Latest News

Monday, October 31, 2016

စပါးဈေးကျခြင်းအပြင် ရာသီဥတုဖျက်သည့်ဒဏ် တောင်သူတို့ ခံနေရ



ဝင်းစန္ဒာခိုင်

ကောက်ဦးစပါး ပေါ်ချိန်ဖြစ်သော ယခုရာသီတွင် စပါးဈေးကျဆင်းနေခြင်းကြောင့် ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် အများအပြားမှ တောင်သူများအတွက် စိုက်ပျိုးစရိတ် ကာမိရုံသာရှိပြီး၊ ရာသီဥတုကလည်း ဖျက်ခြင်းကြောင့် အခက်အခဲ ဖြစ်နေကြကြောင်း  ဒေသခံ တောင်သူများက ပြောသည်။


ခရိုင်အတွင်း မြို့နယ်များတွင် စပါးအရောင်းအဝယ် နည်းနေသည့်အပြင် ဈေးပါ ကျဆင်းနေခြင်းဖြစ်သည်။ ယခင်နှစ်က စပါး တင်း ၁၀၀ လျှင် ကျပ်လေးသိန်းကျော်မှငါးသိန်း အထိ ဈေးရှိသော်လည်း ယခုအခါပျမ်းမျှ ကျပ်သုံးသိန်းခွဲ ဝန်းကျင်သာ ဈေးရှိနေခြင်းကြောင့် တောင်သူများအတွက် ခက်ခဲနေခြင်းဖြစ်သည်။

“စပါးပေါ်တဲ့အချိန် စပါးဈေးက ကျနေတယ် အရောင်းအဝယ်ကလည်း အေးနေပါတယ်။ ဒါကြောင့် တောင်သူတွေအတွက် အခက်အခဲတွေရှိတာပါ” ဟု သာပေါင်းမြို့နယ် ဇီးကုန်းကျေးရွာမှ
ဒေသခံတောင်သူ ဦးထွန်းထွန်းလင်းမှပြောသည်။

စပါးဈေးကျခြင်း၊ အရောင်းအဝယ်နည်းပါးခြင်း စသည့် အခြေအနေများကို တောင်သူများ ကြုံတွေ့နေရသည့်အပြင် ဒေသတွင်း တစ်ပိုင်တစ်နိုင် အရောင်းအဝယ် လုပ်နေသည့် စပါး ကုန်သည်များပါ ခက်ခဲနေကြသည်။

“ကျွန်တော့်အမြင် နယ်စပ်ဖက်က ဝယ်အားပါ နည်းနေတာပါ ဝယ်အားနည်းတော့ အရောင်းအဝယ်က မဖြစ် ဈေးကကျတာပါ စပါးဈေးကျတာက ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင် ကုန်သည်တွေအတွက်ပါ အခက်အခဲဖြစ်ပါတယ်”ဟု ရေကြည်မြို့နယ်မှ စပါးကုန်သည် ကိုအောင်အောင်မှပြောသည်။

 စပါးဈေးကျင်းခြင်း၊ ဝယ်လက်မရှိခြင်းတို့အပြင် ရာသီဥတုပုံမမှန်ခြင်း၊ ရိတ်သိမ်းချိန်တွင် မိုးရွာသွန်းခြင်း တို့ကြောင့် စပါးအထွက်လျော့ခြင်းကလည်း  တောင်သူတို့အတွက် အခက်အခဲကို ပိုဖြစ်စေသည်ဟုလည်း တောင်သူတို့က ပြောသည်။

 ဧရာဝတီတိုင်း ဇလွန်မြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့ရှိ တောင်သူအချို့မှာ ရိတ်သိမ်းစက်များ အသုံးပြုသော်လည်း လယ်ကွက်များတွင် ရေများတင်ရှိနေ ခြင်းကြောင့် စပါးအထွက်လျော့ကာ ဆောင်းနှံဖြစ်သည့် မတ်ပဲကြဲရန်လည်း မိုးရေများရှိနေခြင်းကြောင့် အခက်အခဲဖြစ်ပေါ်နေကြသည်။

ပဲကြဲပြီးသော တောင်သူတချို့ကလည်း "ဒီနေ့ရွာတဲ့မိုးကြောင့် ပဲကြဲပြီး လယ်ကွက်တွေ ရေဖောက်ထား ရပါတယ် မိုးဆက်ရွာဦးမယ် ဆိုရင်တော့ ပဲတွေဆုံးရှုံးမှာပါ" ဟု ဓနုဖြူမြို့နယ်မှ တောင်သူဦးဟန်ထွန်းက ပြောသည်။

ပုသိမ်ခရိုင်အတွင်း သာပေါင်း ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော် စသော မြို့နယ်များ ပါဝင်ကာ တစ်မြို့နယ်လျှင် စပါး စိုက်ဧက တစ်သိန်းခွဲအထက် ရှိသည်။
Mizzima

No comments:

Post a Comment