Latest News

Sunday, January 8, 2017

ဆရာနှင့် ကျောင်းသားများ အတန်းမှန်ရန် ဒုသမ္မတ ဦးမြင့်ဆွေ ပြောကြား

ဆရာနှင့် ကျောင်းသားများ အတန်းမှန်ရန် ဒုသမ္မတ ဦးမြင့်ဆွေြေေပြောကြား


ဓာတ်ပုံ - Myanmar President Office (Facebook)

ရန်ကုန်၊ ဇန်နဝါရီ ၈

ပြောင်းလဲနေသော ပညာရေး ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး ကြိုးစားရာတွင် အခြေခံလိုအပ်ချက် ဖြစ်သည့် ဆရာနှင့် ကျောင်းသားများ အတန်းမှန်ရန် လိုအပ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ဇန်နဝါရီလ ၈ ရက်က ရခိုင်ပြည်နယ် တောင်ကုတ်ကောလိပ်ကို တောင်ကုတ်ဒီဂရီကောလိပ် အဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်သည့် အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ကျောင်းသားများ လက်တွေ့ဘဝတွင် အသုံးချနိုင်ရန် ဆရာများအနေနှင့် လက်တွေ့ကျကျ သင်ကြားပြီး အုပ်စုလိုက် သုတေသန လုပ်ဆောင်ခြင်း၊ အခြေခံသုတေသနဆိုင်ရာ ကိစ္စများပါ သင်ကြားပေးရန်နှင့် စာပေသာမက ကာယ၊ ဉာဏဖွံ့ဖြိုးရေး သင်ကြားပေးရန် ပြောကြားခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်ဆည်တက္ကသိုလ် ရူပဗေဒဌာန ကထိက ဒေါက်တာဇော်မျိုးလှိုင်က မြန်မာ့ပညာရေးစနစ်အရ တက္ကသိုလ်ဝင်ခွင့် စနစ်ကို အမှတ်ဖြင့် ဝင်ခွင့်ပြုနေသေး၍ ကျောင်းသားအများစုသည် မိမိဝါသနာပါရာ ဘာသာရပ်များကို တက်ရောက်သင်ကြားခွင့် ဆုံးရှုံးပြီး စိတ်ပါဝင်စားမှု နည်းလာကြောင်း ပြောကြားသည်။

ထို့ပြင် လက်တွေ့ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ မလုံလောက်သောကြောင့် ကျောင်းသားများ၏ စိတ်ပါဝင်စားမှုကို ဆွဲဆောင်နိုင်မှု အားနည်းလာခြင်းနှင့် အခြားအသက်မွေးဝမ်းကြောင်း ဘာသာရပ်များကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့် စိတ်ဝင်စားမှု လျော့နည်းလာကြောင်း ၄င်းက သုံးသပ်သည်။

ထို့ကြောင့် ကျောင်းသားအချို့သည် စာမေးပွဲ အောင်မြင်ရေး အမှတ်ရရန် လက်တွေ့ပိုင်းနှင့် ကျူတိုရီယယ် ပြုလုပ်ချိန်သာ ကျောင်းတက်လေ့ရှိပြီး အခြားသော စာသင်ခန်းတွင် သင်ကြားချိန်တွင် စိတ်ဝင်တစား တက်ရောက်သင်ကြားသူ နည်းပါးလာကြောင်း၊ အဝေးသင် သင်တန်းတွင်လည်း ပြင်ပကျူရှင်ကို အဓိကအားထားပြီး ကျောင်းတွင်းသင်ကြားမှုကို အာရုံစိုက်မှု နည်းပါးကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

သို့သော် နိုင်ငံတကာ တက္ကသိုလ်များတွင် ကျောင်းသားများ၏ ပါဝင်လုပ်ဆောင်မှု အကဲဖြတ်သည့်စနစ် (Credit Unit) တွက်ချက်ရာတွင် ကျောင်းတက်မှန်မှုသည့် ငါးရာခိုင်နှုန်းသာ အရေးကြီးကြောင်း နိုင်ငံတကာ တက္ကသိုလ်များတွင် သင်ကြားနေသည့် ကျောင်းဆရာများထံမှ သိရှိရသည်။

တောင်ကုတ်ဒီဂရီကောလိပ်ကို ၂၀၁၂ခုနှစ်က တောင်ကုတ်ကောလိပ် အဖြစ်သာ ဖွင့်လှစ်ခဲ့သည်။

ယခု တောင်ကုတ်ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ချိန်တွင် နေ့သင်တန်း ကျောင်းသား ၁၆၀၀ ကျော်၊ အဝေးသင်ကျောင်းသား ၅၀၀၀ နီးပါး တက်ရောက်လျက်ရှိပြီး ဘာသာရပ်ဌာန ရှစ်ခုရှိအပြင် ဂုဏ်ထူးတန်းများအထိ ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ယင်းဒီဂရီကောလိပ်ထံမှ သိရှိရသည်။

မူလက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်ဖွင့်လှစ်ထားသော စစ်တွေတက္ကသိုလ်၌သာ ပညာသင်ကြားရသောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် သွားလာရေး အခက်အခဲများစွာ ရှိပြီး ငွေကြေးကုန်ကျမှုလည်း ပိုများသောကြောင့် ပညာသင်ကြားရေးအတွက် အဟန့်အတား ဖြစ်စေခဲ့ကြောင်း ၄င်းက ပြောဆိုသည်။

Sources; The Voice

No comments:

Post a Comment