Latest News

Friday, April 14, 2017

ဧရာဝတီတိုင်းတွင် သင်္ကြန်အကျနေ့ နံနက်ထိ သင်္ကြန်မှုခင်း တစ်မှုမျှ မရှိ

ဧရာဝတီတိုင်းတွင် သင်္ကြန်အကျနေ့ နံနက်ထိ သင်္ကြန်မှုခင်း တစ်မှုမျှ မရှိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း သင်္ကြန်အကျနေ့ နံနက်ပိုင်းအထိ သင်္ကြန်နှင့်ပတ်သက်သည့် မှုခင်း တခုမျှမရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ ပြောသည်။

"သင်္ကြန်အကြိုကာလနဲ့အကျနေ့ နံနက်ပိုင်းသတင်းပို့တဲ့အချိန်အထိ သင်္ကြန်နဲ့ပတ်သက်သည့် အမှုအခင်းတွေ တခုမှ မရှိသေးပါဘူး” ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

သင်္ကြန်အကျနေ့မှစတင်ပြီး အရာရှိ ၃၄၆ဦး အခြားအဆင့် ၁၈၇၃ဦးဖြင့် လုံခြုံရေးဆောင်ရွက်ထားပြီး၊ ချောင်းသာကမ်းခြေတွင် အရာရှိ ၉ဦး၊ အခြားအဆင့်၅၆ဦးနှင့် ငွေဆောင်ကမ်းခြေတွင် အရာရှိ ၇ဦးနှင့် အခြားအဆင့် ၃၄ဦးဖြင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားသည်။

"အမှုအခင်းတွေမဖြစ်ပွားအောင်လည်း ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ကြိုတင်ပြီးလုံခြုံရေးတွေ ဆောင်ရွက်ပြီး ပြည်သူလူထုနဲ့ သက်ဆိုင်ရာနယ်မြေခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အရန်မီးသတ်တွေ မြို့မိမြို့ဖတွေ စုပေါင်းပြီးလုံခြုံရေးကို ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဒုတိယရဲမှူးကြီးခင်မောင်လတ်က လုံခြုံရေးကိစ္စများအားပြောသည်။

လုံခြုံရေးဆောင်ရွက်ရန်အတွက် နယ်မြေခံတပ်ဖွဲ့ဝင်များ၊ တိုင်းအကူတပ်ဖွဲ့ဝင်များ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ထားသည်ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မဏ္ဍပ်အကြီးများ၌ လုံခြုံရေးအတွက် CCTV ကင်မရာ အနည်းဆုံး၎လုံး တပ်ဆင်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးကသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး မဏ္ဍပ်အကြီး၁၇ခု အလတ် ၃၂ခု အသေး၁၈ခုရှိကြောင်း သိရှိရသည်။ ရေကစားမဏ္ဍပ်တွင် ရခိုင်ရိုးရာရေကစားမဏ္ဍပ်အား ပုသိမ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၇ခုနှစ်မှ စတင် ပြုလုပ်ထားသည်။

Mizzima

No comments:

Post a Comment