Latest News

Wednesday, June 28, 2017

ယခုပြိုင်ပွဲမှာ ဆီးဂိမ်းစ်အတွက် အကောင်းဆုံး ပြင်ဆင်မှုဖြစ်သည်ဟု မြန်မာအသင်းနည်းပြချုပ် ပြောကြား

ယခုပြိုင်ပွဲမှာ ဆီးဂိမ်းစ်အတွက် အကောင်းဆုံး ပြင်ဆင်မှုဖြစ်သည်ဟု မြန်မာအသင်းနည်းပြချုပ် ပြောကြား

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ယနေ့ စတင်ကျင်းပမည့် KBZ Bank Cup လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲမှာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပြိုင်ပွဲအဖွင့်ပွဲအဖြစ် ကမ္ဘောဒီးယား ယူ-၂၂ အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ဂတ်ဖရိုင်းဒရစ်က “ကျွန်တော်တို့အသင်း အနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ဒီလဆန်းပိုင်းမှာစပြီး လေ့ကျင့်ခဲ့ပါတယ်။ ကစားသမား အစုံအလင်လေ့ကျင့်တာကတော့ လလယ်ပိုင်းမှပါ။ ပြိုင်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ တောင်ကြီးမြို့မှာ တစ်ပတ်ကြာ သွားရောက်လေ့ကျင့်ခဲ့ပါတယ်။ တောင်ကြီးရာသီဥတုက ကျွန်တော့်ကစားသမားတွေအတွက် အကျိုးရှိတဲ့ လေ့ကျင့်ရေးခရီးစဉ် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ဆီးဂိမ်းစ်ပြိုင်ပွဲအပြင် အာရှယူ-၂၃ ခြေစစ်ပွဲအတွက်ပါ ပြင်ဆင်နေရတာ ဖြစ်ပါတယ်။ အဓိကပြိုင်ပွဲနှစ်ခု မယှဉ်ပြိုင်ခင် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲက အချိန်ကိုက် လာရောက်ကျင်းပတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ခုလို့ ပြောနိုင်ပါတယ်” ဟု ပြောကြားသည်။ ဆက်လက်၍ ဂတ်ဖရိုင်းဒရစ်က အဖွင့်ပွဲယှဉ်ပြိုင်ရမည့် ကမ္ဘောဒီးယား အသင်းနှင့်ပတ်သက်၍ ကမ္ဘောဒီးယား အသင်းဟာ ခြေစွမ်းပိုင်း သိသိသာသာ ကောင်းမွန်လာပြီး ကစားပုံအရမ်းကောင်းမွန်ပါတယ်။ သူတို့အသင်း ဘယ်လောက်တိုးတက်လာသလဲဆိုတာ ရလဒ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ အတွက်ဆိုရင်တော့ အဖွင့်ပွဲတစ်ပွဲတည်း မဟုတ်ပါဘူး။ ပွဲတိုင်းအရေးကြီးပါတယ်။ ကမ္ဘောဒီးယားနဲ့ အဖွင့်ပွဲမှာ ရလဒ်ကောင်းဖို့ ကြိုးပမ်းမှာဖြစ်သလို၊ ပွဲတိုင်းအနိုင်ရဖို့ အတွက်လည်း အာရုံအပြည့်နဲ့ ကစားသွားမှာပါ” ဟု ပြောကြားသည်။

မြန်မာ ယူ-၂၂ အသင်းသည် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမတိုင်မီ MNL All – Star အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၂ - ၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်မတိုင်မီ နိုင်ငံတကာပွဲ ရှစ်ပွဲကစားရန် စီစဉ်ထားသည်။

Eleven Media Group

No comments:

Post a Comment