Latest News

Monday, January 1, 2018

ကြွေပင်ကြွေငြား မွှေးမြဲမွှေး


.................
ချစ်သူတို့ သက်တမ်းကား တို၏
မုန်းသူတို့ သက်တမ်းကား ရှည်၏
ကြေကွဲ၍မဆုံးပါ
(ကဗျာဆရာ တင်မိုး)

(၂၀၁၆)ခုနှစ် ဒီဇင်ဘာ(၁၁)ရက်။
(၇၈)လမ်း ဟိုတယ်မန္တလေး၊
စံပယ်ဖြူခန်းမထဲ ပြုလုပ်တဲ့
(၁၉၉၆)မန္တလေးတက္ကသိုလ် ကျောင်းသား လှုပ်ရှားမှု နှစ်(၂၀)ပြည့်
အခမ်းအနားမှာ
ပါဖောမန့်စ် ပြကွက်လေးတစ်ခု
တင်ဆက်တာ ကြည့်ခဲ့ရတယ်။

စီစဉ်ဖန်တီးသူကတော့
နိုင်ငံရေးအကျဉ်းသားဟောင်း
Recycle Artist ကိုစန်းဇော်ထွေးပါ။

ပြကွက်ထဲမှာ
"မင်းတို့ပဲဂွတ်နေကြတယ်"ဆိုပြီး
မင်းဂွတ်သီးကို ခြေထောက်နဲ့
နင်းဆောင့်ပြခဲ့တာ ပြန်သတိရမိရဲ့ ။

သြော်.....ခုတော့လည်းလေ
နောက်တစ်နှစ်အကြာ
ခုဒီဇင်ဘာလထဲမှာပဲ
ကိုစန်းဇော်ထွေးတစ်ယောက်
ဒီကမ္ဘာမြေပေါ်ကနေ
လက်ပြနှုတ်ဆက် ထွက်ခွာသွားရှာပေါ့။

၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်။
ကိုစန်းဇော်ထွေးတစ်ယောက်
မရှိတော့ဘူးတဲ့။

(၂၀၁၇)ခုနှစ်နဲ့အတူ
သူ့ဘဝကိုပုဒ်မချသွားခဲ့ပါပေါ့လား
(၂၀၁၈)ခုနှစ် ထဲအထိ
သူလိုက်ပါ မလာနိုင်ရှာတော့ပါဘူး။

ကိုစန်းဇော်ထွေးရေ
"နတ်တွေရဲ့ ချစ်ခင်ခြင်းခံရသူဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့
သေဆုံးရတတ်တယ်"တဲ့။

ဆုံးပါးချိန်မှာ
အသက်က (၄၄)နှစ်ဆိုတော့
သူ့လို တန်ဖိုးရှိသူ၊အစွမ်းအစရှိသူတစ်ယောက်
ကျွန်တော်တို့ အသင်းဘက်မှာ
လျော့သွားတာ နှမြောစရာပါပဲ။

သူက
စစ်အစိုးရခေတ်
နိုင်ကျဉ်းဟောင်းတစ်ယောက်။
နိုင်ငံရေး အနုပညာသမား။
အမှန်တရားရဲ့ ဘက်တော်သား။

သူ့အတွက်အလွမ်းစာလေးတွေ
ရေးကြတာ ဖတ်ရတော့
သူဟာ လွမ်းစရာကောင်းတဲ့
လူတစ်ယောက်ပဲလို့ ခံစားရမိတယ်။

"......တောင်ငူထောင်။
(၂၀၀၂)ခုနှစ်။
နိုင်ကျဉ်းအားလုံးရဲ့တိုက်ဝန်း
တိုးချဲ့ ပေးရေးအတွက်
ကိုထွန်းထွန်းနိုင်အပါအဝင်
အခြားနိုင်ကျဉ်း( ၅)ဦးနဲ့အတူ အစာငတ်ခံတိုက်ပွဲမှာ သေအံ့ဆဲဆဲအထိတိုက်ပွဲဝင်ခဲ့သူ၊အာဏာပိုင်တွေက
တိုက်ဝန်းတွေတိုးချဲ့ ပေးဖို့
(၄)တိုက်ဝင်းနံရံသစ်အတွက် (foundation) စတူးတော့မှ
တိုက်ပွဲကိုအောင်မြင်
စွာရပ်တန့်ခဲ့သူတစ်ဦးပါပဲ...."
#Myint Swe

".....ညီပြောခဲ့တာ မှတ်မိသေးတယ် "အထဲမှာ
တိုက်ပိတ်ခံရတာ ကြာလာတော့
စိတ်မွန်းကြပ်လာတယ်။ အဲ့ဒီခံစားမှုတွေကို
ရရာပလပ်စတစ်အိတ်၊ကြွပ်ကြွပ်အိပ်တွေနဲ့
အနုပညာတွေ ဖော်ထုတ်ရင်း စိတ်ထွက် ပေါက်တစ်ခု ရခဲ့တာပဲ
ဆိုတာ......."
"....ငါ့ညီရဲ့အနုပညာဖန်တီးမှုတွေ၊ သရုပ်ဖော်တွေ၊ကဗျာတွေ၊ပန်းချီတွေ၊ အို..အစုံစုံဟာ
တို့တတွေရဲ့ယုံကြည်ချက်၊စိတ်ဓာတ်၊ အယူအဆ၊အတွေးအခေါ်၊
ဒါတွေကိုအမြဲတမ်းကိုယ်စားပြုခဲ့တာပါ"
#Ye Naingthinn

"မင်းက အနုပညာကို မဖန်တီးဘူး
မင်းကိုယ်တိုင်က အနုပညာ...."
".....မင်းပြုံးတာ နှလုံးသား
အဲ့ဒါ မင်းမျက်လုံးတွေ မဟုတ်ဘူး..."
"...ငါတို့တွေ စောလွန်းတယ်ညီလေး
တစ်ချို့ တွေနောက်ကျတယ်..."
"....ငါတို့ မြိုခဲ့ရတဲ့
သဲရှပ်ရှပ် ထမင်းလုပ်တွေ
အဲ့ကောင်တွေ နင်ပြီးသေပါစေ။
ငါတို့ ခတ်ခံရတဲ့  သံခြေကျင်းသံတွေနဲ့
အဲ့ကောင်တွေ အိမ်မက်ဆိုးမက်စေ။
ငါတို့ မိဘဘိုးဘွားချစ်သူတွေကို
ဝေးကွာစေတဲ့
အဲကောင်တွေ
ကမ္ဘာ ရှစ်သောင်း ပြိတ္တာဖြစ်စေ။
#Brang Yae Htut

"ဒီဗိုက်သေတ္တာလေးထဲကနာတာလို့ (၂၄)ရက်နေ့ကပြောသွားတာမမေ့ဘူး စန်းဇော်ထွေးရာ"
#Cho Cho

".....စန်း​ဇော်​​ထွေး​ရေ
လက်​သီးတစ်​ချက်​နဲ့တစ်​ချက်​ကြား
တုတ်​တစ်​ချက်​နဲ့ တစ်​ချက်​ကြား
သုခဆိုတာ ရှိပါလားတဲ့
နန္ဒစစ်​​အောင်​က ​ရေးတတ်​လိုက်​တာ..."
".....စိတ်​ရှည်​သည်းခံပြုပါ
ကဗျာ့သာသနာဆိုတဲ့
မင်းရဲ့မှာစကား
ငါအမြဲ စွဲမြဲပါတယ်"
#ဆရာမောင်အောင်ပွင့်ကလည်း ခင်ဗျားအတွက် အဲ့သလိုရေးခဲ့တယ်။

သေမင်းကအကြိမ်ကြိမ် လူရွေးမှားတတ်လွန်းရဲ့။
ဒီတစ်ခါလည်း
လူရွေးမှားပြန်ပေါ့။

ရင်အပြည့် ခါးသက်မှုတွေနဲ့
ပင်လယ်တစ်စင်း။
ရေအောက် ကမာလှောင်အိမ်ထဲ
သိုသိုဝှက်ဝှက်နေခဲ့ရတဲ့
ပုလဲအကျဉ်းသား။
ကျောက်တောင်ကို လက်ချည်းသက်သက်နဲ့
ဖြိုချခဲ့သူ။

ကိုစန်းဇော်ထွေး
ခင်ဗျားပြောသလိုပေါ့
မင်းဂွတ်သီး"သူတို့တွေက
ဘာလို့ ဂွတ်ပြီးရင်းဂွတ်နေကြသေးတာလဲ ?

ကျွန်တော်တို့တွေကျတော့
ကြက်ဟင်းခါးသီးလို
ဘဝတွေမပြေမပြစ် အဖုဖုအထစ်ထစ်နဲ့
အရာရာ ခါးသီးမြဲ ခါးသီးလျက်။

ဒီခါးသီးမှုတွေကနေ
လွတ်မြောက်ရာမှာ
ခင်ဗျား ငြိမ်းချမ်းနေမယ်ဆိုတာ ယုံကြည်ပါတယ်။

မောင်နန်းဝေ(ဗန်းမော်)
၁ ဇန်နဝါရီ ၂၀၁၈
(မူရင်းအကောင့်ရှင်များရဲ့
စာသားများကိုခွင့်မတောင်းဘဲ ရည်ညွှန်းတပ်ပြီးယူသုံးမိတာ
ဒီနေရာကနေပဲ တောင်းပန်အပ်ပါတယ်)

No comments:

Post a Comment