Latest News

Thursday, February 9, 2017

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ပြုပြင်မှု မရှိခဲ့သည့် တစ်ခုတည်းသော သခင်ဖိုးလှကြီးနှင့် ဆရာစံရုပ်တုအား ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ပြုပြင်မှု မရှိခဲ့သည့် တစ်ခုတည်းသော သခင်ဖိုးလှကြီးနှင့် ဆရာစံရုပ်တုအား ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်မည်


သခင်ဖိုးလှကြီးနှင့် ဆရာစံရုပ်တု အပါအ၀င် ယင်းရုပ်တုတည်ရှိသည့် ရင်ပြင်တို့ကို သန့်ရှင်းရေးဆောင်ရွက်နေစဉ်
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ လုံးဝပြုပြင်မှုမရှိခဲ့သည့် တစ်ခုတည်းသော မကွေးမြို့နယ် အုန်းတွဲကျေးရွာအုပ်စု မကွေး-တောင်တွင်းကြီး ကားလမ်းဝဲဘက် ယင်းချောင်းတံတား၏ မြောက်ဘက်ထိပ်ရှိ သခင်ဖိုးလှကြီးနှင့် ဆရာစံရုပ်တု အပါအ၀င် ယင်းရုပ်တု တည်ရှိသည့် ရင်ပြင်ကို ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်က သန့်ရှင်းရေးများ စတင်ဆောင်ရွက်နေကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်ထံက သတင်းရရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ပထမဆုံးသော တော်လှန်ရေးဖြစ်သည့် ၁၃၀၀ ပြည့် ရေနံမြေ အလုပ်သမားအရေးတော်ပုံကြီး၏ ခေါင်းဆောင် သခင်ဖိုးလှကြီးနှင့် တောင်သူလယ်သမား အရေးတော်ပုံကြီး၏ ခေါင်းဆောင် ဆရာစံတို့၏ ရုပ်တုများကို ၁၉၇၃ ခုနှစ်က ယင်းချောင်းတံတားနှင့်အတူ တည်ဆောက်ထားရှိခဲ့ကြောင်း၊ အဆိုပါရုပ်တုသည် သခင်ဖိုးလှကြီး၏ မွေးရပ်ဇာတိ သရက်လေးပင် ကျေးရွာနှင့် နှစ်မိုင်ခန့်အကွာတွင် တည်ရှိကြောင်း၊ ယင်းရုပ်တုကို နှစ်ပေါင်းများစွာကြာ ပြုပြင်ထိန်းသိမ်းမှုမရှိခဲ့သောကြောင့် ဆရာ စံရုပ်တု၏ ညာဘက်လက်ချောင်းများ ပျက်စီးနေကြောင်း၊ ထို့ပြင် ယင်းရုပ်တု တည်ရှိသည့် ရင်ပြင်အတွင်း ရှား၊ ထနောင်း၊ ကန္တာရပင်များ ချုံပုတ်ပင်များဖြင့် ပြည့်နေကြောင်း၊ထို့ကြောင့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဦးအောင်မိုးညိုကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက် နံနက်က တိုင်းအလုပ်သမားဝန်ကြီး ဦးနေမျိုးကျော် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ လမ်းဦးစီးဌာန၊ မီးသတ်ဌာနနှင့် အုန်းတွဲကျေးရွာအုပ်စု ဒေသခံများ စုပေါင်း၍ ရင်ပြင်အတွင်း သန့်ရှင်းရေးများ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


“မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိဖို့အတွက် လှုပ်ရှားမှုတွေမှာ အဓိကကျခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ တောင်သူလယ်သမား အရေးတော်ပုံကြီးတွေရဲ့ ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ သခင်ဖိုးလှကြီးနဲ့ ဆရာစံတို့ဆိုတာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေပါ။ ကာလအတန်ကြာ ဒီကျေးဇူးရှင်တွေကို သမိုင်းမှတ်တိုင်အနေနဲ့ စိုက်ထူထားတဲ့ ဒီရုပ်တုတွေဟာ ကျွန်တော်တို့ အများပြည်သူမြင်ကွင်းမှာ ရှုပျော်မြင်ပျော်မရှိတဲ့ အနေအထား ဖြစ်နေတဲ့အတွက် ပြုပြင်ဖို့စီစဉ်ခဲ့တာပါ။ ဒါကို အလုပ်သမား လယ်သမားတွေရဲ့ သမိုင်းတန်ဖိုးကို ပြန်လည်ဖော်ထုတ်တဲ့ အနေနဲ့ရော၊ ကျေးဇူးရှိတဲ့ သူတွေအပေါ်မှာ ကျွန်တော်တို့ ကျေးဇူး တရားသိတတ်တယ်ဆိုတာကို မကွေးမြို့သူ မြို့သားတွေ၊ တိုင်းသူတိုင်းသားတွေအနေနဲ့ ပြဖို့အတွက် ဒါကိုစတင်ခဲ့တာပါ” ဟု တိုင်းအလုပ်သမားဝန်ကြီး ဦးနေမျိုးကျော်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးနီက “မကွေးတိုင်းထဲမှာရော၊ တစ်နိုင်ငံလုံးမှာပါ တစ်ခုတည်းရှိတဲ့ ဒီဆရာစံနဲ့ သခင်ဖိုးလကြီးရုပ်တုကို နိုင်ငံခြားသားတွေ လာရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်တွေ လုပ်နိုင်အောင်အထိ ကြိုးပမ်းသွားမှာပါ။ အလုပ်သမားဝန်ကြီးကလည်း ဒါကို ပူးပေါင်းဖို့ ပြောနေပါတယ်။ ကော်မတီအနေနဲ့ကတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေမှာ ၀ိုင်းဝန်းပြီးတော့ ကူညီမှာပါ။ ကျေးရွာခံ လူထုနဲ့လည်း ပူးပေါင်းဆောင်ရွက်ပါမယ်” ဟု ပြောကြားသည်။

အဆိုပါ ရုပ်တုတည်ရှိရာ ရင်ပြင်အပါအ၀င် ယင်းချောင်းတံတား ယာဘက် မကွေး- တောင်တွင်းကြီး ကားလမ်းအရှေ့ဘက်ရှိ အလုပ်သမား တောင်သူလယ်သမားရင်ပြင်နှင့်  ယင်းရင်ပြင်အထက် ကုန်းမြင့်ရှိ ယင်းချောင်းလွင်ပြင်ကို ကြည့်ရှုနိုင်သည့် ဗျူးပွိုင့်နေရာများကိုလည်း ပြုပြင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ယင်းသို့ပြုပြင်ရာတွင် သမိုင်းတန်ဖိုး လျော့မသွားစေရန် ဦးစားပေးဆောင် ရွက်မည်ဖြစ်ကြောင်း အဆိုပါ ရုပ်တုနှင့် ရင် ပြင်အတွက် အဆိုပြု ဒီဇိုင်းတစ်ခုရေးဆွဲ လျက်ရှိကြောင်း ရုပ်တုရင်ပြင်တွင် အလုပ် သမားလယ်သမားများနှင့် သက်ဆိုင်သည့် ပြတိုက်ငယ်တစ်ခု ထားရှိသွားနိုင်ရန်လည်း စီစဉ်ထားကြောင်း ယင်းချောင်းတံတားဝန်းကျင်ကို အများပြည်သူအပန်းဖြေနိုင်မည့် ၀န်းကျင်အဖြစ် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း အလုပ်သမား၊ လ၀ကနှင့် ပြည်သူ့အင်အား ၀န်ကြီးဦးနေမျိုးကျော်ထံမှ သတင်းရရှိသည်။

Writer:
အောင်သူငြိမ်း (မကွေး)Eleven Media Group

No comments:

Post a Comment