Latest News

Friday, February 24, 2017

မြန်မာ့ ထုတ်ကုန်တွေ ပြည်ပနိုင်ငံ ၃၀ ကျော်က ဝယ်ယူဖို့ စိတ်ဝင်စား ကမ်းလှမ်း

မြန်မာ့ ထုတ်ကုန်တွေ ပြည်ပနိုင်ငံ ၃၀ ကျော်က ဝယ်ယူဖို့ စိတ်ဝင်စား ကမ်းလှမ်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ – မြန်မာနိုင်ငံက ထွက်ရှိတဲ့ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်း၊ သား၊ ငါးနဲ့ အခြား ရေထွက်ကုန် ပစ္စည်းတွေကို ပြည်ပနိုင်ငံ ၃၀ ကျော်ကနေ ဝယ်ယူဖို့ ကမ်းလှမ်းထားတယ် လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနက သိရပါ တယ်။

ယင်းထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်ဖို့ အရည်အသွေး တွေကို နိုင်ငံတကာ စံချိန်စံညွှန်းသတ် မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိစေရန် ပြည်တွင်းရှိ စိုက်ပျိုးရေး တောင်သူတွေနဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေကို လိုအပ်တဲ့ နည်းပညာ အသိ ပညာပေး လုပ်ငန်းတွေ ကူညီ ပေးသွားမယ်လို့ သိရပါတယ်။

ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ‘ဆရာတို့နိုင်ငံရဲ့ သီးနှံထွက် ကုန်နဲ့ ရေထွက်ကုန်ကို ဝယ်ပေးချင်တဲ့ နိုင်ငံတွေ ရှိတယ်၊ ဒါပေမဲ့ အရည်အသွေးပိုင်း ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ အခြား လိုအပ်ချက်တွေ ဆွေးနွေးရမယ့် ကိစ္စတွေ ရှိတယ်၊ အီးယူ ဈေးကွက်ရယ်၊ အမေရိကန် ဈေးကွက်ရယ်၊ ကျွန်း နိုင်ငံလေးတွေ ကလဲ ကမ်းလှမ်းတာ ရှိတယ်၊ ဒါပေမဲ့ အလုပ်ဖြစ်ခြင်း မဖြစ်ခြင်းက ရှိသေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်မှု ပြုလုပ်ဖို့ ကုန်သွယ်မှု ဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူ စာချုပ် ချုပ်ဖို့ အတွက် အမေရိကန်နိုင်ငံ ကနေ ကမ်းလှမ်း ထားပြီး အီးယူနိုင်ငံကလည်း မြန်မာနိုင်ငံရှိ ရေထွက်ကုန် ပစ္စည်းများ၊ စိုက်ပျိုရေး ထုတ်ကုန်းများ အပေါ် GSP အခွင့်အလမ်းများ ပေးထားပေမဲ့လည်း မြန်မာနိုင်ငံက အရည်အသွေး ပြည့်မီတဲ့ ထုတ်ကုန်တွေကို တင်ပို့နိုင်မှု အားနည်း နေသေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အကြီးတန်း ဒုဥက္ကဋ္ဌ ဦးနှင်းဦးက “လုပ်ငန်းတိုးတက်ဖို့ အခွင့်အလမ်းကတော့ အများကြီးပဲ၊ ကိုယ်လုပ်ရင် လုပ်နိုင်သလောက် တိုးတက်သွားမှာ ဖြစ်တယ်၊ ဗီယက်နမ်ဘာလို့ တိုးတက်လဲ ဆိုတော့ ဒီလိုပဲ လုပ်သွားတာလေ ၊ အကောင်အထည် ဖော်ဖြစ်ဖို့ပဲ လိုတယ်၊ အကောင်အထည် ဖော်ဖြစ် သွားရင်တော့ တိုးတက်သွားမှာ အမှန်ပဲ၊ ဒီလိုပဲ တဖြည်းဖြည်းနဲ့ လုပ်သွားရမှာပေါ့၊ ချက်ချင်းတော့ မရနိုင်ဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ထုတ်ကုန်နဲ့ ရေထွက်ကုန် ပစ္စည်းတွေကို တရုတ်၊ ဗီယက်နမ်၊ အီးယူ၊ အမေရိကန်၊ စင်ကာပူ၊ ကူဝိတ်၊ ဆော်တီ၊ မလေးရှား၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စ တန်၊ ယူအေအီး၊ ယူကေ၊ ကနေဒါ၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျာမနီစတဲ့ နိုင်ငံတွေလည်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

လက်ရှိ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ပို့ကုန် ကဏ္ဍကတော့ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံ လျော့နည်းသွားပြီး ပုဂ္ဂလိက ပို့ကုန် ကဏ္ဍမှာတော့ အမေရိကန်  ဒေါ်လာ ၁.၃ ဘီလျံ ပိုတင်ပို့ခဲ့ပြီး လယ်ယာ ထွက်ကုန် ကဏ္ဍမှာတော့ အမေရိကန် ဒေါ်လာ ၂၃၂၄ သန်း၊ တိရစ္ဆာန်ထွက် ကဏ္ဍမှာတော့ အမေရိကန် ဒေါ်လာ ရှစ်သန်း၊ ရေထွက်ကုန် ကဏ္ဍမှာတော့ အမေရိကန် ဒေါ်လာ ၄၅၈ သန်း တင်ပို့ ထားတယ်လို့ သိရပါတယ်။

Author  ယမုံ (မြစ်မခ)
ကုမုဒြာ

No comments:

Post a Comment