆိုး..အဆိုးသေ..အစိမ်းသေ အစရှိသဖြင့် သေခြင်းတရားကို အမျိုးအစားခွဲထား သေးတယ်။ ဒါပေမယ့် ဘယ်လိုသေသေ သေတာကတော့ သေတာပါပဲ။ ကျနော်တို့တွေ အသက်အရွယ်သတ်မှတ်ချက်အလိုက် သေခြင်းကို အသက်ကြီးသူများကို ဦးစားပေးထားတယ်ဗျ။ ငါကတော့ ငယ်သေးလို့၊ ဟိုလူကတော့ သေချိန်တန်နေပြီ အစရှိသဖြင့် ဘုရားဟော ဒေသ နာကို နှလုံးမသွင်းနိုင်ပဲ ကိုယ်သေစေ့ချင်တဲ့လူဆို သေချိန်တန်နေပြီ၊ကိုယ်ချစ်ခင်တဲ့လူဆို အသေစောလို့ နှမြောလှချည့်တွေဖြစ်ကုန်တော့တာပဲ။ ဆိုပါတော့ဗျာ အဘဦးဝင်းတင် ရှစ်ဆယ့်လေးဆိုတော့၊ ကျနော့်ထက် အသက်ထက်ဝက်မကကြီးတယ်။ ဒီတော့ သေစားရှိ ဦးဝင်းတင် အရင်သေပေးရမှာပေါ့။ (ဒီနေရာမှာတော့ အဘကို ကျနော်သဘောထားကြီးပေးလိုပါတယ်) အဲ့သလို တရားမရှိ ကြီးပြင်းနေကြ တာလားဗျာ။



ဒီတော့ သေခြင်းကို ဦးဝင်းတင် ဘယ်လိုသဘောများပိုက်နေသတုန်း။ ကျနော်တို့ တာရာမင်းဝေခေါ် ရွှေဖုန်းလူရဲ့နှစ်ပတ်လည်ကိုသွား  တယ်။ ဦးဝင်းတင်ပါတယ်။ ဦးသာဘန်းပါတယ်။ ကျနော်ပါတယ်။ ဦးသာဘန်းက စကားတစ်ခွန်းပြောတယ်။

“ကိုဝင်းတင် ဒီကောင်ရွှေ ဖုန်းကလူတော်ဗျ။ အရက်သောက်လွန်းလို့သေတာတဲ့။”

ဒီတော့ အဘဦးဝင်းတင်က ဘာပြန်ပြောလည်းဆိုတော့ “မင်းမလည်းသာဘန်းရာ … ဒီကောင်သေတာကောင်းတာပေါ့။ ကိုယ်ကြိုက်တာလုပ်ရင်းသေတာ။ သောက်ချင်တာသောက်ပြီး သေတာကွာ။ မင်းရော ငါပါသေမှာပဲ လေ …” တဲ့။

ရယ်စရာအဖြစ် ပြောကြတာပေါ့လေ။ ဆင်ခြင်ပွားများ လူ့တရားဆိုသလို ကျနော်လည်း မြောက်ဒဂုံမှာ လမ်းတွေမှားပြီး ဆင်ခြင် ပွားများတွေးတောထားစရာတွေရှိတယ်။ ဟုတ်ပါ့မလား တာရာမင်းဝေ သေချိန်မတန်ဘူးလား။ အရက်တွေမသောက်ရင် တကယ်မသေ ဘူးလား အစရှိသဖြင့်ပေါ့လေ။

အဘကို ကျနော် သေချာစူးစူးစမ်းစမ်းဖြစ်နေမိတာ ဒီသေခြင်းကိုပဲ။ အဘ ကျနော့်ကို သူဆေးရုံတက်တော့ပြောဖူးတယ်။ ကျနော့်ကိုဆို တာထက် ဆရာဝန်ကြီးတစ်ယောက်ကိုပြောတာပါ။

“ကျနော်လည်းဗျာ ၀တ္တရားအရဆေးကုနေရတာ။ ကျနော်က ဆရာဝန်တွေဘာတွေ သိပ်အယုံအကြည်မရှိဘူးခင်ဗျ…”တဲ့။

ကျနော့်မှာ မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ပြီး အားနာလိုက်တာဗျာ။ ဒီတော့ ကျနော် အဘကိုပြောတယ်။ “အဘ ဒီလိုမပြောသင့်ဘူး” ဆိုတော့ အဘက “ကျနော့်ကို မင်းငါ့ဘ၀ထဲ ၀င်မစွက်ပါနဲ့”တဲ့။ “ငါသိတာပေါ့ကွာ”တဲ့။ ဒါဆို “အဘဆေးမကုပဲ သေချင် သေနေပါ့လား” ဆိုတော့ “ဒီဆေးရုံလာတက်တာ ငါ့ဖာသာလာတက်တာလား။ မင်းတို့ကောင်တွေ လျှာရှည်ပို့တာလား” ဆိုတော့ ပြီးရောပေါ့ဗျာ။

အဘသေခြင်းကို ဒက်ဖနေး ရှင်းတယ်။

“ဟေ့ယောင် … ရာဇာ လူဆိုတာသေမျိုးကွ။ ငါ့အမြင် သေခြင်းဟာ အသက်ရှည်သူတွေအတွက်ဆိုရင် သုံးမျိုးလောက်ရှိမယ်။ ပထမညဏ်သေ မယ်ကွာ။ ဒုတိယလှုပ်ရှားမှုသေမကွာ။ တတိယအသက်သေမယ် ကွယ်ပျောက်မယ်ကွာ။ ဒီနေရာမှာ စစ်သားအိုတွေဟာ မသေဘူး။ ကွယ်ပျောက်သွားတာပါ ဆိုတဲ့စကား ငါလက်ကိုင်ထားတယ်။ ငါလည်းနိုင်ငံရေးသမား ပျောက်ကွယ်သွားတာမျိုးပဲဖြစ်ရမယ်ကွ။ ငါ ဒေါ် အောင်ဆန်းစုကြည်လွတ်လာခြင်းညမှာ စီအီးစီအစည်းဝေးထိုင်တော ငါ သေချာပြောတယ်။ ဒေါ်စု ကျနော်လည်းအိုပြီ၊ ညဏ်လည်းယိုင်ပြီ ခြေထောက်တင် ယိုင်တာမဟုတ်ဘူး၊ ညဏ်ပါယိုင်နေပြီ။ ကျနော့်ကို စီအီးစီကထွက်ခွင့်ပေးပါ။ ကျနော် ပါတီကထွက်မပြေးပါဘူး။ ကျနော် ပါတီမှာပဲအလုပ်လုပ်ပါ့မယ်။ ကျနော် စီစီမှာ ဆင်းလုပ်ပါ့မယ်ဆိုတာ မင်းတို့အမေ သဘောမတူလို့ ငါ့မှာ ယောင်ချာချာနဲ့ ခုထိ ပါနေရ သေးတာကွာ။ ငါ့ကောင် ဘယ်တော့မှသေတဲ့အထိ လုပ်မယ်ဆိုတဲ့စကားမပြောကောင်းဘူး။ ဒီလိုပဲ ဖယ်ပေးရမှာပေါ့ကွာ။ ငါကဖယ်ပေးမယ် ပြောတော့ ဒေါ်စုက နေရာချဲပေးတယ်လောက်ပဲသုံးပါ။ ဖယ်ပေးပါလို့ မပြောဘူး။ ဒေါ်စုက ကာလဒေသလိုက် စကားလုံးသုံးနှုန်းတာလည်း လှတယ်ကွာ။ အဲ့လိုနေရာတွေမှာ ဒေါ်စုကို ဘယ်သူမှမလိုက်နိုင်ဘူး။ မင်းတို့ကောင်တွေယောင်ဝါးဝါးတော့မလုပ်နဲ့။ ငါနိုင်ငံ့ထိပ်ပိုင်းခေါင်း ဆောင်ဆိုတဲ့လူတွေနဲ့ ဆက်ဆံဖူးတယ်။ အကုန်ပျက်ကုန်တာပဲ။ အေးတစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကမပျက်ဘူးကွ။ သူ့နေရာမှာ တခြားလူဆို ခုလောက်ရှိ ရူးပါကုန်လောက်ပြီ။ ဘယ်ဒီလောက်ထိ မြှောက်ပင့်ပေးနေတာ တော်ယုံလူဆိုမြောက်ပြီပေါ့။ ဒီတစ်ကွက် ဒီအ ချက်နဲ့တင်ကို ကျေးဇူးတင်လေးစားစရာကောင်းလှပြီကွာ။ ငါသေတာ မသေတာ အရေးမကြီးဘူး။ ဒေါ်စုမသေဖို့လိုတယ်” တဲ့။

ကျနော်က တော့ အဘပြောတဲ့ သေခြင်းကို မငြင်းဆန်ပါဘူး။

ညဏ်သေတာကတော့ ကျနော်တို့လူငယ်တွေ အရင်သေနေတာ။ သောက်သောက်စားစား လူ့မင်းသားပေါ့ဗျာ။ ယိုင်တာလည်း ကျနော်တို့ လူငယ်တွေပဲ။ ဘယ်မဟုတ်က ဟုတ်ကတွေ ဒီလောက်သောက်စားနေတာ။ အကုန် မေ့မေ့လျော့လျော့ဖြစ်နေတာကြာပေါ့။ အဘတို့များ အခုမေး လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကိစ္စ ခုဖြေနိုင်တုန်း။ ကျနော်တို့များ နှစ်ဆယ့်ငါးမိနစ်ကြာပြောထားတဲ့ဟာ မေ့လို့မေ့။ ကောင်းပါတယ်။ အကုန်သေအေးတာပဲဆိုတဲ့စကား ရှိတယ်မဟုတ်လား။ ကျနော်ကတော့ အဘဦးဝင်းတင်တို့၊ အမေ ဒေါ်အောာင်ဆန်းစုကြည်တို့ကို မသေစေ့ချင်တဲ့ လူ့အန္ဓစိတ်ကလေး မွေးမိတုန်းပဲ။ ဒါ့အပြင် အချုပ်မှူးကြီးတို့၊ အရှုပ်အရူးကြီးတို့ဆိုတာတွေကိုတော့ ချက်ခြင်းလက်ငင်းသေစေချင်တဲ့ အဘိစ္ဆာတရား ပွားများမိနေတုန်းပဲ။ ဒါတွေလည်း မသေခင်လေး အကုသိုလ်ယူရတဲ့အမျိုးကိုး……။

Sunday, June 23, 2013

Ko Yar Zar -ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၈)

ကိုရာဇာ၊ ဇွန် ၂၃၊ ၂၀၁၃
ဦးဝင်းတင်နဲ့ မိမိကိုယ်ကို စောင့်ရှောက်ရေး
            လူတွေဟာ သာမန်အားဖြင့်ကြည့်ရင် မိမိကိုယ်ကိုယ် သိပ်ဂရုမစိုက်တတ်ဘူး ထင်ရတတ်ပါတယ်။ ဥပမာအားဖြင့် ကျနော်ဆို ဘယ်တော့မှ မှန်မကြည့်ပါ။ ဆံပင်ညှပ်ရင် ဘယ်လိုပုံလေး ညှပ်ပေးပါ ဆိုတာမရှိ၊ အ၀တ်အစားဆိုလည်း ကိုယ်နဲ့လိုက် ဖက်ခြင်းရှိသလား မရှိသလားဆိုတာလည်း မစဉ်းစားတတ်ပါဘူး။ အပေါင်းအသင်းအများစုက ကျနော့်ကို “ကလေက၀”လို သဘောထားကြပါတယ်။ ကျနော်ကလည်း ဘာကိုမှ ဂရုမစိုက်အချိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ဟိုးတစ်လောက ကျနော် ဖျားပါလေရောဗျာ။ ခေါင်း ဘယ်လိုမှ မထူနိုင်အောင်ဖြစ်လည်းလာရော “အမေတ” တော့တာပဲဗျာ။ ဆိုလိုတာက ကျနော်ဟာ မသိစိတ်မှာ အတော်လေး ကြောက်တတ်သူပါလားလို့ ဆင်ခြင်ပွားများမိပါတယ်။ ဒီလိုကိစ္စကို ထုံးစံအတိုင်း ကိုယ့်ဘဘ ဘယ်လိုများ နေထိုင်ဖြေရှင်းသလဲ ကြည့်ရအောင်ဗျာ။
             တစ်နေ့သား အဖွဲ့ချုပ်ရုံးမှာ လုပ်စရာအလုပ်က မရှိဆိုတော့၊ ကျနော်နဲ့ အဘနှစ်ယောက်သား စကားထိုင်ပြောနေ ကြတယ်။ ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ထားတော့ ရုံးကို လူလည်း သိပ်မလာရဲကြတော့ လူအတော်လေးရှင်းနေတယ်။ (အဲ့ဒီတုန်းက ရုံးကို ဗွီဒီယိုမှတ်တမ်း မတင်ထားဖြစ်တာ နာလှသဗျာ။ တခြားတော့မဟုတ်ပါဘူး၊ အခုလူတွေကို ပြချင်တာပါ။ အဲ့ဒီတုန်းမှာ အဘနဲ့ သက်တူရွယ်တူ နိုင်ငံရေးသမားကြီးဦး … … … … ရောက်လာသဗျ။ သူလည်း စကားဝိုင်းထဲ ၀င်ပါ၊ လေကန်တော့တာပေါ့ဗျာ။ ပြောနေတုန်း သူက နာရီတကြည့်ကြည့်ဗျ။ နောက်တော့ “နှစ်နာရီထိုးပြီ၊ ဆေးသောက်ရတော့မယ်” ဆိုပြီး ရေထခပ် ဆေးသောက်ပေါ့။ ဒီမှာတင် သူက … “ကိုဝင်းတင်” တဲ့၊ “ခင်ဗျားကော ဆေးတွေ ဘာတွေ သောက်တာ မှန်သလား …” တဲ့။ အဘ ဆေးသောက်ပျင်းတာ သူလည်း သိတယ်။ အဘက ပြန်ဖြေတယ် “ဒီလိုပါပဲဗျာ…ကြုံသလို ကျသလိုပါပဲ” လူက ကိုယ့်ကိုကိုယ် အဲ့လောက် ဂရုမစိုက် မယုယနိုင်ပါဘူး။
                   နောက်နှစ်ရက်လောက်ရှိတော့ အဘအိမ်ကို အဘသူငယ်ချင်း နိုင်ငံရေးသမားကြီး ဒေါသတကြီးနဲ့ ရောက် လာတယ်။ “နေပါအုံး … ကိုဝင်းတင် …” အစချီပြီး၊ သူဟာ (တကသ)မှာ ဘယ်လို ခေါင်းဆောင်ခဲ့တယ် ဆိုတာတွေ။ သူဟာ ထောင်ထဲမှာ ထောက်လှမ်းရေး အဆိပ်ခတ် ခံရတာတွေ လာပြောနေတယ်။ အကြာကြီးပဲ။ လိုရင်း မရောက်ဘူး။ နှစ်နာရီလောက် ရှိတော့မှ အဘက “ဟေ့လူ၊ ခင်ဗျားက ဘာကိုဆိုလိုချင်တာလဲ” ဆိုတော့မှ၊ “ခင်ဗျား ဟိုနေ့က ရုံးမှာ ကျနော့်ကိုကြောက်တတ်တယ်လို့ ပြောလိုက်လို့ လာရှင်းပြတာ …” တဲ့။ ကျနော်တောင် ဘေးကနေ သူ့ကိုယ်စား မောသွားတယ်။
          သူပြန်သွားတောမှ အဘက တခွီးခွီးရယ်တယ်။
“ငါ သူ့ကိုပြောတာက ကိုယ့်ကိုကိုယ် စောင့်ရှောက်တာ ကောင်းတယ်။ ယုယနေတာ မကောင်းဘူး၊ ပြောတာကိုကွာ၊ သူက သူ့ကို ကြောက်တတ်တယ်လို့ ပြောတယ် ထင်နေတာ။ အင်း ဒီလူ ဒီပုံအတိုင်းဆို သူငယ်ပြန်အုံးမယ်။ ဒီလိုကွ၊ ငါ ရှစ်ဆယ်ခုနှစ် အကျော်မှာ နှလုံးရောဂါရှိတာ စသိတယ်ကွ။ (ကျနော် အမှတ်မမှား ရင်တော့ ၁၉၈၄) ဒီလိုကွာ။ နေရထိုင်ရတာ ကြပ်လာတယ်ကွ ။ ငါလည်း ငါ့ကိုယ်ငါ တစ်ခုခုဖြစ်ပြီဆိုတာ သိလိုက်ပြီ။ အဲ့ဒါနဲ့အလုပ်သမားတွေကို ခေါ်ပြီးတော့ … ဟေ့ကောင်တွေ … ငါတစ်ခုခုဖြစ်ရင် ဆေးရုံကြီးသာပို့လို့ ပြောလိုက်ပြီးကတည်းက ပစ်လဲကျသွားတယ် ။ နောက်တော့ ငါသတိရလာတော့ မန္တလေးဆေးရုံကြီးပေါ်ကို ရောက်နေတယ်။ အဲ့ဒီတုန်းက ငါသာ အလုပ်သမားတွေကို မမှာထားဘူး ဆိုရင်၊ အလုပ်သမားတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိဖြစ်ပြီး၊ ငါလည်း တစ်ခါတည်း သေမှာကွ။ ဆိုလိုတာက ငါ သတိကောင်းတယ်။ သတိထားတယ် ဆိုတာထက် ငါ့ကိုယ်ငါ စောင့်ရှောက်မှု ပေးတာပေါ့ကွာ။ လူဆိုတာ အဲ့လောက်တော့ ကိုယ့်ကိုကိုယ် စောင့်ရှောက်ဖို့ ကောင်းတာပေါ့ ။ ဒါပေမယ့် ဒီ့ထက်ကဲပြီး မင်းသိတယ်ဟုတ်လား လူတစ်ချို့ ၀က်ခြံပေါက် ပေါက်ပြန်ပြီ ။ ကိုယ်ပူ ပူပြန်ပြီ ။ ဟိုခါးနာလို့ … ဟာ….စုံစေ့နေတာပဲကွာ။ ယုယနေလိုက်တာ။ သူ့ဟာသူတင် တစ်ယောက်ထဲ ယုယနေတာ အကြောင်းမဟုတ်ဘူး။ ဘေးပတ်ဝန်းကျင်၊ အသိုင်းဝိုင်းရှိသေးတယ်ကွ။ ဘေးလူတွေက လိုက် လုပ်ပေးနေရတာ။ ဆရာဝန်ပဲ ပြေးခေါ်ရတော့မလိုလို၊ ဆေးရုံပဲ ပြေးတင်ရမလိုနဲ့ ။ ငါတော့ မကြိုက်ဘူးကွာ။ ယုယနေတာမျိုး ၊ သူများဒုက္ခများမယ့်ဟာမျိုး ၊ သူများအားကိုးနေရမယ့်ဟာမျိုး ၊ မလုပ်ချင်ဘူး။ ငါ သေစားရှိရင် ငယ်ငယ်လေးကတည်းက သေပြီ။ ငါ့ဖာသာ သတိကပ်လို့သာ ငါ ခုထိအသက်ရှင်နေတာ ။ သေခြင်းတရားအပေါ်တော့ ငါ ဒီလို သဘောထားတယ်ကွာ … ”
           အဘပြောသလို ကျနော်လည်း ခုနောက်ပိုင်းတော့ ကိုယ့်ကိုကိုယ် သတိကပ်အောင် နေတတ်လာပါပြီ။ သို့သော် ယုယချင်စိတ်ကလေး၊ တနည်းဆိုရရင်တော့ သူများအရေးပေးခံချင်တဲ့ စိတ်ကလေးတော့ ရှိနေသးတယ်လို့ ခံစားမိနေတယ်။ အခုတစ်ပတ်တော့ အသက်ရှင်တာတွေ ရေးပြနေတာ၊ ရှင်ခြင်းဟာ ကောင်းပါတယ်။ အသက်ရှင်သန်နေလို့လည်း လူတွေဟာ ဆက်သွယ်မိနေကြသေးတာကိုး။ သေသွားရင်တော့ ဘာမှကို လုပ်မရတော့။ အသက်ရှည်တာ ကောင်းတယ်လို့ အဘဦးဝင်းတင်ကလည်း ခံယူပါတယ်။ ဘာလို့လဲ ဆိုတော့ နှစ်ပေါင်းငါးဆယ်ကျော်မှ ပြန်ရိုက်ခွင့်ရတဲ့ သူ့စာအုပ်တွေကို သူကိုယ်တိုင် ပြန်မြင်ခွင့်၊ တွေ့ခွင့်၊ ဖတ်ခွင့်ရနေလို့ပါပဲ။
နောက်အပတ်များကျမှပဲ ဦးဝင်းတင်နဲ့သေခြင်းတရားဆိုတဲ့ဟာလေး ရေးပြရသေး တာပေါ့။ အလုပ်တွေရှုပ်နေလို့ နေ့စဉ် မရေးပေးဖြစ်တာ နားလည်ပေးမယ်ထင်ပါတယ်။
 ကိုရာဇာ
(Photo – 2103, Burmese Thagyan, in front of NLD office, watching Thagyan Pwe)

Monday, June 17, 2013

Ko Yar Zar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၇)


ဦးဝင်းတင်နဲ့နေထိုင်ခြင်း
ကိုရာဇာ
ဇွန် ၁၇၊ ၂၀၁၃

● ဦးဝင်းတင်ဟာကွန်မြူနစ်လား
ဒီစာ၊ဒီစကားဟာ အန္တရာယ်များကောင်းများမယ်ဆိုတာ ကျနော်သိတယ်ဗျ။ ဘာလို့လည်း ဆိုတော့ အယူဝါဒတစ်ခုအကြောင်းက မပြောကောင်းဘူးလို့ ကျနော်သဘောထားလို့ပဲ ။ ကောင်းပြီ … ကျ နော်တို့ဦးဝင်းတင်ကို ဘယ်လိုနားလည်ထားသလဲ။ ဦးဝင်းတင်ကို အရင်းနှီးဆုံး ဘယ်မှာဖြစ်ရသလဲ … ဆိုတော့ စစ်အာဏာရှင်ခေတ် သတင်းစာရှင်းလင်းပွဲတွေမှာ ဦးဝင်းတင်ဟာ ကွန်မြူနစ်ဖြစ်တယ် ၊ဒေါ် အောင်ဆန်းစုကြည်ဟာ ဦးဝင်းတင်ကြိုးကိုင်တာကို လိုက်လုပ်တယ်၊ ဦးဝင်းတင်ကိုလည်း ကွန်မြူနစ်ပါ တီက ကြိုးကိုင်တယ်။ ကွန်မြူနစ်ပါတီကိုလည်း တရုတ်က ကြိုးကိုင်တယ်ဆိုတာမျိုးကို၊ အခုဘုရားဒကာယောင်ဆောင် ဦးကြောင်တောင်တောင် မှောင်တောင်မိုက်တိုက် လူ့အသိုက်အ၀န်းနဲ့မှ မထိုက်သူတစ် ယောက်က ပြောဖူးတယ်လေ။
ဒီတော့နှောင်းလူများ အမှတ်မှားသွားရင် မဖြစ်ချေဘူးဆိုပြီး မထူးဇာတ်သွင်း ဒီစာကို ရေးသားခြင်းဖြစ်ပါတယ်။ ကျန်တာ တာဝန်မယူပါ။ ကွန်မြူနစ်ဖြစ်ခြင်း မဖြစ်ခြင်းက သပ်သပ်ပေါ့ဗျာ။ အဓိက အဲ့ဒီအူကြောင်ကြား ဗရမ်းဗတာစကားတွေပြောတာက သိက္ခာချချင်တာ၊ ဘယ်သူက ဘယ်သူ့တပည့် ဘယ်သူက ဘယ်သူ့ရုပ်သေး ဆိုတာမျိုးပြောချင်တာ။ တကယ်ပြောရင်တော့ သူက အဲ့လိုပြောနေတာ သူ သူ့ပထွေး အဖေဆရာပြောခိုင်းနေတာတွေ ပြောရတာကလားဗျာ။ သူ့ဟာသူသိပါတယ်။ ဒါပေမယ့် စိတ် နေစိတ်ထားအောက်တန်းစား ဆိုတော့ေ ပြောချင်ရာရာပြော ငါ့စကားနွားရ၊ လျာခလုတ်မထိ ဆူးမငြိပြီး ရောလျောက်လျောက် ပြောတာပေါ့ဗျာ။
သူလျောက်ပြောသွားတာနှစ်ဆယ့်ငါးနှစ်ကြာမှ ပြန်တုန့်ပြန်တယ်မထင်နဲ့ ဒီလိုလူစားကျနော် က စာရင်းသွင်းမထား၊ အဖက်မလုပ်ဘူး။ အခုဟာက အဘကို တိုက်ရိုက်ထိခိုက်ခဲ့တဲ့ စကားမို့ပြန်ပြောနေတာပါ။ ကွန်မြူနစ်အပြောခံရတာလည်း နာစရာတော့ မဟုတ်လှပါဘူး။ ဒါပေမယ့် ဒါကြီးက ဒုတိယဘာသာတရား လိုဖြစ်နေလို့ ပြန်ပြောတာဖြစ်ပါတယ်။
“ငါနိုင်ငံရေးသမားမဟုတ်ဘူးကွ။ ငါသတင်းစာသမား။ နောက်တစ်ခုက ငါဘယ်တော့မှ ရန်မဖြစ်ဘူး ။ ငါ့တိုက်ပိုင်က အလံနီကွ။ ဒီတော့ သူ့အပေါင်းအသင်းတွေကလည်း အလံနီ။ သူတို့ဒဂုန်တာရာကို သဘောမကျဘူး။ ဗကပဆိုပါတော့ ဒဂုန်တာရာက။  ငါကတော့ ဒဂုန်တာရာ့စာတွေထည့်တာပဲ။ သတင်းစာထဲကို။ အချို့က ငါ့ကိုဆဲချင်တယ် ။ ငါကတော့ လုပ်စရာရှိတာလုပ်တာပဲ။  ဘယ်သတင်းသမားမှ နိုင်ငံရေးသမားသြ ဇာခံ မဖြစ်သင့်ဘူး။ အမေရိကန်မှာ နစ်ဆင်လက်ထက်က ဇစ်ကလေယာဆိုတဲ့ သတင်းစာဆရာတစ်ယောက်ရှိသကွ ။ သူကနစ်ဆင်ကို ကာကွယ်ရင်းကာကွယ်ရင်း နောက်ဆုံးဝါးတာဂိတ်ဖြစ်တော့မှ အကုန် ပေါ်ကုန်တာလား ။ ဒီတော့ သူ့ကို နယ်ပယ်အသီးသီးက လူတွေက ဇစ်ကလိမ်ယာလို့တောင် ကင်ပွန်း တပ်ကြတယ်ကွာ။ အဲ့သလောက်ထိဖြစ်ဖူးတဲ့ သာဓကရှိတယ်ကွ ။ ငါကတော့ အခုနိုင်ငံရေးလုပ်နေတာ လည်း တိုက်ပွဲဝင်သတင်းသမားတစ်ယောက်အနေနဲ့ပဲ လုပ်တယ်။ သတင်းသမားဆိုတာက အမှန်တရား ဖော်ထုတ်ခြင်းဆိုတာ သက်သက်မဟုတ်ဘူး ။ အမှားတရားကိုလည်း တိုက်ဖျက်ရတယ်။ ဒီသဘောထား ဒီလိုတရားများနဲ့ ငါတော့ပြောတယ်၊ ဆိုတယ်၊ လုပ်ကိုင်တယ်၊ ဒါပါပဲ မင်း နောက်တစ်ခုပြောရအုံးမယ်။ ကွန်မြူနစ်တာ မနစ်တာအပထား။ နိုင်ငံရေးသမားဆိုတာ တရားသေသမားမဖြစ်ရဘူး ။ ကွန်မြူနစ်ခေါင်း ဆောင်ကြီး သခင်………….ဟာ တရားသေ၀ါဒဆုပ်ကိုင်ရင်း သေသွားတာသာကြည့် ။ ကွန်မြူနစ်တွေဟာ တော်တယ်ကွ။ ဒါပေမယ့် သူတို့ဟာ ပြုလွယ်ပြောင်းလွယ်မရှိတတ် ဖြစ်တတ်တယ်”
ဒီလိုပြောနေကတည်းက အဘဟာ ကွန်မြူနစ်တစ်ယောက် ဟုတ်မဟုတ် သိသာတယ်ဗျာ။ ကျနော့် သဘောတော့ ကွန်မြူနစ်ဖြစ်နေလည်း ဘာဖြစ်လည်း။ ဒါပေမယ့် အဘက ကွန်မြူနစ်တစ်ယောက်မဟုတ်ဘူး ဆိုတာတော့ ကျနော်အခိုင်အမာပြောရဲတယ်။ ဒါ့အပြင် အဘကို ခုစွပ်စွဲနေကြတဲ့လူတွေကို ကျနော်ပြော ချင်တယ်။ အဘဟာ ချဉ်းကပ်ရလွယ်သလို၊ ရှင်းပြလို့လည်း လွယ်ကူသူ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါ တယ်။
အခြေအနေအချိန်အခါလိုက်ပြီး ပြောင်းလဲနိုင်စွမ်းသူလည်းဖြစ်ပါတယ်။ မူဝါဒပိုင်းစွဲမြဲတာကို ကွန်မြူနစ်လို့ခေါင်းစဉ်တပ်ရင် “အမေ” လည်းမလွတ်လောက်ဘူးထင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အာဏာရှင်ဆန့်ကျင်ရေးကို လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်လောက်က အဘကစွဲကိုင်ခဲ့သလို၊ အမေကလည်း အခုထက်ထိ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို စွဲကိုင်နေလို့ပါပဲ။ ဒါလောက်ဆိုရင် အဘကွန်မြူနစ် ဟုတ် မဟုတ်ရယ် မူဝါဒစွဲမြဲခြင်းဟာ ခေါင်းမာခြင်း၊ သဘောထားတင်းမာခြင်း မဟုတ်ဘူးဆိုတာလောက် ကိုတော့ နောက်နောင်မျိုးဆက်ရယ် အခုလက်ရှိမျိုးဖျက်နေတဲ့ကောင်တွေရယ် သဘောပေါက်လောက်မယ် ထင်ပါတယ်။ သဘောတူမတူကတော့ ခင်ဗျားတို့လက်ထဲမှာပဲ ရှိပါတယ်။

Sunday, June 16, 2013

Ko Yar Zar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၆)

ကိုရာဇာ၊ ဇွန် ၁၆၊ ၂၀၁၃

ဦးဝင်းတင်နဲ့ဇာတိမြေချစ်စိတ်

        “ဒီမြေဟာ ငါတို့မြေ….ဗမာပိုင်ဘိုးဘွား တို့မြေ” ဆိုတဲ့သီချင်းလေး အမှတ်ရသဗျာ။ သူကလည်း ထူးထူးခြားခြား ချုပ်မှူးကြီးဆိုလား ရှုပ်ရူးကြီးဆိုလား ရေးတယ်ပြောတယ်။ ကောင်းပါ့ဗျာ၊ ကောင်းပါ့ဗျာ။ ဇွတ်မြန်မာနေတဲ့ ကော်မရှင်လည်း ဒီသီချင်းကြီး ဘယ်နည်းနဲ့ရှင်းမလဲ။ စိတ်ဝင်စားပါတယ်။ ထားပါတော့။ ဒီ အမနာပတွေက သူတို့ချင်း ရှင်းချင်တဲ့နေရာရှင်းပစေတော့။
           မျိုးချစ်စိတ်။ အမျိုးချစ်စိတ်။ ဘာကိုချစ်ကြသတုံး … ဆိုတာတော့ စိန်တလက်လက်နဲ့တိုင်းပြည် ပျက်ပြခဲ့ပြီး ပကောလား။ ကျနော်လည်း မတွေးတောတတ်ပါဘူးဗျာ။ စိန်တွေ ဒီလောက်အများ ဘယ်မှာ ထားသလဲ။ သံသရာမှားအောင်ကို အမှောင်ဖုံးလွှမ်း ရေစီးကမ်းပြိုခဲ့ကြပါသလားလို့တော့ သံဝေဂ တရားပွားများမိပါရဲ့။
       ဒီမျိုးချစ်စိတ်ဆိုတာကြီးကို မုန်းလောက်အောင်ကြားလာတော့လည်း ဘာဝနာတရားလိုတောင် ဖြစ်လာတယ်ဗျာ။ စစ်အာဏာရှင်ခေတ်တလျောက်လုံး ဒီစကားဒီတရားနဲ့ပဲ ဗမာပြည်သူလူထုဟာ အကြောက်သမားအဖြစ် မွဲပြာကျခဲ့တယ်။ သမိုင်းတွေ အတိတ်တွေ ပြောမနေကြပါနဲ့။ ဒီနေ့ဘာဖြစ်နေလဲ ဆိုတာ လက်တွေ့က အဖြေပါပဲ။ ကျနော်ကတော့ အမျိုးချစ်ရမလား၊ မျိုးချစ် ရမလား၊ အခုထက်ထိစဉ်းစား တုန်းပဲဗျ။ အတွေးအခေါ်၊ အမြော်အမြင်ဆိုတာလည်း တထွာ တမိုက်လောက် ရှိတော့မျိုး၊ တော်တော်ချစ် တယ်ဗျာ … ဒါပဲ။ ကျနော့်ကို ငတုန်းခေါ်ခေါ် ငတိမ်ပြောပြော၊ အကြောမခံနိုင်တာကတော့ မျိုးချစ်စိတ်ပဲဗျာ။ဟဲဟဲ။
                  အခုထက်ထိတော့လည်း ဒီမျိုးချစ်စိတ်ဆိုတာကြီးကို ဘယ်လိုအကောင်ထည် ဖော်ပြရမလဲ၊ စဉ်းစားရတုန်း၊ တွေးရတုန်း၊ ဘာသာတစ်ခုနဲ့ တစ်ခု သတ်တာတွေ ငေးရတုန်း၊ သေသူ့ဘက်သားတွေကို မေးရတုန်း၊ အပျက်အစီးစာရင်းတွေ ရေးရတုန်း။ ဆိုတော့ကာဗျာ … ခုလိုခေတ်ကြီးမှာ ငါသာ ဘာကောင်ဆိုတဲ့လူတွေနဲ့ ကျနော်နဲ့က မထော်မနမ်းများ ဖြစ်နေသလားပဲ။ ဖြစ်ခွင့်ရှိတာပေါ့ဗျာ။ ကျနော် ဆိုတဲ့ကောင်ကလည်း မထော်မနမ်းတွေနဲ့ အတော် သရမ်းခဲ့သေးတာလား။ စစ်အာဏာရှင်တွေကို မော် မကြည့်ရဲချိန်မှာ အမေစုသားကွ ဆိုပြီး ဒီမိုကရေစီလူရမ်းကားလို ဆဲဆိုအော်ဟစ်၊ လူ့အခွင့်အရေးကို ခေတ်စားအောင်လုပ်ကြစို့ လို့ တိုက်တွန်း ခဲ့သေးတာလား။
ဒီတော့ဒီပြဿနာကြီးဟာ ကျနော်လည်း မနိုင်တော့ဘူး၊ ဘာကိုချစ်ရမှာလဲ၊ ဘယ်လိုချစ်ကြမလဲ … ဆိုတော့ ကျနော် ဒေသနာကြားနေကျ၊ အဘဦးဝင်းတင်ဆီ စူးစမ်းရတာပေါ့။
“ငါ့ကောင်…၊ ငါကတော့ မျိုးချစ်စိတ်၊ အမျိုးချစ်စိတ်ဆိုပြီး၊ နိုင်သမျှနိုင်၊ လက်နက်အားကိုး တိုင်းပြည်ကြီးစိုးနေတဲ့ကောင်တွေကို ကြည့်ပြီး၊ အော်… ဘုရားစကား မစင်တွင်းထဲက ကြားနေရပါပကော တောင် တွေးမိတယ်။ ဒီလိုလုပ်ကွာ၊ မျိုးချစ်စိတ်တွေ၊ ဘာတွေ အသာထားပါကွာ။ ငါတို့လူမျိုးတွေ၊ “ဇာတိမြေချစ်စိတ်” ရှိသင့်တယ်တော့ ထင်တယ်။ တခြားမကြည့်နဲ့ကွာ။ မင်းတို့အန်တီ ကြည့်။  ဒီကငနဲတွေ ကြုံးဝါး၊ ကျင့်ကြံသလို ဆိုရင်တော့၊ သူ့သားနှစ်ယောက်ကိစ္စပဲ လုပ်လိမ့်မယ်ထင်ကြတယ်။ ခုဒေါ်အောင်ဆန်းစုကြည်က သူဟာ ဗမာ၊ ဗမာပြည်ဟာသူ့ပြည်၊ ဗမာလူမျိုးတွေဟာ သူ့လူမျိုးဆိုတဲ့၊ အတွေးအခေါ်တွေနဲ့  ဒီမိုကရေစီတိုက်ပွဲဝင်နေတာ ဒေါ်စုဘယ်တော့မှမရှုံးဘူး။ သူ့မှာ ဇာတိမြေချစ်စိတ်အပြည့်ရှိတယ်။ လူမျိုးဆိုတာ အစွန်းရောက်မှုတွေ ပါတယ်ကွ။ ဇာတိမြေသဘောကတော့ အစွဲမပါဘူးလား ဆိုတော့ ပါပါတယ်။ ဒါပေမယ့် ငါ့အမျိုးအဆွေဆိုတာထက် အများကြီး သက်သာပါတယ်ကွာ။ ငါတို့လူမျိုးတွေဟာ ရှေးကတည်းက ပညာတော်သင်လွှတ်တယ်ကွာ။ နိုင်ငံခြားကလူတွေနဲ့ လက်ထပ်ပြီး နိုင်ငံခြားမှာပဲနေကြတာ။ ဒေါ်စုက ဒီတစ်ခုထဲနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပြီ … ” …….တဲ့။
             အဘပြောမှပဲ ကျနော်လည်း ကိုယ့်ဖာသာ သတိထားမိတယ်။ ကျနော့်ဇာတိကို ကျနော် သိပ် မတမ်းတမိတော့သိလို ဖြစ်နေတာကြာပေါ့ဗျာ။ အယင်က ထင်းရူးနံ့လေးများ သင်းလာရင် မျက်ရည်ဝဲချင် လာတယ်။ ခုတော့ သိပ်အမှတ်မထားမိသလို ဖြစ်လာတယ်။ ဒီတော့ဒေသိယစကားတွေ ဒေသိယတရားတွေ မေ့ချင်ချင်တောင် ဖြစ်လာတယ်။ ငါ့ဇာတိလို့ သဘောမထားတော့ ငါ့မြို့သားဆိုတာလည်း မရှိတော့ဘူး။ ငါ့အမျိုးအဆွေဆိုတာလည်း သိပ်သဘောမပေါက်တော့ဘူး။ ဒီဒေသ မတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း ဆိုတာတွေဟာ ကိုယ်နဲ့ မဆိုင်သလို ဖြစ်လာတာပေါ့။
                 အမေစုသာ ကျနော့်လို စဉ်းစားသူဆိုရင်၊ သူ့ဖာသာ လူ့အခွင့်အရေးပြည့်ဝနေတဲ့ တိုင်းပြည်ကြီးမှာ ဒီမိုကရေစီနိုင်ငံကြီးမှာ မိသားစုနဲ့ သာသာယာယာပေါ့။ အခုတော့ အမေဟာ သူ့ဇာတိမြေချစ်စိတ်နဲ့ တိုင်းပြည်ကြီးကို ဦးဆောင်နိုင်မှုပေးဖို့ တိုင်းပြည်ကြီးကို ကြီးပွား ကောင်းမွန်အောင် လုပ်ပေးနိုင်ဖို့၊ အရာရာကို နာကျည်း နာကျင်စွာ မေ့လျော့ပြီး ဇာတိမြေအတွက် လာလုပ်ပေးနေတာဟာ … … ။
          ထူးအိမ်သင်သီချင်း ညည်းမိတယ်ဗျာ။
 “ ကျေးဇူးပါမေမေ … … … သားလေ”
  ကိုရာဇာ
(ဓာတ်ပုံ – ဦးဝင်းတင်၊ ကိုရာဇာ ကိုဇေယျ)

Friday, June 14, 2013

Ko Yar Zar -ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၅) June 13, 2013



ဦးဝင်းတင်နဲ့နေထိုင်ခြင်း (၅)
ကိုရာဇာ၊ ဇွန် ၁၄၊ ၂၀၁၃
ဦးဝင်းတင်နဲ့အခြေခံနိုင်ငံရေးသမား
အဘဦးဝင်းတင်မှာ လက်သုံးစကားတစ်ခွန်း ရှိတယ်။အဲ့ဒါကတော့
“ဟေ့ယောင်ရာဇာ ငါ နိုင်ငံရေးသမားမဟုတ်ဘူးကွ”
ဆိုတဲ့စကားပါပဲ။
ကျနော်အဘကိုငေးငေးရီရီကြည့်မိပါတယ်။
နိုင်ငံရေး ကြောင့် နိုင်ငံကိုပြောင်းလဲအောင် လုပ်ဆောင်ခဲ့လို့ အင်းစိန်ထောင်ထဲမှာ သွားတစ်ချောင်းမှ မရှိအောင် ရိုက်ချိုးခံခဲ့ရတာ။ ဘ၀ရဲ့ဉာဏ်အားအင်တွေ အသုံးချပြီး စာရေးစာဖတ်လုပ်နေရမယ့်အချိန် အင်းစိန် ထောင်က အခန်းတစ်ခန်းထဲမှာ တစ်ယောက်တည်း ပိတ်လှောင်၊ အမှောင်ချခံခဲ့ရတာ … အစရှိတာတွေကို အဘကို ငေးရင်း တွေးမိသွားတာတွေပါပဲ။ ဒါဟာ ပြောရိုးပြောစဉ် ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဆိုပေမယ့် အဲ့ဒါတွေ ပြောတိုင်း ကျနော်ဆက်စပ်စဉ်းစားရင်း ဆို့နင့်နာကျင်သွားရတာတွေက ဖြစ်မြဲပါ။
             တကယ်တော့ အဘဟာ နိုင်ငံရေးဉာဏ်၊ နိုင်ငံရေးအမြင်တွေနဲ့ နေထိုင်တဲ့ ဉာဏ်သမားတယောက်ဖြစ်သလို “ကုန်းမခံဘူး၊ ရုန်းကန်မကွ” ဆိုတဲ့ မာန်သမား တစ်ယောက်ဖြစ်ပါတယ်။ အားလုံးသိကြပြီးသားပါ။ အဘက သူ့ကိုယ်သူ ခံယူထားတာက အရေးတော်ပုံတပ်သား တစ်ယောက်အဖြစ် ခံယူထားတာ ပဲဖြစ်ပါတယ်။ သူ့အယူအဆကို တရေးနိုး ပြောခိုင်းလည်း ထပြောတတ်သူ၊ ရဲဘော်ရဲဘက်စိတ်အပေါ် အခြေခံပြီးတော့ အားလုံးကိုသိုင်းဖက်ပြီး ရှေ့ခရီးဆက်ချင်သူ။ မတူသော အယူအဆတွေကို ထုတ်ဖော်ပြော ဆိုပြီး အများအဆုံးအဖြတ် နာယူသူ။ ခေါင်းဆောင်အပေါ် တသွေမတိမ်း လေးစားသူ … အစရှိတဲ့ဂုဏ်ပုဒ် တွေကို ကျနော်ထုတ်ပြောနေတာက ဒင်္ဂါးတစ်ဆယ့်ခြောက်ပြား ပေးခံရတဲ့ မြင်းထိန်းငတာ ဘ၀များ ရောက် နေမလားတော့ မဆိုနိုင်ဘူး။
ကျနော်တို့လို ငသေးငနုပ်ကောင်တွေတောင် ကိုယ့်ဖာသာ နိုင်ငံရေးသမားဆိုပြီး ထောင်ထောင် လွှားလွှားတွေ လုပ်မိနေသေးသကိုး။ ဒီလိုအခြေနေမျိုးမှာ အဘက နိုင်ငံရေးသမားမဟုတ်ဘူး ဆိုတော့ေ မးရတာပေါ့။
အဘအဖြေက …
“နိုင်ငံရေးလုပ်တာကို ငါ … ဟိုးသတင်းစာသမားဘ၀ကတည်း မကြိုက် ဘူးကွာ။ ဟိုအကွက်ဖော်၊ ဒီတိုက်ကွက်နဲ့ပျော်၊ ဒီဘက်လက်နဲ့ဆော်၊ ပါးစပ်ကနေ ကလော်၊ ဟိုလူ့ရှောင်၊ ဒီလူ့ချောင်ထိုး၊ အမျိုးမျိုးတွေကွ၊ ကိုယ်ယုံကြည်တာကို ကိုယ်မပြောရဲဆိုတဲ့ဟာတွေ လုပ်ရတယ်ကွာ။ ငါကတော့ ၀င်းတင်ပဲ။ နိုင်ငံရေးကို သတင်းသမားတစ်ယောက်လို လုပ်တယ်။ နိုင်ငံရေးကို ပွင့်လင်းတဲ့ အနုပညာမြောက်အောင် လုပ်တယ်။ ဒါပါပဲကွာ။ ငါ့သဘောကတော့ အားလုံးတန်းတူပါပဲ။ ဘယ်သူ့ကိုမှ လိုက် ဆော်နေစရာ မလိုပါဘူး။ ကိုယ့်ဆဲလည်း ကောင်းကောင်းမွန်မွန် ပြန်ပြောတာပေါ့ … ” တဲ့။
အဘသဘောကို ကျနော်စောကြောမိတာတော့ ငရဲကြီးတဲ့ နိုင်ငံရေး မလုပ်ချင်ဘူးပေါ့ဗျာ။ ကုသိုလ်မရ တောင်မှ အကုသိုလ်ဖြစ်မယ့် နိုင်ငံရေးကို အဘမလုပ်ချင်ဘူးလို့ပဲ နားလည်တယ်လေ။ အဘက နိုင်ငံရေးကို အဲ့သလို ခံယူချက်နဲ့ ပါဝင်ပတ်သက်တယ်လို့ သဘောပေါက်ရပါတယ်။ တစ်ခါတလေ နိုင်ငံရေးသမားတွေ သူတို့မကျေလည်မှုတွေ အဘဆီသယ်ဆောင်လာပြီး ရင်ဖွင့်ချ ဒေါသဖြေတာတွေ ရှိပါတယ်။
ကျနော်လည်း အဘနား အချိန်ပြည့်လို ဖြစ်နေတော့၊ ဒဲ့မဟုတ်တောင်မှ ကာတင်နဲ့ ကျနော့်ရင်ကို လာမှန်တဲ့ကိစ္စ တွေလည်း ရှိပေါ့။ အဘက ရှင်းလင်းပြဆိုတယ်။ နှစ်သိမ့်တယ်။ အားပေးတယ်။ စကားအဆုံးမှာ …
“ကျနော်လည်း သိပ်တော့မသိဘူး၊ သိပ်တော့နားမလည်ဘူးဗျာ …” လို့အဆုံးသတ် တတ်ပါတယ်။
ဒါပေမယ့် အများစုကတော့ စိတ်တော်တော်လေး ကျေကျေနပ်နပ် ဖြစ်သွားတတ်တာကို ကျနော်အတိုင်းသား မြင်နေ ကြားနေရပါပကော။
တစ်ခါတစ်လေကျတော့ တက်သစ်စနိုင်ငံရေးသမားများကလည်း သူတို့နိုင်ငံရေးလာ လာသွေးကြတယ်။ မာန်တစ်ခွဲသားနဲ့ပေါ့ဗျာ။ ပြောပြောရင်းသားကျတော့ … အော်… ငါတို့ဖာသာ မာန်တတ်နေတာ၊ ငါတို့ ဘာမှ မသိသေးပါလား။ ငါတို့ ဘယ်လောက်မှ ထိရောက်အောင် မလုပ်နိုင်ကြသေးပါလား … ဆိုတာ သဘောပေါက်လာကြတော့တယ် ထင်ရဲ့၊ စကားပြောအဆုံးမှာ အဘကို စိတ်ဝင်တစားမေးကြတဲ့ မေးခွန်းတစ်ခု အမြဲလိုလိုကြားနေရတယ်ဗျ။
အဲ့ဒါကတော့ “ အဘ … နိုင်ငံရေးသမားတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ”
ဆိုပြီး လူငယ်လူကြီးတွေ မဖြီးဖြန်းဘဲ မေးစမ်းတတ်ကြတယ်။
အဘ အဖြေက မိုက်တယ်။ ကျနော်တော့ခိုက်တယ်။ အခြားလူများတော့ သတိမထားမိသလားတော့ မသိငြားဘူးလေ။ အဘဖြေတာက …
“ပြောရရင် အများကြီးပေါ့ဗျာ။ အယူအဆတွေ၊ ၀ါဒတွေ၊ ဘာတွေ ခုခေတ်ဆို ပိုလို့တောင် များလာသေးတယ်။ ဒါပေမယ့် ကျနော့်အမြင်တော့ အခြေခံကျကျ စဉ်းစားသင့်တယ် ထင်တယ်။ နိုင်ငံရေးသမားဆိုတာ ကျနော်နားလည်သလောက် ပြောရင်တော့ (၁) သူများကို နားထောင်ပေးရမယ်၊ ဘာပြောပြောပေါ့ဗျာ၊ ကိုယ့်ဆဲတာလည်း ပါချင် ပါမှာပေါ့။ (၂) သူများကို ကူညီပေးရမယ်၊ လူတွေဟာ အခက်ခဲတွေချည်းပဲဗျ။ ခက်တယ် ဆိုတဲ့နေရာမှာ အယူအဆအားဖြင့်၊ အတွေးခေါ်အားဖြင့် နောက်ဆုံး လူတွေ ဒုက္ခရောက်နေတယ်။ ကူညီပေးရမယ်။ (၃) စေ့စပ် ညှိနှိုင်း အဖြေရှာပေးခြင်း ဆိုတာတွေ လုပ်သင့်တယ်”
ဒီလောက်ပဲ ပြန်ပြောရှာပါတယ်။
ကျနော်ကတော့ အဲ့ဒီစကားလေး သဘောကျတယ်။ အဘက ကိုယ်တိုင်ကျင့်သုံးတာကိုပဲ သူများကို ပြောတယ်။ သူကတော့ မလုပ်ပဲ၊ အခြားလူကို လုပ်ပါ … ဘယ်တော့မှ မပြောဘူး။ ဆိုလိုတာက ပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ … ဆိုတဲ့ အပြောတခြား၊ အလုပ်တခြား ခေါင်းဆောင်မျိုး လုံးဝမဟုတ်ဘူး … ဆိုတာပါပဲ။
http://moemaka.com/archives/1620

Wednesday, June 12, 2013

Ko Yar Zar – ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၄)



ဦးဝင်းတင်နဲ့နေထိုင်ခြင်း (၄)
ကိုရာဇာ၊ ဇွန် ၁၃၊ ၂၀၁၃
ဦးဝင်းတင်နဲ့  နံရံကပ်ခေါင်းဆောင်မှု
“ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ …” ဆိုတဲ့ ဗမာစကားပုံတခု ရှိတယ်။ ကဗျာဆရာ မောင်ချောနွယ်ကတော့ “ကြွေတာကိုက ပွင့်ခြင်းတစ်မျိုး” လို့ရေးဖူးတယ်။ အဟောင်းအဟောင်းတွေနေရာမှာ အကြောင်းအကြောင်းတွေနဲ့သစ်ပစ်ရစမြဲလို့ဆိုချင်တယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေချိန်မှာ အဘဦးဝင်းတင်ဆေးရုံတက်တော့ အစောင့်ကထုံးစံအတိုင်း ကျနော်။ ဧည့်လာချိန်ရှုပ်တယ်ဆိုပေမယ့် နှစ်ယောက်ထဲနေရချိန်က ပိုကို ပိုပါတယ်။ စကားစပ်ရင်း ဟိုအကြောင်းရောက် ဒီအကြောင်းဆိုက် ပေါ့။
သူ အသက်ကြီးပြီ ဆိုတဲ့အကြောင်း မကြာခဏလည်း ပြောသဗျ။ ကျနော့်အသက် မေးလို့လည်း ပြောရသေး။ အဲ့ဒီမှာတင် အဘက ကျနော်တို့ ဘယ်လိုမှမသိနိုင်တဲ့ လူငယ်မွေးမြူရေးကိစ္စတစ်ခု ပြောတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အထိ တာဝန်ယူဖူးတဲ့နိုင်ငံရေးသမားလူကြီးတစ်ယောက် မွေးနည်းမမှန်လို့ လူငယ်တွေပျက်ရတယ် ဆိုတဲ့ အကြောင်းပြောပြတယ်။ (ဒါကိုတော့ နောင်အလျဉ်းသင့်တော့ ရေးသေးတာပေါ့ဗျာ)
အဘဦးဝင်းတင်က သူ့ကိုယ်သူ သတင်းစာဆရာပဲ ပြောတယ်။ နိုင်ငံရေးသမားလို့ မပြော ဘူး။ ဒါပေမယ့် သူ့အမြင်ကို ပြောတာတော့ လူငယ်တွေကို ပျိုးထောင်ပေးသင့်တယ်။ ပြီး … ဒီလူငယ်တွေကို နေရာပေးရလိမ့်မယ်။ လူငယ်တွေဖက်ကလည်းက ခုခေတ်စားနေတဲ့ “ကက်ပစတီ”လည်း ဖြည့်ပေါ့။ စိတ်နေ စိတ်ထားလည်း ဘုရားအလောင်း သူတော်ကောင်းစိတ် ပြောင်းကြပေါ့လေ။ ဒီတင် သူ့စိုးရိမ်မှုကို ပြောတယ်။
ပါတီမှာ အလယ်တန်းခေါင်းဆောင်မရှိမှု၊ လူငယ်တွေနည်းပါးမှု (လူငယ်ဆိုတာ အသက်သတ်မှတ် ချက်အရ ဆယ့်ရှစ်ကနေ သုံးဆယ့်ငါးတ၀ိုက်ကို ပြောတာပါ) … အစရှိတာတွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာ စဉ်းစားတယ်ဗျ။
သူ့ဖက်ကတော့ လူငယ်နေရာပေး သူဖယ်မယ်ဆိုတာ မျိုးပေါ့ဗျာ။ အဘအယူအဆအရ ကုလားထိုင်ဖက် သေရင် … လူတင်သေတာ မဟုတ်ဘူး။ ကုလားထိုင်ပါ ရောသေမယ်။ ဆိုလိုတာက သူ သတ်မှတ်ချက်တစ်ခု အထိလုပ်မယ် … ပြီးရင် တွေးမယ်၊ ငေးမယ်၊ ရေးမယ်၊ ဖတ်မယ်၊ ခရီးတွေလျှောက်သွားမယ် … ဆိုတာမျိုးကိုး။ ခုတော့ … ဒီဟာမဖြစ်လာတော့ဘူး၊ ထင်တယ်။ အဘအသက်လည်း ရှစ်ဆယ့်လေးဖြစ်နေပြီ။
အာရှတော်ဝင်ဆေးရုံမှာ တော်ဝင်စိတ်ထားနှလုံးသားနဲ့ အဖိုးအိုဟာ ပြောရှာတယ်။
“ငါ့ကောင် … နိုင်ငံရေးမှာ ဘယ်တော့မှ တပည့်မမွေးလေနဲ့ကွာ၊ လူတွေကို ပျိုးသာပျိုးထောင်ပေး၊ စိတ်သဘောထား အပြည့်နဲ့သာ လူငယ်တွေကို လေ့ကျင့်ပျိုးထောင်ပေးပါ။ ဒီနေရာမှာလည်း အများတွက် လုပ်ပါ။ ကိုယ့်သြဇာထူထောင်ဖို့ စိတ်မကူးနဲ့။ မင်း ရူးပါ ရူးသွားလိမ့်မယ်။ ပါတီမှာ ငါ့တပည့်တစ်ယောက်ပဲ ရှိတယ်။ အဲ့ဒါကလည်း နိုင်ငံရေးတပည့်မဟုတ်ဘူး။ နှစ်ပေါင်းများစွာက သတင်းစာတပည့်။ ဒီတပည့်ကို ငါနေရာလည်း မပေးဘူး။ သူ့အတွက်လည်း ဘာမှမလုပ်ပေးဘူး။ သူ့အရည်ချင်းရှိ သူဖြစ်မှာပဲ” … တဲ့။
           နောက် … ခေါင်းဆောင်မှုကိုပြောတယ်။
“အနောက်နိုင်ငံတွေမှာကွာ … နှင်းစိမ့်မှာစိုးလို့ နံရံတွေမှာ wall paper တွေ ကပ်ရတယ်ကွ။ အဆင်ပြေတာပေါ့ကွာ။ ဒါပေမယ့် အဲ့ဒါကြီးဘယ်လိုလုပ်မလဲ။ အစားထိုးလည်းမဖြစ်၊ ဖြဲပစ်လို့လည်း မကောင်း။ အဲ့ဒီလို ခေါင်းဆောင်မကောင်းတော့ ငါဘယ်တော့မှ မဖြစ်ချင်ဘူးကွာ၊ စားပွဲတင်ဓာတ်ပုံ ခေါင်းဆောင်မျိုးပဲ လုပ်ချင်တယ်။ လိုအပ်သုံး မလိုအပ်လည်း အမှိုက်ပုံးထဲထည့်။ ပစ်။ လမ်းသွားရင်လည်း ယူသွားလို့ရတဲ့ ဟာမျိုးပဲဖြစ်ချင်တယ်။ လူတွေ စိတ်မသက်မသာဖြစ်နေတဲ့ ခေါင်းဆောင်မှုမျိုးကိုတော့ ငါ တစ်သက်လုံး မလုပ်ဘူး” …တဲ့။
တကမ္ဘာလုံးလူငယ်တွေ တအုံးအုံးခေါင်းဆောင်ဖြစ်နေချိန်မှာ အဖွဲ့ချုပ်က အမှည့်တ၀င်း ၀င်း ဆိုတဲ့ … အယူအဆနဲ့လုပ်နေတာကို အဘ သဘောမကျလေသလား။ ဒါမှမဟုတ် လူငယ်သွေးသစ်တွေ နည်းနေတာကိုပဲ အားမလိုအားမရဖြစ်နေသလား ဆိုတာတော့ အဘကို မေးမကြည့်တော့ပါဘူး။
ဒါပေမယ့် ဆေးလိပ်တိုရင်၊ နေညိုလာရင်၊ အိမ်ပြန်ပို့ပေးဖို့ကိုတော့ အဘက ကျနော်အပါအ၀င်အားလုံးကို တောင်းဆိုထားပါတယ်။ အခုလည်း သူအိမ်ပြန်ဖို့ ပြင်နေပါတယ်။ ခရီးခြေလှမ်းတောင် စနေပြီလို့ပြောလို့ရပါတယ်။ WALL PAPER LEADERSHIP ဆိုတာက ဦးဝင်းတင်အတွက် မဟုတ်ပါဘူး။
(ဇွန် ၁၁၊ ၂၀၁၃ နေ့မနက်က၊ တော်ဝင်နှင်းဆီမှာ ဗွီအိုအေကိုကျော်ကျော်သိန်းက ကျနော်စာရေးနေတာကို စပါတယ်။ သူစကားလုံးရှာမရတော့ သူ့စကားက ဟာသ မမြောက်ဖြစ်နေတာပေါ့။ တကယ်တမ်းတော့ ကျနော် “ဆင်ပြာတော်”မှီပြီး ကြံစုပ်နေတာဖြစ်ပါတယ်)

(Photo – ဆရာကြီးသခင်ကိုယ်တော်မှိုင်း၁၃၇နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်မှာစကားပြောနေတဲ့ဘဘဦးဝင်းတင်)

Tuesday, June 11, 2013

ဦးဝင်းတင်နဲ့ နေထိုင်ခြင်း (၃) ကိုရာဇာ


ဇွန် ၁၁၊ ၂၀၁၃

• ဦးဝင်းတင်နဲ့ဒေါ်စု မမှားတရား

ဦးဝင်းတင်နဲ့ အမေစုကြားမှာ တော်တော်များများ ဗတီးဗတားတွေ အတော်များလာသ ဗျာ။ ဒီတော့ ကျနော့်မလည်း ၀င်ဝင်ပြောပြောနေရတာ တကယ်တမ်းတော့ ကျနော် ဒါတွေမပြောချင်ဘူး။  လေကုန်တယ်ထင်တယ်၊ လက်ညောင်းတယ်ထင်တယ်။ ဒါပေမယ့် အများသူငါပါ မရှင်းမရှင်းဖြစ်လာမှာ စိုး လို့ ဒီစာတွေ ရေးနေတာရယ်၊ နောက်ဦးဝင်းတင်မသေခင် သူရှင်းချင်တာ ရှင်းခွင့်ရအောင်ရယ် ရေးနေတာ ပါ။ (ကျနော် အရင်သေသွားရင်တော့ မပြောတတ်ဘူးပေါ့)

ဒီလိုဗျ ။ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခါစမှာ အတွေးတစ်မျိုး ပေါ်ဟန်တူတယ်။ အဲ့ ဒါကတော့ ပညာတတ်များ အားကိုးရေး အယူအဆပဲ ဖြစ်ပါတယ်။ ဒီအယူအဆဟာ ခုမှ ပေါ်တာမဟုတ်ဘူး။ ကျနော်တို့ ၉၈ လူငယ်တွေ့ဆုံပွဲမှာ မိန့်ကြားဖူးတယ်။ အဲ့ဒါကတော့
“အခု အန်တီသစ်ခုတ်ရမယ့်အချိန်မှာ သစ်ခုတ်မယ် ။ အဲ … ပန်းပုထုဖို့လိုချိန်မှာတော့ ပန်းပုထုတတ်တဲ့လူတွေနဲ့သာ အလုပ်လုပ်မယ်”
ဆိုပြီး ပြောဖူးတာကလား။ အဲ့တော့ လိုအပ်သောအရည်ချင်းများ ဖြည့်ဆည်းကြပေါ့ဗျာ။ စကားစပ်လို့ ပြောမယ်ဆိုရင်တော့ ကျနော်တို့တော့ သစ်ခုတ်တာတောင် အရွက်ခူးအဆင့်ပဲ။ ပန်းပုထုဖို့ဆို ဝေလာဝေးရောပဲ။

ထားပါတော့ဗျာ။ ကျနော်တို့ကိုထားတော့၊ အဘဦးဝင်းတင်နဲ့ အမေစု အကြောင်းပေါင်းသင့် တုန်းလေး ပြောအုံးစို့။ အမေစုက သူ့မူ သူ့အယူအတိုင်း ပညာတတ်တယ်ထင်တဲ့ လူငယ်တွေနဲ့ စခန်း သွားဖို့ ကြိုးစားလာတယ်။ အဲ့ဒါကတော့ အင်္ဂလိပ်စာတတ်များကို ပွဲထုတ်ရေးပေါ့လေ။ သူနဲ့ သံတမန်တွေ့ တဲ့နေရာမျိုးမှာ သူမွေးမြူထားတဲ့ လူငယ်တွေ (အင်္ဂလိပ်စာတတ်လူငယ်တွေ) ကို ပွဲထုတ်သဗျ။ ဘာပြဿနာရှိလဲ … မေးစရာရှိတယ်။ ပုံမှန်အားဖြင့်တော့ ဘာပြောစရာမှမရှိဘူး။ ဒါပေမယ့် လူတွေပဲဗျာ။ အမေစု အနားတွယ်ရောဂါ ထကောင်းနေချိန်ကိုး။ ကိုယ့်အရည်အချင်းကိုယ် မဆန်းစစ်ကြဘူး။ ကျနော့်ကို လာ ပြောတယ် … လူငယ်တချို့။
“အမေစုမွေးမြူထားတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီးပြောစရာမရှိပါ။ ဒါပေမယ့်  နိုင်ငံရေးလည်း တလျှောက်လုံးမလုပ်၊ အေစီ (အမေရိကန်စင်တာ) ၊ ဘီစီ (အင်္ဂလိပ်ကောင်စီ) အစရှိတာတွေ တက်တိုင်း အမေ့နားကပ်ရမယ်ဆိုရင် အရင်ကတည်းက ထောင်ကျဘယ်ခံမလဲ၊ ကျနော်တို့ ရှိသမျှစည်းစိမ် ပုံအောပြီးတော့ ကျောင်းပဲတက်နေတော့မပေါ့။ ”
တကယ်တော့ မလိုတမာစကားပါ။ ဒါပေမယ့် ကျနော်တော့ အလေးနက်ထားရမယ်ထင်တယ်။

ဒါနဲ့ အဘဦးဝင်းတင်ကို ကျနော်တင်ပြရတော့တာပေါ့။
“အဘ … အမေတော့ မှားနေပြီထင် တယ်။ လူငယ်တွေတော်တော်များများကတော့ ကျနော့်ကို စကားနာထိုးနေပြီ”
ဆိုတော့ အဘကပြုံးတယ်။ မိုနာလီဆာအပြုံးမဟုတ်ပေမယ့် ကမ္ဘာကျော်တဲ့အပြုံးပါ။ သူကလည်း ကျနော့်ကို ထောက်ခံပါတယ်။
“ဟုတ်တယ်။ ဒေါ်စုချော်နေတယ်တဲ့”

ကျနော် ဘယ်လိုနားလည်ရမယ်မှန်း မသိဘူးဖြစ်သွားတယ်။ မှားနေတာလေ၊ အဘ … အမေစု မှားတာပေါ့ဆိုတော့

“ဒေါ်စုက တစ်ခါတစ်လေ ချော်တာပါကွာ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်တော့မှ မမှားဘူးကွ။ မှတ်ထား။”
တဲ့။
အော် … ကျနော်က သိတဲ့အတိုင်း နထူနထိုင်းနဲ့ ထပ်ကွန်ပလိန်းတာပေါ့။
“မှားတာနဲ့ ချော်တာ ဘာကွာလို့လဲ … အဘရယ်။ အဘမပြောရဲတိုင်းဒေါ်စု မမှားပါဘူး၊ လုပ်နေတယ်”
ပြောတော့ အဘအနည်းငယ် စိတ်ဆိုးဟန်တူတယ်။
“မင်းက ဒေါ်စုမှားတယ် ထင်ရင်၊ မနက်ဖြန် စီအီးစီအစည်းအဝေးရှိတယ်၊ မနက်ကိုးနာရီခွဲလောက်လာ၊ ငါ ဒေါ်စုကို ပြောပေးမယ်။ ဒေါ်အောင်ဆန်းစုကြည် … ခင်ဗျားလုပ်နေတာတွေ မှားတယ်လို့ … ဒီလူငယ်ကတော့ ဝေဖန်နေတယ်ဆိုပြီ … ငါပြောပေးမယ်။ မင်းပြောဝံ့ရင် ပြော”
တဲ့။

“အာ … အဘ ကျနော် ဘယ်ပြောရဲမလဲ၊ မှားနေတာကြီးကို …”
ဆိုတော့ အဘက ကျနော့်ကို သနားကြည့် ကြည့်တယ်။
“မင်း ဗမစာ၊ ဗမာစကား တတ်သလား”
ဆိုပြီးမေးတော့၊ တတ်တယ် ဖြေတာပေါ့။
အဲ့တော့  အဘက … ကျနော့်ကို …
“မင်းဆိုတဲ့ကောင် အလကားကောင်ပဲ” တဲ့။
“ဗမာစကားမှာက မှားသူဆိုတာ ပထမဆုံးဝန်ချရတယ်။ ဒုတိယ တောင်းပန်ရတယ်။ သဘောပေါက်သလား။ ဘာမဟုတ် ညာမဟုတ် နတ်စိမ်းတွေကို ကန်တော့ပွဲနဲ့ တာင်းပန်တာ … ကွင်းပိုင်၊ အင်းပိုင်တွေကို ကန်တော့ပွဲကြီးတွေနဲ့ တောင်းပန်တာ မြင်ဖူးမဟုတ်လား။ အခုလည်း မင်းက မှားပါတယ် ဆိုတော့ ဒေါ်စုက မင်းကို ကွင်းပိုင်၊ အင်းပိုင်လို ထိုင်တောင်းပန်ရမလိုဖြစ်နေတယ်။ မသေမချင်း မှတ်ထားကွ။ မှားရင် အမှားပြင်ဆင်ချက်ဆိုတာရှိတယ်။ ချော်တယ်ဆိုရင် ရထားများဘီးချော်သလိုပဲ ပြန်တည့်လိုက်တာနဲ့ သူ့ဟာသူ ဆက်ထွက်သွားရောကွ။  ငါ ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုခေါ်တာ သိပ်မကြာသေးဘူး။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ ငါက ပုဂ္ဂိုလ်ရေးအရမရင်းနှီးဘူး။ ဒါပေမယ့် ငါပြောနိုင်တာက နှစ်နှစ်ဆယ်ကျော်မှာ ဒေါ်စု မမှားဖူးသေးဘူးကွ။ ချော်တာတွေကတော့ … ဖြစ်တတ်တာပေါ့ကွာ …” တဲ့။

တနင်္ဂနွေတစ်နေ့သား ကျောက်ကုန်းက အဘဦးအုန်းထွန်းအိမ်မှာ “ဒေါ်စုမမှားတရား” ကို ဧ၀ံမေသုတံ လိုက်ရတာကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ နှောင်းလူများ ဆင်ခြင်ပွားများနိုင်သော တရားစစ်ဖြစ်ပါစေ။
http://moemaka.com/archives/1640

Monday, June 10, 2013

ကြံ့ခိုင်ရေးပါတီပိုင်မြေများ လယ်သမားများထံ ပြန်ပေးရန်ပြင်ဆင်


ဆလိုင်းသန့်စင်| June 10, 2013 |
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ လယ်ယာ လုပ်ငန်းခွင်တခု (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် သက္ကာယ်သောင်အုပ်စု အောင်ခိုင်ကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင်မြေ ၈၁၄.၃၇ ဧကအား ဒေသခံ လယ်သမားများထံ ပြန်လည်ပေးအပ်ရန် တိုင်းတာမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အောင်ခိုင်ကျေးရွာရှိ ကွင်းအမှတ် ၁၇၇၄ (က) နှင့် (ခ) မှလယ်ယာမြေများအား အစိုးရ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနက ရေငန်ပုစွန်မွေးမြူရေးအတွက် ၁၉၈၆ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) သို့လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် နတခမှ ကြံ့ခိုင်ရေးအသင်းသို့ လည်းကောင်း အသီးသီး လွှဲပြောင်းပေးခဲ့သည်။

လယ်မြေများပြန်ရလိုကြောင်း ဒေသခံလယ်သမားများက ဧရာဝတီတိုင်းအစိုးရထံ တင်ပြ တောင်းဆိုခဲ့ရာ တိုင်းအစိုးရနှင့် ကြံ့ခိုင်ရေးပါတီ (ဗဟိုဌာနချုပ်) တို့ ညှိုနှိုင်းပြီးနောက် ကြံ့ခိုင်ရေး ပါတီက ယင်းမြေများအား နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့သည်။

ယခုအခါ အဆိုပါ လယ်ယာမြေများအား တိုင်းအစိုးရ၏ကြီးကြပ်မှုဖြင့် အောင်ခိုင်ကျေးရွာမှ မူလပိုင်ရှင် လယ်သမား ၅၄ ဦးထံပြန်လည်ပေးအပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

“လယ်ယာမြေတွေကို မိုးရာသီစိုက်ပျိုးချိန်အမီ မူလပိုင်ရှင်လယ်သမားတွေကို ပေးအပ်သွားမှာပါ။ တိုင်းတာမှုတွေတော့ ဧက ၂၇၀ လောက် ပြီးစီးသွားပါပြီ။ ပိုင်ရှင် တဦးချင်းအလိုက် ၁ ကွက်ချင်း တိုင်းတာပေးနေပါတယ်။ ၁ ပတ်အတွင်း အားလုံးပြီးစီးဖို့ လုပ်ဆောင်နေပါတယ်”ဟု ငပုတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုက ဧရာဝတီကို ပြောသည်။

သိမ်းဆည်းစဉ်က ဦးပိုင်အမည်ပေါက် လယ်ယာမြေများဖြစ်သော်လည်း ဧက ၃၈၀ ကျော်ကို ပုစွန်မွေးမြူရေးကန်အဖြစ် ပြုလုပ်ခဲ့သည့်အတွက် လက်ရှိတွင် စပါးစိုက်ပျိုးနိုင်သော ဧရိယာမှာ ၃၃၅ ဧကသာ ကျန်ရှိတော့သည်။

“ကျနော်တို့အနေနဲ့ မိုးစပါးစိုက်ချိန်မီအောင်လို့ လယ်မြေတွေကို ဦးစားပေးတိုင်းတာပါတယ်။ လယ်မြေတွေတိုင်းပြီးရင် ပုစွန်ကန်နေရာတွေကို ဆက်လက်တိုင်းတာပြီး ပိုင်ရှင်ထံ ပြန်အပ်မှာပါ။ လက်ရှိမှာတော့ လယ်ထဲရော ပုစွန်ကန်မှာရော မိုးရွာထားတော့ ရေတွေပြည့်နေလို့ တိုင်းတာရတာ အတော်လေး ခက်ခဲတဲ့အနေအထားရှိတယ်”ဟု ဦးဝင်းကိုကိုက ပြောသည်။

ယင်းလယ်မြေနှင့်ပုစွန်ကန်များအား မွေး/ရေဌာနက နတခထံ လွှဲပြောင်းပေးပြီးနောက် နတခ က ၀မ်တိုးကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကြံ့ခိုင်ရေးအသင်းသို့ လွှဲပြောင်းပေးခဲ့ရာ ကြံ့ခိုင်ရေးအသင်းကလည်း ၀မ်တိုးကုမ္ပဏီနှင့်ပင် ၂၀၁၂ ခုနှစ်အထိ အကျိုးတူဆက်လက်လုပ်ကိုင်ခဲ့သည်။

ယင်းမြေနေရာတွင် “ပြည်ခိုင်ဖြိုးပါတီ(ဗဟိုဌာနချုပ်)ပိုင်မြေ။ မကျူးကျော်ရ”ဟူ၍ ဆိုင်းဘုတ် ထောင်ထားပြီး ပြည်ထောင်စုလွှတ်တော်မှ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွဋ် ငပုတောမြို့သို့ ကွင်းဆင်းစစ်ဆေးသည့် အချိန်ကျမှသာ ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူလပိုင်ရှင် လယ်သမားများ လက်ဝယ်သို့ လယ်ယာမြေများ ပြန်လည်ရောက်ရှိ တော့မည့်အတွက် ၀မ်းသာမိကြောင်း ကြံ့ခိုင်ရေးပါတီမှ ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။

“ကျနော်က ပြည်ခိုင်ဖြိုးပါတီကဖြစ်ပေမယ့် နစ်နာဆုံးရှုံးခဲ့ရတဲ့ လယ်သမားတွေကို သူတို့လယ်တွေ ပြန်ရစေချင်ပါတယ်။ ဒါကြောင့်လည်း ဒုတိယအကြိမ် တိုင်းလွှတ်တော် အစည်းအဝေးမှာ အောင်ခိုင်ကျေးရွာက လယ်မြေကိစ္စကို ကြယ်ပွင့်ပြမေးခွန်းအဖြစ်နဲ့ တင်ပြမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အခု မိုးရာသီအမီ လယ်တွေပြန်မရဘူးဆိုရင် လွှတ်တော်မှာ  ကျနော် ဒုတိယအကြိမ် ထပ်ပြီးအဆိုတင်ဖို့ စိတ်ကူးထားတာပါ။ ခုလိုပြန်ရသွားတော့ လယ်သမားတွေအတွက် ၀မ်းသာမိပါတယ်”ဟု သူက ပြောသည်။

မြန်မာနိုင်ငံ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီအဖြစ်အသွင်မပြောင်းမီ ကြံ့ခိုင်ရေးအသင်းဘ၀က ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် လယ်ယာမြေများသိမ်းဆည်း၍ စီးပွားရေးလုပ်ကိုင်မှုများ ရှိခဲ့သည်။

ကြံ့ခိုင်ရေးအသင်းကာလ  ၂၀၀၃ ခုနှစ်တွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မိုးကုတ်ဒီးဒုတ်ကွင်းရှိ လယ်ဧက ၃၈၀ ကျော်ကို  လျော်ကြေးမပေးဘဲ သိမ်းယူ၍ ငါးကန်များ တူးဖော်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းငါးကန်များတွင် ယနေ့တိုင် ငါးများမွေးမြူ လုပ်ကိုင်နေကြောင်း လယ်သိမ်းခံခဲ့ရသည့် လယ်သမားများက ပြောသည်။

ငါးကန်များ တူးဖော်ခဲ့သည့် လယ်ယာများအတွက် နစ်နာကြေးရလိုသဖြင့် ဖြေရှင်း ဆောင်ရွက်ပေးပါရန် လယ်မြေဆုံးရှုံးခဲ့သူ လယ်သမား ၅၉ ဦးက ၀န်ကြီးချုပ် ဦးသိန်းအောင်ထံ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလက စာရေးသားတိုင်တန်းခဲ့သော်လည်း ယနေ့တိုင် ထူးခြားမှုမရှိကြောင်း လယ်သမားများက ဆိုသည်။
Irrawaddy

Sunday, June 9, 2013

Ko Yarzar – ဦးဝင်းတင်နဲ့နေထိုင်ခြင်း (၂)



ဦးဝင်းတင်နဲ့နေထိုင်ခြင်း အပိုင်းများ

ကိုရာဇာ ၊ ဇွန် ၉ ၊ ၂၀၁၃

ဦးဝင်းတင်နဲ့ ဧကမက္ကောနိုင်ငံရေး

                     ဒီစာကိုရေးသင့်နေတာကြာပါပေါ့ဗျာ။ ဒါပေမယ့် အကြောင်းကြောင်းတွေနဲ့ အဟောင်း အဟောင်းဟာ အသစ်ဖြစ်မြဲမဟုတ်လား။ အခုမှ ရေး အခု ဖတ်တော့ပိုမိုဇာတ်ရည်လည်သပေါ့ဗျာ။

ဒီလိုဗျ ။ ရွေးကောက်ပွဲအကြို (၂၀၁၂)မှာ ကျနော့်ဇာတိမြေကလည်း လစ်လပ်လို့ အမေစု ကလည်း သွားမယ်ဆိုလို့ ကျနော့်နယ် ကျနော်ပြန် ကြံဖန်ရတော့တာပေါ့။ အဲ့ဒီမှာ လူတစ်ယောက်က မေးခွန်း တစ်ခုမေးတယ်။

“ကိုရာဇာ….ဟံသာဝတီဦးဝင်းတင် ဆိုတဲ့လူက ဘာကောင်လဲတဲ့” ။

ဟိုက် ခနဲဖြစ် သွား ရသေးသဗျာ။ ကျနော့်မျက်စိထဲတော့ လှုပ်ရှားမှုတုန့်နှေးနှေး၊ ဆံပင်ဖြူအဖွေးသားနဲ့ အပြာရောင် ထောင်ပြာကြီး ပြေးမြင်မိသဗျ။ တိုင်းပြည်အတွက် အသက်မငဲ့ကွက်တာလည်း ပါသပေါ့။

“နို့နေပါအုံး မိတ်ဆွေကြီးက ဘာများသိချင်လို့ပါလဲ … ” ဆိုတော့

“ဒီလူ အမေစုပြောသမျှ ကန့်လန့်တိုက်နေတယ် …” တဲ့။

သြော် … ဒါလား။

ကျနော်လည်း မျက်စိသူငယ် နားမလည်ဖြစ်နေသေးတယ်။ နောက်တော့မှ ဘော်ဒါကြီးရေ … နိုင်ငံရေးမှာ ပရက်ရှာဆိုတာ ဘာ။ ကွန်ပရိုမိုက်စ်ဆိုတာ ညာ ဆိုတာတွေနဲ့ နထူနထိုင်းကနေ နိုင်ငံရေးသမားတပိုင်း ဖြစ်သွားသေးတယ်။ ဒါပေမယ့် ကိုယ့်ဆရာက သိပ်ကျေလည်ဟန် မတူပါဘူး။ မထူးဘူး ဆို ပစ်ထား လိုက်တော့တယ်။ သူပြောချင်တာတွေကို စောဖေ နောကျေနေပါတယ်။ ဒါပေသိ မသိကျိုးကျွံ ပြုခဲ့တယ်။

အခုကတော့ အားအားယားယားလေးလည်း ရှိ၊ တာဝန်လည်း သိအုံးမှဆိုပြီး ဒီစာရေးတာပါ။ ဆရာလုပ်တယ်တော့ ထင်မနေနဲ့။ ကိုယ့်အတွေးအခေါ် ဘာမှ ပါတာ မဟုတ်ဘူး။ အဘရဲ့အကျင့်အကြံ အဘနိုင်ငံရေး၊ သူတွေးထားတာလေး ရေးပြမှာ။ အထက်က ပုဂ္ဂိုလ် ဆိုလိုနေတာက အမေစုက ရွေးကောက် ပွဲဝင်တော့မယ်၊ ဦးဝင်းတင်က သဘောမတူကြောင်း ပြောနေတာဟာ အမေစုလမ်းစဉ် မလိုက်တာဗျ … လို့ ပြောချင်နေတာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ၂၀၁၀ အရှေ့ပိုင်းနားလေး ပြန်သွားရမလိုပဲလား။

၂၀၁၀မှာ အထွေထွေရွေးကောက်ပွဲလုပ်တော့ အမေစုက ထောင်ကျနေချိန်ပေါ့ဗျာ။ ပါတီကို ဦးဆောင်ပေးနေတာက ဘဘဦးတင်ဦးနဲ့ ဘဘဦးဝင်းတင်တို့ နှစ်ယောက်ဖြစ်တယ်။ အဲ့ဒီတော့ ရွှေဂုံ တိုင်ကြေညာချက်အတိုင်း ရွေးကောက်ပွဲဥပဒေကို ပြင်ပေးပါ တောင်းဆိုထားတာ၊ လိုက်လျောရင် ၀င်မယ် မပြင် မ၀င်ဘူး။ “ပြင်” “၀င်” ဆိုတဲ့လိုင်းကျတယ်။ မပြင်ပေးတော့ မ၀င်ဘူး။ ရွေးကောက်ပွဲသပိတ်မှောက် လိုင်းကို ဆုံးဖြတ်ကြတယ်။ ဒါ အားလုံးသိပြီးသား ။ ကျနော်က ဇာတ်သွားလေး ပြောချင်တာပါ။ ရွေးကောက်ပွဲလုပ်အပြီးမှာ အားလုံး မျှော်လင့်တောင့်တနေတဲ့ အမေဟာ ပြန်လာနိုင်ခဲ့ပါပြီ။ နောက်တော့ ဟိုလူနဲ့တွေ့၊ ဒီလူနဲ့ဆုံ … ဆိုတာတွေဖြစ်ပြီးနောက်ပိုင်း၊ ကြားဖြတ်ဝင်မယ်ဆိုတာ ဖြစ်လာတယ်။

ဒီတော့ ဦးဝင်းတင်ရဲ့လက်စက ဘာလဲ။ သပိတ်မှောက်လိုင်း။ ဦးဝင်းတင်ကို ခေါင်းမာသူ အဖြစ် လူသိများကြတယ်။ ဦးဝင်းတင်ဟာ အင်မတန်မှ ပျော့ပြောင်းညင်သာသူ ဖြစ်တယ်ဆိုတာ နောက်ပိုင်း ဆက်ရေးပြပါ့မယ်။ ဒါပေမယ့် မူဝါဒကိုတော့ စွဲမြဲတယ်၊ စွဲကိုင်တယ်။ ဒါကလည်း သူ့အပြော၊ သူ့အရေးတွေ ပြေးကြည့်စရာမလို၊ အပိုအလိုမရှိ၊ ကွက်တိ။ သူ့မူဝါဒကို စွဲကိုင်တော့ သပိတ်မှောက်တာပဲ ဆက်လုပ်တော့မှာပေါ့။ ဒါက ကလေးတွေးတောင် တွေးနိုင်တယ်။ ဒါပေမယ့်၊ ဒါက ပြဿနာ အသွင်ဆောင်လာတယ်ဗျ။ အမေစုကို ကန့်လန့်တိုက်နေသူများက ဦးဝင်းတင်ပြောစကားတွေ ပရင့်ထုတ်တယ်၊ လိုက်ဖြန့်တယ်။

ခေါင်းဆောင်နှစ်ယောက်က ထပဲ သတ်တော့မယောင်၊ သဘောထားကွဲပြီ။ ဦးဝင်းတင်နဲ့ အ မေစုအပြီး ကွဲပြီ။ ဘယ်လိုမှ စေ့စပ်မရတော့ဘူး။ ဦးဝင်းတင်က တအားမှန်တယ်၊ ဘာညာ … အထိဖြစ်လာကရော။ ဒီအတောတွင်းမှာပဲ အဘဦးဝင်းတင် အမြဲစကားသွားသွားပြောနေတဲ့ သတင်းစာဆရာသမား တစ်ယောက်အိမ်ကို ကျနော်တို့ ကြာသပတေးတစ်နေ့သား ရောက်သွားရော။ ဟိုကပညာရှိ ဆိုတော့

“ဦးဝင်းတင် … ကျနော့်ဆီကို ဒေါ်အောင်ဆန်းစုကြည်နားက နှစ်ယောက် ဒီမနက်လာတယ်၊ ခင်ဗျားပြောတာတွေ ဒေါ် အောင်ဆန်းစုကြည် စိတ်အနှောက်အယှက်ဖြစ်နေဟန် တူတယ်တဲ့။ ဒီလောက်ပဲ ပြောတယ်။ ခင်ဗျားတို့ ပါတီကိစ္စ ကျနော်ဝင်မပါဘူး …”

ဆိုပြီး ပြောတယ်။ ဒါပါပဲ။ အဲ့တော့ ဦးဝင်းတင်က မီဒီယာအင်တာဗျူးတွေမှာ သူ့မူ ၀ါဒအတိုင်း ဆက်ပြောတယ်။

ဒီပြဿနာဟာ သုံးဆယ့်ခြောက်လမ်းက ဘဘသခင်သိန်းမောင်အိမ်ပေါ် တက်လာပြန် တယ်။ ၀ါရင့်တိုင်းရင်းသား နိုင်ငံရေးသမားတစ်ယောက်ဆီ အထက်ကသတင်းစာဆရာလိုပဲ “ဟိုလူနှစ်ယောက်” ရောက် သွားပြန်တယ်ထင်ရဲ့။ အဘက အဲ့ဒီနိုင်ငံရေးသမားကို ချဲတော့တယ်။ မင်း ဘာလဲ၊ ငါ ဘာလဲ၊ အထိ ဖြစ်တာနော်။ လူငယ်တွေဖြစ်သလို ဖြစ်တာ၊ “ကျုပ်တို့ပါတီကိစ္စ ၊ ခင်ဗျားဝင်မပါနဲ့ ” ဆိုပြီးဖြစ်တာကလား။

ဟိုနိုင်ငံရေးသမားက အပြော သိပ်မတတ်တော့ ဦးဝင်းတင်နဲ့ အမေစုကြား သူက ၀င်ရှင်းပေးရတာ လိုလို ပြောမိထင်ပါရဲ့။ သေချာမသိဘူး။ သိတာကတော့ အဘ တအားစိတ်ဆိုးတယ်ဆိုတာ သိတယ်။ ဆက် ပြောနေပြန်ကော သူ့မူဝါဒကို။

ဒီကိစ္စက တောင်ဥက္ကလာဖက် ရောက်လာပြန်တယ်။ နိုဝင်ဘာ(၁၀)။ မဖြူနဲ့ နှစ်ယောက်ချင်း ပြောချင်တယ်တဲ့။ ပြောပေါ့။ ပြောပြီးပြီး မဖြူလည်း ရေချက်ခြင်းချိုး၊ အဘအိမ် တဟုန်ထိုး ပြေးကြရတာပေါ့။ မ ဖြူက အပြင်ထွက်ရင် တစ်ခါမှ ဒီလောက် မမြန်ဖူးတော့၊ ကျနော့်မယ် လမ်းမှာ မေး စမ်း၊ မေးမြန်း ရတာပေါ့။ “ဟိုကိစ္စ” မဟုတ်လား ဆိုတော့၊ ဟုတ်တယ် … တဲ့။ အဘ ရန်ကင်းအိမ် ရောက်တော့ မဖြူဖြူသင်းက အဘ အိမ်ဟိုဘက် ဘေးလေး ထိုင်နေတယ်။ မပြောရဲဘူး။ ကျနော်ပဲ အရဲစွန့် ပြောရတော့တာပေါ့။

“အဘ … အန်တီနဲ့ လမ်းခွဲဖို့ အစီအစဉ်ရှိသလား …” ဆိုတော့

“မရှိပါဘူး၊ ဘာဖြစ်လဲ …” ဆိုတော့

“ဒီလို၊ ဒီလိုပဲလေ အဘ။ ဒါပေမယ့် … အန်တီနဲ့ လမ်းခွဲလည်း အဘ အထီးကျန်မဖြစ်ပါဘူး။ ကျနော်ဝတ္တရားအရ၊ ကျင့်ဝတ်အရ၊ သိက္ခာပိုင်းဆိုင်ရာအရ ကျနော် အဘ နောက်လိုက်ပါ့မယ်။ နောက် အခြား အဘကို ထောက်ခံသူတွေလည်း ရှိပါတယ်။ ဟိုဘက်မှာ ထိုင်နေတဲ့ မဖြူဖြူသင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နောက်ပဲ လိုက်မယ်ပြောတယ်။ လောလောဆယ်ဆယ် ဒီနှစ်ယောက်တင် နှစ်ပိုင်းကွဲနေပါပြီ …” ဆိုပြီး တောင်ပြော မြောက်ပြော လျှောက် လျှောက်ပြောတော့တာပေါ့။

ဒီတော့ … အဘက ကျနော့်ကို ပြောတယ်။

“မင်းတို့ အန်တီကလည်းကွာ … သူက ဥက္ကဌပဲ။ ငါ့က ပါတီဝင်ပဲ။ ဦးဝင်းတင် ရှင်မပြောနဲ့ဆို … ပြီးတာကို … ”တဲ့။

နောက်တော့ အေးအေးဆေးဆေး ရှင်းပြတယ်။ ကျနော့်ကို ပြန်နှစ်သိမ့်နေတာ သနားစရာဗျာ။

ကျနော် ပြောမိတာတောင် အားနာမိသွားတယ်။ အဘကတော့ အေးဆေးပါပဲ။

“ဟေ့ယောင် …” တဲ။့

“ဧကမက္ကော နိုင်ငံရေးပဲ …” တဲ့။

“ဒေါ်အောင်ဆန်းစုကြည် နောက် လိုက်ခြင်းမှတပါး တခြားမရှိဘူး။ သူ့လမ်းစဉ် လိုက်ရမှာပဲ” တဲ့။

ကျနော်ကလည်း အထွန့်တက်မိတယ်။

“ဒါဆို အဘရယ် … အခုလို ရွေးကောက်ပွဲ သပိတ်စကားတွေ ပြောမနေပါနဲ့တော့လား။ အဘကို ကိုးကားပြီးတော့ အမေစု စော်ကားနေကြတာ အဘမှာလည်း တာဝန်ရှိသလို ဖြစ်နေမပေါ့” ဆိုတော့။

“ငါ့သဘောက ဒီလိုကွ။ အခု ဗဟိုဦးစီးအစည်းအဝေးက နိုဝင်ဘာ ၁၈ မဟုတ်လား။ ငါ့သဘောတော့ နိုဝင်ဘာ၁၇ အထိ ငါသဘောမတူကြောင်း ပြောမယ်ကွာ။ ၁၈ နေ့ကျတော့မှ အများဆုံးးဖြတ်ချက်အရ ရွေးကောက်ပွဲဝင်ခြင်းကို လိုက်လုပ်မယ်ဆိုတာ ပြောမယ်။ ဒါလည်း ဒီမိုကရေစီပဲ …” တဲ။့

“ကိုယ့်လွတ်လပ်ခွင့်အရ ကိုယ့်အယူအဆကို ပြောမယ်။ ဒါပေမယ့် အများသဘောတူ ဆုံးဖြတ်ချက်ကို လိုက်လုပ်ရမယ်။ ဆိုလိုတာကတော့ လူနည်းစုရဲ့ ဆန္ဒကို လေးစားသလို၊ လူအများဆန္ဒအရ သဘောမတူလည်း လိုက်လုပ်ရတယ် ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပြောပြ၊ လုပ်ပြနေတာ … ” တဲ့။

ဒါပါပဲဗျာ။ ဒီလောက်ဆိုရင်တော့ အဘဦးဝင်းတင် ကျင့်ကြံနေတဲ့ ဧကမက္ကော နိုင်ငံရေးကို သဘောပေါက်လိမ့်မယ် ထင်ပါရဲ့။ သဘောမတူရင်တော့ ဖတ်သူများရဲ့အလိုအတိုင်း ဖြစ်ပါစေ။

ချစ်ခင်လေးစားလျက်

ကိုရာဇာ

( မိုးမခဖြည့်စာ = ၂၀၁၁ နိုဝင်ဘာ ၂၁၊ မိုးမခနဲ့ ဦးဝင်းတင်မေးခွန်းများမှာ NLD ရွေးကောက်ပွဲဝင်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မေးခဲ့ပါတယ်။  http://moemaka.com/archives/19923

၂၀၁၂ နိုဝင်ဘာ ၁၈၊ အင်န်အယ်ဒီပါတီ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ပြီ သတင်း။

http://moemaka.com/archives/19902)

Wednesday, June 5, 2013

ဧရာဝတီတိုင်း အနှံ့ ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားနေ

ဆလိုင်းသန့်စင်| June 5, 2013 |

ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေသည့် လယ်သမားများ (ဓာတ်ပုံ – ဆလိုင်း သန့်စင် / ဧရာဝတီ)

ဧရာဝတီတိုင်း ဒေသကြီး ၈ မြို့နယ်အတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံ လယ်သမားများက ၎င်းတို့လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုများ ပြုလုပ်ကြောင်း သိရသည်။

ပန်းတနော်၊ မအူပင် ၊ ကျောင်းကုန်း၊ ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ သာပေါင်းနှင့် ငပုတော မြို့နယ်များတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လယ်သမားများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲ၍ လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

ပန်းတနော်မြို့နယ်တွင် ဦးကြည်ငြိမ်း ပိုင်ဆိုင်သည့် ဖိုးလမင်း ကုမ္ပဏီက သိမ်းဆည်းထားသော လယ်ယာမြေဧက ၅၀၀၀ ကျော်အနက် ကဒုံကနိ ကျေးရွာအနီးရှိ လယ်ဧက ၅၀၀ ကျော်အား လယ်သမားများက ပြန်လည်ရယူကာ ၀င်ရောက် ထွန်ယက်စိုက်ပျိုးနေ ကြောင်း သိရသည်။

“ကျမကတော့ လယ်ထွန်ပြီးလို့ ပျိုးတောင်ကြဲထားပြီးပြီ။ ကျမတို့မှာ လုပ်စရာ ဒီလယ်လေးပဲ ရှိတာ။ အစိုးရကလည်း ဖြေရှင်းပေး မယ်ဆိုပြီးတော့ မိုးစပါးစိုက်ချိန်သာရောက်လာတယ်။ ဘာမှ ဖြစ်မလာဘူး။ အဲဒီတော့ ကျမတို့လည်း မစောင့်နိုင်တော့ဘူး။ ကိုယ့် လယ်ကို ကိုယ့်ဘာသာ ၀င်ထွန်ပစ်လိုက်တယ်”ဟု ပန်းတနော်မြို့နယ် ခနွဲကပို ကျေးရွာမှ လယ်သူမတဦးက ဧရာဝတီကို ပြော သည်။

ဖျာပုံမြို့နယ် ကျိုက်ကမ္ဘာကျေးရွာအုပ်စုမှ လယ်သမား ၂၀၀ ကျော်က ယခင်ကျေးရွာ ဥက္ကဋ္ဌဟောင်းများ သိမ်းဆည်းထားသည့် လယ်မြေဧက ၄၀၀ ကျော်ကို ၀င်ရောက်ထွန်ယက် စိုက်ပျိုးမှုများလုပ်ဆောင်ခဲ့ပြီး ငပုတောမြို့နယ် ကညင်ငူကျေးရွာတွင်လည်း ဧရာဝတီ တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဌာန(စစစ) မှ ၂၀၀၁ ခုနှစ်က သိမ်းဆည်းထားသည့် လယ်မြေဧက ၄၀ ကျော်ကို မူလပိုင်ရှင်တောင်သူများက ထွန်တုံးတိုက်ပွဲဆင်နွှဲ၍ ပြန်လည်ရယူ လုပ်ကိုင်နေသည်။

“သိမ်းတုန်းက စသုံးလုံး ၀န်ထမ်းသက်သာချောင်ချိရေးဆိုပြီး သိမ်းသွားတာ။ ပြေစာ အထောက်အထားတွေပြလည်း မရဘူး။ ကျနော်တို့မှာ လယ်ယာတွေမရှိတော့ ကလေးတွေလည်း ကျောင်းထုတ်ရ၊ စားဝတ်နေရေးလည်း ကျပ်တည်းခဲ့ကြပါတယ်။ အခုက မိုးက ရွာနေတော့ ထွန်ယက်ဖို့အချိန်ကျနေပြီ။ စိုက်ချိန်တန်လို့ မစိုက်ဘဲနေရင် စပါးက ရိတ်တဲ့အချိန်ကျတော့ အဆင်မပြေတော့ဘူး။ လေလွင့်ပျက်စီးမှုတွေ ကြုံရနိုင်တယ်။ အဲဒီတော့ မစောင့်နိုင်တော့ဘဲ ကိုယ့်လယ်ကို ၀င်ထွန်ကြတာပါ”ဟု လယ်မြေ ဧက ၂၀ အသိမ်း ခံခဲ့ရသည့် ကညင်ငူကျေးရွာမှ ဦးစန်းဝင်းက ပြောသည်။

သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စုတွင်လည်း ဧရာရွှေဝါကုမ္ပဏီက နိုင်ငံတော်သို့ ပြန်အပ်သည့် လယ်ယာမြေ ၅၆၂ ဧကကို ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီက ယာယီလုပ်ကိုင်ခွင့် ချထားပေးရာတွင် မကျေနပ်သည့်အတွက် ဒေသခံတောင်သူများက ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ခဲ့ကြသည်။

“ဧရာရွှေဝါက နိုင်ငံတော်ကို ပြန်ပေးပြီးသားလယ်တွေကို ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဆီကို အပ်လိုက်တယ်။ ကော်မတီက ယာယီလုပ်ကိုင်ခွင့်ချပေးရာမှာ မူလပိုင်ရှင် လယ်သမားတွေကို ချမပေးဘဲ ဧရာရွှေဝါဆီကနေ သီးစားခပေးပြီး ယခင် လုပ်ကိုင်နေတဲ့ ယူနစ်လယ်သမားတွေကို ချပေးတဲ့အတွက် မကျေနပ်လို့ လယ်သမားတွေက ထွန်တုံးတိုက်ပွဲ လုပ်ကြတာပေါ့”ဟု သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောသည်။

အလားတူ မအူပင်မြို့နယ် မလက်တိုကျေးရွာ ၊ ကျောင်းကုန်းမြို့နယ် သဲခုံကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ် ခုံဇင်ကုန်းကျေးရွာတို့တွင်လည်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံထားရသော လယ်ယာမြေများကို မူလပိုင်ရှင် လယ်သမားများက ပြန်လည်ရယူ လုပ်ကိုင်နေကြသည်။

သိမ်းဆည်းခံထားရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့်လယ်များကို ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထွန်တုံးတိုက်ပွဲ ပြုလုပ်ရာတွင် တပါးသူ ပိုင်ဆိုင်သောလယ်မြေအတွင်း ၀င်ရောက်ထွန်ယက်မိပါက ဥပဒေအရ တရားစွဲမှုများ ခံရနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဆန်းမောင်က ပြောဆိုထားသည်။

တိုင်းဒေသကြီးအစိုးရက ဒေတတချို့ရှိ ထွန်တုံးတိုက်ပွဲများကို တားမြစ်ခြင်းများ ရှိသော်လည်း အကြမ်းဖက်ဖြိုခွင်းမှုများ ယနေ့တိုင် ပြုလုပ်ခြင်းမရှိသေးပေ။

“မူလပိုင်ရှင် လယ်သမားတွေ လက်ထဲကို လယ်ယာမြေတွေ ပြန်မရောက်မခြင်း ထွန်တုံးတိုက်ပွဲတွေက ဖြစ်နေမှာပါပဲ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီလယ်ယာမြေပြဿနာ တွေကို ဖြေရှင်းမယ်ဆိုရင် အခုက အချိန်မီပါသေးတယ်။ ဒါဟာ အချိန်ဆွဲထားလို့မရဘဲ အလျှင်အမြန်ဖြေရှင်းရမယ့် ပြဿနာ၊ ဧရာဝတီတိုင်းဒေသကြီးအတွက် အရမ်းအရေးကြီးတဲ့ ပြဿနာမို့လို့ ကျနော်တို့ အခုလို ထပ် ကာ ထပ်ကာ တိုက်တွန်းပြောဆိုနေတာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး တောင်သူလယ်သမားနှင့်ရေလုပ်သားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းဝင်း က ပြောဆိုသည်။

လယ်ယာမြေပြဿနာများဖြေရှင်းရာတွင် အစိုးရက မိမိအစီအစဉ်ဖြင့် ဖြေရှင်းနေခြင်းထက်၊ လယ်သိမ်းခံရသူလယ်သမား၊ တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူ သမဂ္ဂ ကွန်ရက်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအစိုးရနှင့် လယ်သိမ်းသူအဖွဲ့အစည်းများ စားပွဲဝိုင်းတွင် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်းက အကောင်းဆုံးဖြစ်မည်ထင်ကြောင်း ဦးသိန်းဝင်းက ဆိုသည်။

ဧရာဝတီတိုင်းအနှံ့ စစ်တပ်၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာစသဖြင့် အဖွဲ့အစည်းမျိုးစုံက အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ် ယာမြေဧက ၁ သိန်းကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျနော့်အနေနဲ့ကတော့ လယ်ယာမြေပြဿနာတွေကို အမြန်ဆုံး ပြေလည်စေချင်ပါတယ်။ ဘာလို့ဆိုတော့ လယ်ယာမြေတွေကို အကြောင်းပြုပြီး ကျနော်တို့ တိုင်းဒေသကြီးမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဖြစ်လာမှာကို မလိုလားပါဘူး။ ဒါကြောင့် သိမ်း ဆည်း ခံရတာလည်း မှန်တယ်။ ပိုင်ဆိုင်ကြောင်း အထောက်အထားတွေလည်း ရှိတယ်ဆိုရင် မူလပိုင်ရှင်လယ်သမားတွေကို လယ် ယာမြေတွေ အမြန်ဆုံး ပြန်ပေးလိုက်တာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတခုလုံးတွင် လယ်ယာမြေဧကပေါင်း ၃၇ သိန်းကျော်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရသည်။
Irrawaddy

Tuesday, June 4, 2013

Ko Yar Zar – ဦးဝင်းတင်နဲ့နေထိုင်ခြင်း အပိုင်းများ (၁)

ဦးဝင်းတင်နဲ့နေထိုင်ခြင်း အပိုင်းများ
ကိုရာဇာ၊ ဇွန် ၄၊ ၂၀၁၃
(ဒေါ်ဖြူဖြူသင်း ဖေ့စ်ဘွတ်စာမျက်နှာမှ တဆင့် ကူးယူဖော်ပြသည်)

ကျနော်အခုလက်ရှိမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ယောက်အဖြစ်လှုပ်ရှားနေတယ်။ အယင်ကတည်းက အဖွဲ့ချုပ်မှာ လှုပ်ရှားနေခဲ့တာ ခုဆို နှစ် နှစ်ဆယ်နီးပါတော့မယ်။ လိုအပ် မလိုအပ်ခြင်းများ ငြင်းဆန်ခံနေ့စွဲများ၊ ကိုယ့်အချင်းချင်း ချနင်းပစ်ခံရတဲ့ အစိမ်းရောင်နာရီတွေကို ပြန်ပြန်ကြည့်မိသလို ဖြစ်ဖြစ်နေတယ်။ ကောင်းပါပြီ၊ အခြားအနာတရကိစ္စတွေမှာ ကိုယ့်ဒဏ်ရာကို ပြန်လျက် ပြီး ဖြေသာလိုက်ပါတယ်။ ဒါပေမယ့် အတွင်းရေးဆိုတာကလည်း ရေးသွင်းဖို့ လိုလာရင်တော့ တစ်မျိုးပေါ့ဗျာ။

 ဆယ်စုနှစ်နှစ်ခုနီးပါးလောက်မှာ ကျနော်ဘာလုပ်သလဲ၊ ဘာရသလဲ၊ ဘာပေးနိုင်ခဲ့သ လဲ ဆိုတာ လည်ပြန်ကြည့်တော့ ဘာမှ မရှိ ဆိုသလိုတောင် ဖြစ်နေတာပြန်ဆန်းစစ်မိပါတယ်။ ဒါပေမယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ အဘဦးတင်ဦး၊ အဘဦးဝင်းတင် အစရှိတဲ့ခေါင်းဆောင်တွေရဲ့ နောက်လိုက်ဖြစ်ခဲ့ရတာ၊ မဖြူဖြူသင်း (အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း)တို့နဲ့ တွဲဖက်ပြီးတော့ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးကိစ္စတွေ ဆောင်ရွက်ခဲ့တာတွေအတွက် ကျနော်ကျေ နပ်နေမိပါတယ်။( အခြား နိုင်ငံရေးကိစ္စတွေကိုတော့ သီးခြားရေးဖို့ စဉ်းစားမိပါတယ်)


ကျနော်တို့ အဖွဲ့ချုပ်မှာ ရတနာသုံးပါး ရှိပါတယ်။ အဲ့ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဘဘ ဦးတင်ဦးနဲ့ ဘဘဦးဝင်းတင်တို့ သုံးယောက်ဖြစ်ပါတယ်။ (ဒီ ရတနာသုံးပါးစကားလုံးက မိထ္တီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ရဲ့ အသုံးအနှုန်းပါ)။ ဘ၀မှာ တန်ဖိုးအရှိဆုံးကို ညွှန်းဆိုပါဆိုရင်တော့ ဒီရတနာသုံးပါးမှာ ဦးဝင်းတင်တည်းဟူသော ရတနာတပါးကို ကျနော်ဆည်းကပ်ခွင့်ရခဲ့ပါတယ်။ အနီးကပ်ပါပဲ။

ကျနော် အဖွဲ့ချုပ်ကို စတင်ရောက်တော့ ဒီခေါင်းဆောင်သုံးယောက်မှာ ဦးဝင်းတင်တစ်ယောက် မရှိပါဘူး။ အဘက ထောင်ထဲမှာပါ။ အဘရဲ့ စာအုပ်တွေကို ကျနော်ငယ်က ဖတ်ဖူးပါတယ်။ အဘနဲ့ပတ် သက်ပြီးလည်း တလွဲသတင်းစကားတွေ ကြားဖူးပါတယ်။ အဲ့ဒါကတော့ သွားလေသူ ဦးနေ၀င်းက အဘကို ၀န်ကြီးတစ်နေရာပေးတော့မယ်ဆိုတဲ့ သတင်းစကားပါ။ အဘကို မီဒီယာတွေမှာလည်း သိပ်မမြင်ဖူးပါဘူး။ ကျနော်တို့ အသက်ငယ်တာလည်း ပါ ပါလိမ့်မယ်။

ကျနော်တို့အဖွဲ့ချုပ်ရဲ့ စိန်ခေါ်မှု အများဆုံးကာလလို့ ပြောရမယ့် ၂၀၀၉ခုနှစ်မှာ အဘ အင်းစိန်အကျဉ်းထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။ အဲ့ဒီတော့မှ ကျနော်ငယ်က လေးစားအားကျရတဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ဆိုတာကို မြင်ဖူးပါတော့တယ်။ ပိန်ပိန်ပါးပါး အဖိုးအိုဟာ ထောင်ဝတ်စုံဖြစ်တဲ့ အကျီ င်္အပြာရောင်ဝတ် ထားပါတယ်။ ချိုသာတဲ့ အပြုံးနဲ့ ပြတ်သားတဲ့ အသံရှိနေပါတယ်။ ဒါ လူကိုယ်တိုင် မြင်ရတာမဟုတ်ပါဘူး။ ရုပ်သံက လွှင့်တဲ့သတင်းတွေထဲ မြင်ဖူးတာပါ။

အဘကို တစ်ရက်သားမှာ သွားကန်တော့ဖို့ ကြိုးစားပါတယ် တွေ့ခွင့်မရခဲ့ပါဘူး။ ကန်တော့စာလေး တွေပေးပြီး ပြန်ခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း အဘနားကပ်နေတဲ့ လူငယ်တချို့ကို ကျနော်သဘောမတွေ့ခဲ့ပါဘူး။ ကျနော်တို့ပါတီကို ဖောက်လွဲဖောက်ပြန်လုပ်တယ်လို့ ကျနော်တို့ဖက်က ယူဆထားတဲ့ လူငယ်တော်တော်များများက အဘကို ၀န်းရံနေလို့ဖြစ်ပါတယ်။

အဘ ဒုတိယအကြိမ် ဆေးရုံတက်တော့ ကျနော်တို့ သတင်းမေးသွားပါတယ်။ အာရှတော်ဝင်ဆေးရုံမှာပါ ။ နှလုံးစက်တပ်တဲ့အကြိမ်ဖြစ်ပါတယ်။ လူတွေများနေတာနဲ့ စကားအနည်းငယ်ပဲ ပြောခွင့်ရပါတယ်။ ဒါ တောင် ကျနော်ပြောခွင့်ရတာမဟုတ်ပဲ ဒေါ်ဖြူဖြူသင်း ပြောတာပါ။

နောက်တော့ ဒီဗွီဘီ(DVB)ရုပ်သံမှာ အဘဦးဝင်းတင် အင်တာဗျူးပါလာပါတယ်။ သူဆေးရုံ တက်စဉ်က အကူညီရထားတဲ့ငွေတွေ ရှိပါသတဲ့။ အဲ့ဒီငွေတွေကို နှစ်ခုခွဲပြီး တစ်ခုကို ဦးကျော်သူကိုသွား ရောက်လှူဒါန်းပြီးပါပြီ။ ကျန်တစ်ဝက်ကိုတော့ မဖြူဖြူသင်းတို့ကို လှူမယ်လို့ ပြောတာ ပါလာပါတယ်။ အဘကို မမေးပါဘူး၊ မပြောပါဘူး။ အဲဒီအချိန်မှာ အဘလိုင်းကား တိုးမစီးနိုင်တော့ပါဘူး။ တက္ကစီငှားစီးနေရ ပါပြီ။

တစ်ရက်သား၊ အဘအပြန်မှာ ကျနော်တို့ကို လိုက်ခဲ့ဖို့ခေါ်ပါတယ်။ ကျနော်တို့ လိုက်သွားတော့ အဘက ငွေကိုးသိန်း ထုတ်ပေးပါတယ်။ စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်။ ပြောတယ်ဆိုရာမှာလည်း အဘပြောတာ နားထောင်ဖြစ်တာပါ။ အဘက ငါနိုင်ငံရေးသမားမဟုတ်ဘူး ဆိုတာကနေ စပြော လိုက်တာ မှောင်သွားတော့မှ စကားစ ဖြတ်ပါတယ်။

နောက်ပိုင်းမှာတော့ ကျနော်တို့ အထူးသဖြင့် ကျနော် နဲ့က တအား ရင်းနှီးသွားပါတယ်။ အဲ့ဒီကစလို့ အဘရဲ့ အတွေးအခေါ်၊ ပုဂ္ဂိုလ်ရေးအရ ကျင့်စဉ်၊ နိုင်ငံရေးအရ ရပ်တည်ချက်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားမှု၊ အဖွဲ့ချုပ်အပေါ် ထားတဲ့ စေတနာ အစရှိတာ တွေကို ကျနော် ကောင်းကောင်း ရင်းနှီးခွင့်ရပါတော့တယ်။ နောက် ဆောင်းပါးတွေမှာတော့ ဦးဝင်းတင် နဲ့နေထိုင်ခြင်း ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ဦးဝင်းတင်နဲ့ ဧကမက္ကောနိုင်ငံရေး၊ ဦးဝင်းတင်နဲ့ ခရိုနီ၊ ဦးဝင်းတင်နဲ့ မိမိကိုယ်ကိုယ်စောင့်ရှောက်ခြင်း၊ ဦးဝင်းတင်နဲ့ နွားတရား အစရှိတာတွေ ရေးသားပြီးတင်ပြ သွားပါ့မယ်။

လေးစားချင်ခင်လျက် …

ကိုရာဇာ

http://moemaka.com/archives/1700