Latest News

Wednesday, April 26, 2017

ဆူးလေဆိပ်ခံတံတားအမှတ်(၂) ဆိပ်ကမ်း၌ ဆန်တင်သင်္ဘောကြီး ရောက်ရှိဆိုက်ကပ်

ဆူးလေဆိပ်ခံတံတားအမှတ်(၂) ဆိပ်ကမ်း၌ ဆန်တင်သင်္ဘောကြီး ရောက်ရှိဆိုက်ကပ်


ရန်ကုန် ဧပြီ ၂၆

မြန်မာနိုင်ငံမှ အနောက်အာဖရိက ရှိ နိုင်ငံများသို့ ဆန်အိတ်အများအပြား တင်ပို့လျက်ရှိရာ M V TOMINI AMITY အမည်ရှိ ဆန်အိတ်များ တင်ဆောင်သည့် ကုန်ပစ္စည်းတင် သင်္ဘောကြီးမှာ မြန်မာနိုင်ငံအတွင်း ဒုတိယမြောက်အကြီးဆုံး ကုန်ပစ္စည်း တင်သင်္ဘောအနေဖြင့် ဝင်ရောက် လာပြီး ဆူးလေဆိပ်ခံတံတား အမှတ်(၂) ဆိပ်ကမ်း၌ ဆိုက်ကပ် ထားကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ရေကြောင်းပြမှူး ချုပ်နှင့်တကွ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူများ၏ ဆောင်ရွက် မှုကြောင့် မြန်မာ့သမိုင်းတွင်ဝင်ရောက်ခြင်းမရှိခဲ့သည့် ၁၈၅ မီတာ အရှည်ရှိ ကုန်ပစ္စည်းတင်သင်္ဘောကြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကုန်ချခဲ့ပြီး ဧပြီ ၂၄ ရက်က ဆူးလေဆိပ်ခံတံတားအမှတ်(၂) ဆိပ်ကမ်းသို့ ရောက်ရှိဆိုက် ကပ်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအတွင်းရှိ ဆန်တန်ချိန် ၂၂ဝဝဝ ကို တင်ဆောင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ ဆန်အိတ် များကို တင်ဆောင်သယ်ယူထွက်ခွာမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဆန်တန်ချိန် ၁၂ဝဝဝ ကို တင်ဆောင်သယ်ယူကာ အနောက် အာဖရိကရှိနိုင်ငံများသို့ တင်ပို့ဖြန့်ဖြူးမည်ဖြစ်သည်။

အဆိုပါသင်္ဘောပိုင်ရှင်၏အေးဂျင့် ဝါရင့်ကပ္ပတိန်ဟင်နရီဦးခင်မောင်က ''အခုဆိုအပြင်မှာကြန့်ကြာပြီး စောင့်နေရတာဟာ အနည်းဆုံး ၁ဝ ရက်လောက်လျော့နည်းသွားပါတယ်။ ဒီဆိပ်ကမ်းမှာသင်္ဘောကြီး ကပ်လိုက်တဲ့အတွက် Shipper တွေ၊ ဆန်ကုန်သည်တွေအတွက် ကုန်ကျစရိတ်သိသာစွာ လျော့ကျသွားပါတယ်။ ဘာလို့လဲဆိုတော့ လှိုင်သာယာကနေ ဆူးလေဆိပ်ကမ်းကို ဆန်အိတ်တွေသယ်ဆောင်လာတဲ့ အခါမှာ ကားခကတစ်တန်ကို ငွေကျပ် ၆ဝဝဝ ကျော်ကျပါတယ်။ တကယ်လို့ သီလဝါဆိပ်ကမ်းကိုသာ သယ်ဆောင်ရမယ်ဆို ကားခကတစ်တန်ကို ငွေကျပ် ၈ဝဝဝ ကျော်ကျပါလိမ့်မယ်။ ဒါကြောင့်မို့ သယ်ယူခအနေနဲ့ တစ်တန် ကို ကျပ် ၂ဝဝဝ လောက် သက်သာသွားပါပြီ။ ဒီတော့သက်သာတဲ့ အရာတွေ တဖြည်းဖြည်းနဲ့အရှိန်တစ်ခုရလာ တဲ့အခါကျရင် ဆန်ကုန် သည်တွေ အနေနဲ့ မြန်မာ့ဆန်ကိုဈေးနှုန်းပိုပေးပြီး လယ်သမားတွေဆီကနေ ဝယ်ယူနိုင်ကြမှာဖြစ်ပါတယ်။ Logistics အားကောင်းလာပြီဆိုရင် နိုင်ငံက ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တယ်။ အခြားနိုင်ငံတွေနည်းတူ နိုင်ငံ တကာဈေးကွက်ကို ထိုးဖောက်လာနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော် အတွက်လည်း နိုင်ငံခြားဝင်ငွေတွေရရှိစေမှာဖြစ်ပါတယ်''ဟု ပြောသည်။

''လက်ရှိအခက်အခဲကတော့ လှိုင်သာယာကနေ ဆူးလေကိုလာတဲ့ လမ်းတစ်လျှောက်မှာမနက်ပိုင်း ၁၁ နာရီကနေ ညနေ ၃ နာရီထိဖြတ်သန်း မောင်းနှင်တဲ့ ကုန်ကားတွေကိုမောင်းခွင့်မပြုထားတော့ အတွင်းဆိပ် ကမ်းရောက်နေတဲ့ ကုန်တင်သင်္ဘောတွေအတွက် အင်မတန်နှောင့်နှေးစေ ပါတယ်။တစ်ရက်ကို ဆန်တန်ချိန် သုံးထောင်လောက်တင်ဖို့ကြိုးစားနေတဲ့ ကာလမှာ အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့်တာဝန်ရှိသူတွေအနေနဲ့ ကုန်ကားတွေ မောင်းနှင်ခွင့်ကို ပြန်လည်သုံးသပ်ဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဘတ်စ်အသုံးပြု လူဦးရေ နှစ်သန်းကို ကြည့်နေရတာကို နားလည်လက်ခံပေမယ့် Commercial Impact ကိုတော့ တကယ်ကို အလေးထားပြီး ပြန်လည်သုံးသပ်ပေးပါလို့ တာဝန်ရှိသူတွေကို ကျွန်တော့်အနေနဲ့မေတ္တာရပ်ခံလိုပါတယ်။ တကယ်လို့ ဒီကုန်ကားတွေကိုသာ ပုံမှန်ဖြတ်သန်းမောင်းနှင်ခွင့်ပေးမယ် ဆိုရင် အခြားနိုင်ငံတွေနည်းတူ ကုန်တင်ပမာဏတန်းတူဖြစ်လာနိုင်ပြီး တောင်သူလယ်သမားတွေအတွက်ပါ အဆင်ပြေစေမှာဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင် ငွေပိုမိုရရှိစေမှာဖြစ်တယ်'' ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ဒုတိယမြောက်အကြီး ဆုံး ကုန်ပစ္စည်းတင်သင်္ဘောကြီးမှာ ဆန်အိတ်များ တင်ဆောင်ပြီးမည့် ခန့်မှန်းရက်ဖြစ်သော မေ ၂ ရက်တွင် ဆူးလေဆိပ်ခံ တံတားအမှတ်(၂) ဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီ ၆ ရက်ကလည်း ကုန်ပစ္စည်း တင် အကြီးဆုံး သင်္ဘောဖြစ်သည့် မီတာ ၁၉ဝ အရှည်ရှိ ကုန်ပစ္စည်းတင် သင်္ဘောကြီး ဝင်ရောက်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ဆူးလေဆိပ်ခံတံတား အမှတ်(၂) ဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-(စိုးဝင်း-MLA)

No comments:

Post a Comment