Latest News

Friday, February 10, 2017

နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား လုံခြုံရေး အထူးတင်းကျပ်မည်

နှစ် (၇၀)ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား လုံခြုံရေး အထူးတင်းကျပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ပင်လုံစာချုပ် သဘောတူညီမှု ရရှိခဲ့သည့် ပြည်ထောင်စုနေ့ နှစ် (၇၀) ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့  နံနက် ၇ နာရီတွင် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံတွင် ကျင်းပမည်ဖြစ်ရာ လုံခြုံရေး တင်းကျပ်မည်ဖြစ်ကြောင်း  ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။

အဆိုပါ အခမ်းအနား ကျင်းပမည့် ပန်းခြံအနီးရှိ အထပ်မြင့် အဆောက်အအုံ ၁၂ လုံးတွင် အထူး လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြည့်နေပြီး စီစီတီဗီ ကင်မရာ ၁၀ လုံး တပ်ဆင်ထားကာ ရဲဝတ်စုံ အပါအဝင်  အရပ်ဝတ်များဖြင့်လည်း လုံခြုံရေး ရယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

တောင်တန်းပြည်မ ပူးပေါင်းရေး သဘောတူစာချုပ်ပင်လုံကို ချုပ်ဆိုနိုင်သည့် ပြည်ထောင်စုနေ့ အခမ်းအနားကို  ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုမှ ပြည်သူများ စုစုပေါင်း  ပရိသတ် ၃၀ဝ၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ပြည်ထောင်စုနေ့ သမိုင်းအကြောင်းကို ဆိုင်းဘုတ်ထူထားတယ်။ လက်ကမ်း စာစောင်တွေကို အရင်တုန်းက ပြန်ကြားရေးက ပေးလေ့ရှိတယ်။ အခုတော့ မသိသေးဘူး”ဟု ရဲမှူးချုပ် မြဝင်းက ဆိုသည်။

ပြည်ထောင်စုနေ့ အခမ်းအနား မတိုင်မီ လုံခြံရေးအတွက် မဟာဗန္ဓုလပန်းခြံလမ်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ယာဉ်အသွားအလာ ပိတ်ထားမည် ဖြစ်ပြီး ထိုနေရာမှ ညဈေးတန်းကိုလည်း ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာမူ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။

Sources : The Voice

No comments:

Post a Comment