Latest News

Saturday, February 18, 2017

ရန်ကုန်မြို့၌ တရားမ၀င်သစ်များ တစ်လအတွင်း သိမ်းဆည်းရမိမှု တန်ချိန် ၁၅၀၀ ကျော်ရှိကြောင်း သစ်တောဦးစီးဌာန ထုတ်ပြန်

ရန်ကုန်မြို့၌ တရားမ၀င်သစ်များ တစ်လအတွင်း သိမ်းဆည်းရမိမှု တန်ချိန် ၁၅၀၀ ကျော်ရှိကြောင်း သစ်တောဦးစီးဌာန ထုတ်ပြန်

ရန်ကုန်မြို့၌ တရားမ၀င်သစ်များ တစ်လအတွင်း သိမ်းဆည်းရမိမှု တန်ချိန် ၁၅၀၀ ကျော်ရှိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ဇန်န၀ါရီ ၂၄ မှ  ဖေဖော်ဝါရီ ၁၄ ရက်အထိ ရန်ကုန်မြို့ တရားမ၀င် သစ်မှောင်ခိုဂိုဏ်းထံမှ သိမ်းဆည်းရမိခဲ့သော သစ်များကို ကနဦး တွက်ချက်ထားရာတွင် တန်ချိန် ၁၃၃၀ ကျော်ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ဖမ်းဆီးရမိခဲ့သည့် သစ်များကို အသေးစိတ် တိကျစွာ တိုင်းတာစစ်ဆေးခဲ့ရာ စုစုပေါင်း ၁၅၃၀ ဒသမ ၈၉၁၂ တန်ဖြစ်သည်။

ရန်ကုန်မြို့၏ တရားမ၀င် သစ်မှောင်ခိုအမှုကို ၁၀ ခုအထိ ဖော်ထုတ်ရမိထားပြီး နောက်ဆုံးဖမ်းဆီးရမိမှုမှာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန် (၂)၊ ၈၉ ရပ်ကွက်၊ ခြံအမှတ် (၃၅-ခ) အတွင်းရှိ ဂိုဒေါင်နှစ်လုံး အတွင်းမှ တရားမ၀င် ကျွန်း ၁၅ တန်၊ ပိတောက် ၅၀ တန်ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ တရားမ၀င် သစ်မှောင်ခိုဂိုဏ်း အသွင်ဖြင့် ဆောင်ရွက်နေမှုအပေါ်   ဖော်ထုတ်ဖမ်းဆီး ထားမှုများအရ ဆိပ်ကမ်း၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များတွင် ၂၀၁၇ ဇန်န၀ါရီ  ၂၄ ရက်မှ  ဖေဖော်ဝါရီ ၁၄ ရက်အထိ တရားမ၀င် ကျွန်း၊ တမလန်း၊ ပိတောက်နှင့် ကုက္ကိုသစ်များ သိမ်းဆည်းရမိထားကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ ဖော်ထုတ်နိုင်ခဲ့သည့် နှုန်းထားအရ နှစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ရန်ကုန်မြို့အတွင်း တရားမ၀င် သိုလှောင်ထားသည့်သစ်များကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကွင်းဆက်အများအပြား ဖော်ထုတ်နိုင်ခဲ့မှုမှာ သစ်တောဦးစီးဌာန အနေဖြင့် ပထမဆုံး အကြိမ်ဖြစ်ပြီး ထပ်မံဖော်ထုတ်ရန် အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီများကိုလည်း ရယူထားကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပြောကြားထားသည်။

နောက်ဆက်တွဲ အမှုများကို ဖော်ထုတ်နိုင်ရန် ဆက်လက် လုပ်ဆောင်နေကြောင်း၊ လက်ရှိဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များတွင် ခြံပိုင်ရှင်၊ လုပ်ငန်းရှင်များနှင့် အခြားပါဝင် ပတ်သက်နေသူများကို ပုဒ်မ ၄၂ (ခ) နှင့် ၄၃ (က) များအပြင် ပပက ဥပဒေပုဒ်မ၊ ၆ (၁) ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ထွက်ပြေးတိမ်းရှောင် နေသူများကို တရားခံပြေးအဖြစ် သတ်မှတ်ကာ ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရသည်။

ရန်ကုန်မြို့အတွင်း အကြီးမားဆုံး အနေဖြင့် ချိတ်ဆက်ဖမ်းမိခဲ့သည့် ဖြစ်စဉ်အစမှာ ဇန်န၀ါရီ ၂၄ ရက်က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိလာသော ကွန်တိန်နာ နှစ်လုံးအား စစ်ဆေးခဲ့ရာတွင်  တန်ချိန် ၃၃ တန်ကျော်ရှိ တရားမ၀င် ကျွန်းခွဲသားများ တွေ့ရှိရာမှတစ်ဆင့် ကွင်းဆက်များကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒဂုံအရှေ့ရှိ ဂိုဒေါင်တစ်လုံးအတွင်း ဖမ်းဆီးရမိခဲ့သည့် တရားမ၀င်သစ်များအား တွေ့ရစဉ် (ဓာတ်ပုံ-သစ်တောဦးစီးဌာန)

Eleven

No comments:

Post a Comment