Latest News

Friday, February 24, 2017

အစိုးရသစ်၏ သက်တမ်းတစ်နှစ်အတွင်း ၀န်ကြီးချုပ်များ၏ စွမ်းဆောင်မှုမှတ်တမ်း (၁)

အစိုးရသစ်၏ သက်တမ်းတစ်နှစ်အတွင်း ၀န်ကြီးချုပ်များ၏

စွမ်းဆောင်မှုမှတ်တမ်း (၁)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံသားများ၏ တစ်ခဲနက် ထောက်ခံမဲပေးမှုကြောင့် မြန်မာနိုင်ငံကို ဦးဆောင်သည့် အစိုးရတစ်ရပ် ဖြစ်လာသည်။
“ပြောင်းလဲချိန်တန်ပြီ”ဟု ကြွေးကြော်သံဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်သည် ယခုအခါ သက်တမ်းတစ်နှစ်နီးပါး ရောက်ရှိလာပြီဖြစ်သည်။ ယင်းတစ်နှစ်နီးပါးအတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ်ဟန့်တားခြိမ်းခြောက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးခြင်း၊ ဆင်းရဲမွဲတေမှု၊ ငွေကြေးဖောင်းပွမှုနှင့် အမြတ်ခွန်စနစ်များကို အောင်မြင်အောင် မဆောင်ရွက်နိုင်သေးပေ။ နိုင်ငံတော်သမ္မတ၏ ရွေးချယ်မှုဖြင့် ခန့်အပ်တာဝန်ပေးခဲ့သော ၀န်ကြီးချုပ် ၁၄ ဦး၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်၍လည်း ပြည်သူလူထုကြားတွင် ဝေဖန်မှုများ၊ မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။ အစိုးရသက်တမ်း တစ်နှစ်ပြည့်ရန် တစ်လအလိုတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်မှုကလည်း အစိုးရ၏  Institution အားပျော့မှုကို ဖော်ပြရာရောက်ပေသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခုရှိရာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးသည် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း၊ တိုင်းပြည်၏ အချက်အချာ တိုင်းဒေသကြီးများ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေအများဆုံးနှင့် စီးပွားရေးလုပ်ငန်းများ အခြေစိုက်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဦးဆောင်သူမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဖြစ်သည်။ အသက် ၄၇ နှစ်ရှိပြီဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပေါက်ဖွားလာသူဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သန်လျင်မြို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းသူအဖြစ်လည်းကောင်း ပါဝင်ရင်း ၁၉၉၀ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ABSFU) အတွင်းရေးမှူးအဖြစ် ကျောင်းသားများ ပြန်လည်စုစည်းရေးကို တာဝန်ယူခဲ့သည်။ ၁၉၉၁တွင် ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၅ ခုနှစ်မှ ပြန်လည် လွတ်မြောက်ခဲ့သည်။ ရန်ကုန်တိုင်းတွင် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူပြီးသည့်နောက် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ခွင့်ကို တားမြစ်ခြင်း၊ ကျူးကျော်များအား စာရင်းကောက်ယူခြင်း၊ ရန်ကုန်မြို့လယ်ကောင်ရှိ လမ်းဘေးဈေးသည်များကို ရှင်းလင်းကာ ကမ်းနားညဈေးကို ဖွင့်လှစ်ခြင်း၊ ရန်ကုန်ဆိပ်ကမ်းမှ ကွန်တိန်နာများကို သယ်ဆောင်သည့် မော်တော်ယာဉ်များအား ညအချိန်သတ်မှတ်၍ ပြေးဆွဲစေခြင်း၊ ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်နေသည့် မထသကို ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ဖြင့် ဘတ်စ်ကားလိုင်း စနစ်သစ် ဖွဲ့စည်းခြင်းတို့ကြောင့် ပြည်သူအများစု၏ ထောက်ခံမှုကို ရရှိထားသည်။ သို့သော် YBS ၏ လက်ရှိ အားနည်းချို့ယွင်းမှုများကြောင့် ဝေဖန်ပြစ်တင်ခြင်းခံနေရသည်။

မြန်မာနိုင်ငံ၏ ဒုတိယအင်အားအကြီးဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဖြစ်သည်။ သူသည် မန္တလေး ဆေးတက္ကသိုလ်တွင် ဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ရင်း ၈၈၈၈ အရေးတော်ပုံတွင် ဦးဆောင်ပါဝင်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသော်လည်း လွှတ်တော်ခေါ်ပေးရန် စစ်အစိုးရ၏ ပျက်ကွက်မှုကြောင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည့်အတွက် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်လည်မှတ်ပုံတင်ပြီးနောက် ၂၀၁၂ ခု ကြားဖြတ်ရွေးကောက်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီးနောက် ဇာတိမြေတွင် ၀န်ကြီးချုပ်ဖြစ်လာသည်။ ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ၀န်ကြီးချုပ်တာဝန် ယူစဉ်ကာလအတွင်း ထိုင်းဘုရင့်အုတ်ဂူ ပြန်လည်တူးဖော်ရေး စီမံကိန်းအား တားမြစ်ခဲ့သည့်အတွက် ဒေသခံများ၏ ဝေဖန်မှုများနှင့် ချီးကျူးမှုနှစ်မျိုးလုံးကို ကြုံတွေ့ခဲ့ရသည်။ နိုင်ငံရေး အကဲခတ်သမားများက မန္တလေးတိုင်း ၀န်ကြီးချုပ်သည် ကျိုးကြောင်းမဆီလျော်လျှင် မည်သူ့မျက်နှာမှ မထောက်ဘဲ လုပ်စရာရှိသည်များကို လုပ်တတ်ကြောင်း သုံးသပ်ခဲ့ကြသည်။ အစိုးရသက်တမ်း တစ်နှစ်အတွင်း မန္တလေးတိုင်းအတွက် သိသာထင်ရှားသော ဆောင်ရွက်မှုများမှာ ပြင်ဦးလွင်မြို့ရှိ မြေကွက်များ၏ ဂရန်များကို ပြန်လည်စိစစ်ခြင်း၊ ရတနာပုံတံတားနှင့် စစ်ကိုင်းတံတားအနီးရှိ လောင်စာဆီဆိပ်ခံ စီမံကိန်းအား ရပ်ဆိုင်းထားစေခြင်း၊ တောင်သမန်အင်း အတွင်းရှိ ဟိုတယ်တချို့ အင်းအတွင်းမြေဖို့ကာ ဆောက်လုပ်ရေး ဆောင်ရွက်မှုများအား ချက်ချင်းရပ်ဆိုင်းစေခြင်း၊ ADB မှ ချေးယူထားသော ဒေါ်လာ သန်း ၆၀ ဖြင့် မန္တလေး မြို့တွင်းရှိ ရေဆိုးများကို ရေသန့်စင်မှုများ ပြုလုပ်စေရန်နှင့် ရေကြီးရေလျှံမှုများကို ကာကွယ်ရန် ဆောင်ရွက်ခြင်း၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအသစ်နှင့်အညီ ကော်မတီဝင်များကို ရွေးကောက်ပွဲပြုလုပ်၍ ခန့်အပ်ခြင်းနှင့် ဒုတိယမြို့တော်ဝန် ခန့်အပ်ခြင်း၊ မန္တလေးတိုင်း အတွင်းရှိ လူမှုရေးအဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းများကို ဆောင်ရွက်နိုင်ခဲ့သည်။ သို့သော် မန္တလေးတိုင်းအတွင်း အလုပ်အကိုင် ရှာဖွေဖန်တီးပေးနိုင်သည့် စီမံကိန်းများ မဖော်ဆောင်နိုင်ခြင်း၊ မြို့ပြစီမံကိန်းများ ခွင့်ပြုရန်နှေးကွေးနေခြင်း၊ မန္တလေးမြို့တွင်း သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်အောင် မပြုပြင်နိုင်ခြင်း၊ ကျူးကျော်ပြဿနာများကို မဖြေရှင်းပေးနိုင်ခြင်း စသည်များက မန္တလေးသားများအတွက် အားမလိုအားမရ ဖြစ်စေခဲ့သည်။ သို့သော် ၀န်ကြီးချုပ် ၁၄ ဦးထဲတွင် လက်ချိုးရေတွက်၍ရသည့် စွမ်းဆောင်မှုကောင်းသော ၀န်ကြီးချုပ်စာရင်းတွင် ပါဝင်ခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စွမ်းဆောင်ရည် အကောင်းဆုံး ၀န်ကြီးချုပ်များနှင့် စွမ်းဆောင်ရည်ညံ့သော ၀န်ကြီးချုပ်များကို ဆန်းစစ်ရာတွင် မီဒီယာများနှင့် မထိတွေ့သောကြောင့် မိမိတိုင်းအတွင်း မည်သို့ဆောင်ရွက်နေသည်ကို မသိရှိရသော ၀န်ကြီးချုပ်များထဲတွင် ရှမ်း၊ ကချင်၊ ချင်း၊ ပဲခူး၊ မွန် ၀န်ကြီးချုပ်များက ထိပ်ဆုံးတွင်ရှိနေသည်။ စွမ်းဆောင်ရည်မြင့်မား၍ မီဒီယာအား ကောင်းစွာအသုံးပြုတတ်သော ၀န်ကြီးချုပ်များထဲတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ်များက ရှေ့ဆုံးတွင်ရှိနေသည်။ အလယ်အလတ် အဆင့်ထဲတွင် အခြေအနေကြည့်၍ လှုပ်ရှား ဆောင်ရွက်နေကြသော ၀န်ကြီးချုပ်များထဲတွင် စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယားနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်တို့ ပါဝင်လျက်ရှိသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှာ လူကြိုက်အနည်းဆုံးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကယားပြည်နယ် ၀န်ကြီးချုပ်တို့မှာ အားအနည်းဆုံးဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်မှာ နုတ်ထွက်ရန်ရှိသည့်အတွက် အထူးပြောစရာ မရှိတော့ပေ။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ စွမ်းဆောင်ရည်များကို လာမည့်အပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်။


Tomorrow News Journal

No comments:

Post a Comment