Latest News

Tuesday, January 31, 2017

အမေရိကန်ရဲ့ပိတ်ပင်မှုကြောင့် မွတ်စလင်တွေအပေါ် သံသယကြီးထွားလာနိုင်ဟု အင်ဒိုနီးရှားပြော

အမေရိကန်ရဲ့ပိတ်ပင်မှုကြောင့် မွတ်စလင်တွေအပေါ် သံသယကြီးထွားလာနိုင်ဟု အင်ဒိုနီးရှားပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လူဝင်မှုပိတ်ပင်ရေးမူဝါဒသစ်ကြောင့် မွတ်စလင်တွေအပေါ် မယုံကြည်စရာ သံသယတွေ ကြီးထွားသွားစေနိုင်တယ်လို့ အင်ဒိုနီးရှား ဒုတိယသမ္မတက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ဟာ ဆီးရီးယားက ဒုက္ခသည်တွေအပါအဝင် အီရန်၊ အီရတ်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယား၊ ယေမင်စတဲ့ မွတ်စလင် ၇ နိုင်ငံက နိုင်ငံသားတွေ အမေရိကန်ကို ပြည်ဝင်ခွင့်ယာယီပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ဒီမူဝါဒဟာ အင်ဒိုနီးရှားနိုင်ငံအတွက် တိုက်ရိုက်ထိခိုက်မှုမရှိဘူးဆိုပေမယ့် မွတ်စလင်တွေအပေါ်မှာ သံသယတွေ ကြီးထွားလာစေမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုတိယသမ္မတ Jusuf Kalla က ပြောပါတယ်။

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးနေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်သမ္မတရဲ့ ပိတ်ပင်လိုက်တဲ့ မွတ်စလင်နိုင်ငံတွေ စာရင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံ မပါဝင်ပါဘူး။

ဒီအတောအတွင်း အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ ဒုက္ခသည်လက်ခံမှုယာယီ ရပ်ဆိုင်းလိုက်တဲ့ အမိန့်ကြောင့် အမေရိကန်မှာ အခြေချဖို့ စီစဉ်ထားတဲ့ ထိုင်းနိုင်ငံက ဒုက္ခသည် ၁၀၀ ကျော်လောက် ထိခိုက်မှုရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့က သိရပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် ကမ္ဘာတဝှမ်းက ဒုက္ခသည် ၂ သောင်းကျော်လောက် အမေရိကန်မှာ အခြေချခွင့်တွေ ထိခိုက်မှုရှိတယ်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ကူညီရေး အဖွဲ့အစည်းဖြစ်တဲ့ UNHCR က ပြောပါတယ်။

ထိုင်းနိုင်ငံကနေ လာမယ့် ရက် ၁၂၀ အတွင်း အမေရိကန်မှာ အခြေချဖို့ စီစဉ်ထားတဲ့ ဒုက္ခသည် ရာဂဏန်းရှိနေပြီး၊ လောလောဆယ် အစီအစဉ်တွေ ရပ်တံ့သွားပြီဖြစ်ကြောင်း၊ ဘာတွေဆက်ဖြစ် မယ်ဆိုတာ မသိရသေးကြောင်း၊ တကယ့်ကို ဒုက္ခအခက်အခဲတွေ ကြုံတွေ့နေရပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ UNHCR အဖွဲ့တာဝန်ခံ Jennifer Bose က ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစလိုပ ပဋိပက္ခတွေဖြစ်ပွားရာနိုင်ငံတွေ၊ ဖိနှိပ်မှုရှိတဲ့ နိုင်ငံတွေက ဒုက္ခသည်တွေကို အဓိကလက်ခံခေါ်ယူနေခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ UNHCR အဖွဲ့ရဲ့ ၂၀၁၅ ခုနှစ်စာရင်းတွေအရ ကမ္ဘာတဝှမ်းက ဒုက္ခသည် ၆၄ ရာခိုင်နှုန်းကို အမေရိကန်က လက်ခံခေါ်ယူ နေရာချထားပေးခဲ့တယ်လို့ ဆိုပါတယ်။

တပြိုင်နက်တည်းမှာပဲ အမေရိကန်နိုင်ငံကနေ မက္ကဆီကို နိုင်ငံကို ပြန်ပို့ခံရမယ့် မက္ကဆီကို နိုင်ငံသားတွေဘက်က ဥပဒေကြောင်းအရ ခုခံဆောင်ရွက်ပေးနိုင်အောင် ရှေ့နေငှားရမ်းဖို့ ဒေါ်လာငွေ သန်း ၅၀ အသုံးပြုသွားမယ်လို့ မက္ကဆီကို သမ္မတက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မက္ကဆီကို သမ္မတဟာ ပြန်ပို့ခံရမယ့် သူ့နိုင်ငံသားတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ပေမယ့် တစုံတရာ ညှိနှိုင်းလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ ကာရံမယ့်တံတိုင်းကုန်ကျစရိတ်ကို မက္ကဆီကိုနိုင်ငံက ပေးရမယ်လို့ ဒေါ်နယ်ထရမ့်က တစိုက်မတ်မတ်ပြောဆိုနေဆဲ ဖြစ်ပါတယ်။

မက္ကဆီကို သမ္မတ Enrique Peña Nieto ကတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ အမေရိကန်အနေနဲ့ မက္ကဆီကိုနိုင်ငံရဲ့ အချုပ်အခြာအာဏာကိုလည်း လေးစားဖို့လိုအပ်တယ်လို့ ပြောပါတယ်။

Photo: Wikipedia

( အင်ဒိုနီးရှား ဒုတိယသမ္မတ Jusuf Kalla ကိုတွေ့ရစဉ် )

RFA

No comments:

Post a Comment