Latest News

Friday, May 26, 2017

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစပေါ်လာဟု မြောက်ပိုင်းမဟာမိတ်ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းစပေါ်လာဟု မြောက်ပိုင်းမဟာမိတ်ပြော

နေပြည်တော်၊ မေ ၂၆

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့မှုက အစိုးရနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းဖြစ်ပေါ်လာခဲ့ကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောကြားလိုက်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တို့ မေလ ၂၆ ရက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ကို နှစ်သုတ်ခွဲ၍ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလား (NDAA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) လေးဖွဲ့နှင့် သီးသန့်တစ်ကြိမ်တွေ့ကာ ကျန်သည့် မြောက်ပိုင်းသုံးဖွဲ့ (TNLA, AA , MNDAA) တို့နှင့် သီးသန့် ထပ်မံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နေပြည်တော်သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခဲ့ခြင်းက အကျိုးရှိခဲ့ပြီး အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း ပိတ်ဆို့မှုမှ လမ်းကြောင်းပွင့်သွားခဲ့ပြီး ဆက်လက်တွေ့ဆုံဆွေးနွေးသွားနိုင်ရန် မျှော်လင့်ကြောင်း တွေ့ဆုံမှုတွင် ပါဝင်သည့် တအောင်း ပလောင် လက်နက်ကိုင်အဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) တာပန်လှက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမှာ နာရီဝက်ခန့်သာ ကြာမြှင့်ခဲ့သောကြောင့် နိုင်ငံရေးဆွေးနွေးမှု မူဝါဒများနှင့် ပတ်သတ်၍ အပြည့်အဝ ပြောဆိုခွင့် မရရှိခဲ့ဘဲ ဆက်လက်ညှိုနှိုင်းစရာများ အများအပြား ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

“ဒီခရီးစဉ်ကတော့ အကျိုးရှိပါတယ် TNLA အနေ့ပဲဖြစ်ဖြစ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးတော့ပဲဖြစ်ဖြစ် လအတန်ကြာ တွေ့ဆုံနိုင်ဖို့ ပိတ်ဆို့နေတဲ့ တာဝန်ရှိသူ အချင်းချင်း အထူးသဖြင့် အစိုးရဘက်က တွေ့ဆုံဖို့ လမ်းကြောင်း မဖြစ်ပေါ်ခဲ့ဘူး။ အခုကတော့ လမ်းကြောင်းဖြစ်ပေါ်ခဲ့ပြီလို့တော့ ပြောလို့ရတယ်။ ဆက်သွားနိုင်ဖို့ကို ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့လည်း ပါဝင်ခဲ့ကြောင်း မြောက်ပိုင်းအဖွဲ့ထံမှ သိရသည်။

UWSA ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့သည် ယခုကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး UPDJC က ယင်းအဖွဲ့များကို အထူးဖိတ်ကြားသူများအဖြစ် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းအဖွဲ့များသည် အစိုးရ၏ NCA လမ်းကြောင်းကို လက်မခံဘဲ ငြိမ်းချမ်းရေး လမ်းကြောင်းသစ်တစ်ရပ် ဆွေးနွေးရန် ထုတ်ပြန်ထားသည်။

The Voice

No comments:

Post a Comment