Latest News

Sunday, January 29, 2017

အငှားယာဉ်မောင်းဦးနေဝင်းရဲ့ နာရေးကို တိုင်းအစိုးရရဲ့ အစီစဉ်နဲ့ ပြုလုပ်မယ်

အငှားယာဉ်မောင်းဦးနေဝင်းရဲ့ နာရေးကို တိုင်းအစိုးရရဲ့ အစီစဉ်နဲ့ ပြုလုပ်မယ်

သေဆုံးသူ ဦးနေ၀င်းဟာ အသက် (၃၀)နှစ်အရွယ် ဇနီးဖြစ်သူ မစုသက်ခိုင်နဲ့ (၇)နှစ်၊ (၄)နှစ် နဲ့ (၄၅) ရက်သားအရွယ် သားသုံးဦးကျန်ရစ်ခဲ့ပါတယ်။

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူကို ကူညီဖမ်းဆီးပေးရာမှာ အသက်ဆုံးရှုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေ၀င်းရဲ့ဈာပနကို ဇန်န၀ါရီ ၃၁ ရက်မှာ ရန်ကုန်တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ပြုလုပ်မယ်လို့ သိရပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့ အသက် (၄၈)နှစ်အရွယ် အငှားယာဉ်မောင်း ဦးနေ၀င်း (ခ) စောကျိဝါးဟာ တရုတ်လူမျိုးဖြစ်ပေမဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ သူ့မိသားစုရဲ့ဆန္ဒအရ မြန်မာ့ဓလေ့ထုံးစံအတိုင်း ရေဝေးသုသာန်မှာ အကျဉ်းချုံးသင်္ဂြိုဟ်မှာ ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင် (ခ) ဖောကျိချမ်းကပြောကြားထားပါတယ်။ သင်္ဂြိုဟ်မယ့်အချိန်ကို ဇန်န၀ါရီ ၂၉ ရက်ညအထိ သတ်မှတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သေဆုံးသူ ဦးနေ၀င်းဟာ အသက် (၃၀)နှစ်အရွယ် ဇနီးဖြစ်သူ မစုသက်ခိုင်နဲ့ (၇)နှစ်၊ (၄)နှစ် နဲ့ (၄၅) ရက်သားအရွယ် သားသုံးဦးကျန်ရစ်ခဲ့ပါတယ်။ ဦးနေ၀င်းဟာ မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက် မြတောင်ညို ၁ လမ်း အိမ်နံပါတ် (၃၀) မှာ နေထိုင်သူဖြစ်ပြီး ရန်ကုန်လေဆိပ်မှာ အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်နေတာဟာ ၁၀ နှစ်ခန့်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဦးနေ၀င်းဟာ ငယ်စဉ်က လောက်စာလုံးထိမှန်တာကြောင့်ဘယ်ဘက်မျက်လုံး အမြင်ဆုံးရှုံးနေသူလည်း ဖြစ်ပါတယ်။   ဦးနေ၀င်းဟာ လုပ်ကြံသူကို အုတ်နီခဲနဲ့ လိုက်ထုချိန်မှာ သေနတ်သမားက သေနတ်နဲ့ လှည့်ပစ်ခဲ့တာကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဦနေ၀င်းရဲ့ကျန်ရစ်သူမိသားစုကို စေတနာရှင်ပြည်သူတွေက ဘဏ်စာရင်းဖွင့်ပြီး ကူညီသွားမယ်လို့ သိရပါတယ်။"ဆရာဦးကိုနီ အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရသလို လူသတ်ကောင်ကို ရဲရဲဝံ့ဝံ့ဖမ်းပေးရင်း အသက်ပေးလိုက်ရတဲ့ ( မိန်းမ နဲ့ ကလေး၂ယောက် ကျန်ခဲ့ရရှာသော ) Taxi ယာဉ်မောင်းကိုနေဝင်း အတွက် ဝမ်းနည်းနေသောမိတ်ဆွေတွေက ကလေးတွေ ရှေ့ရေးအတွက် နိုင်သလောက်မျှဝေကူညီကြပါမယ်.... သူ့ကလေးတွေ အတွက်ဘဏ်အကောင့်တခု မနက်ဖြန်ဖွင့်ပေးပြီး မျှဝေကူညီပံ့ပိုးနိုင်ဖို့ စီစဉ်ပါ့မယ်......"လို့ နာမည်ကြီး အစီစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်အေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဒီလိုရေးသားခဲ့ပြီးနောက်ပိုင်းမှာ စေတနာရှင်ပြည်သူတွေကလည်း တတ်အားသရွေ့ကူညီထောက်ပံမယ်ဆိုတဲ့ ကမ်းလှမ်းတာတွေ ရှိတာကိုလည်းတွေ့ရပါတယ်။

ဒါ့အပြင် ကွယ်လွန်သူ တက္ကဆီဆရာကိုနေဝင်းရဲ့ကျန်ရစ်သူမိသားစုကို ကိုခင်မောင်ဦး (Appolo 168 Company Ltd..) မိသားစုကလည်း လက်တလောလိုအပ်တာတွေ အသုံးပြုဖို့  ငွေကျပ် ၁၁ သိန်းကို ဒီနေညမှာ သွားရောက်လှူဒါန်းခဲ့ပြီး ကလေးတွေရဲ့ ရေရှည်ပညာရေးအတွက်လည်း ဆက်လက်တာဝန်ယူသွားမယ်လို့ ပြောထားပါတယ်။

Source: 7Day Daily, Mg Mg Aye (Facebook)Duwun

No comments:

Post a Comment