Latest News

Sunday, October 16, 2016

ပုသိမ်မြို့တွင် စတင်ငှားရမ်းမည့် ဥမ္မာဒန္တီ အငှားအိမ်ရာ စီမံကိန်းမှ ငှားရမ်းနိုင်မည့် အခန်းအရေအတွက်ထက် လျှောက်ထားသူဦးရေ ငါးဆကျော်ပိုများ



ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပထမဆုံး အငှားအိမ်ရာ စနစ်ဖြင့် ငှားရမ်းမည့် အမှတ် (၁၄) ရပ်ကွက် အတွင်းရှိ ဥမ္မာဒန္တီ အငှားအိမ်ရာ စီမံကိန်းမှ ငှားရမ်းနိုင်မည့် အခန်းအရေအတွက်ထက် လျှောက်ထားသူမှာ ငါးဆကျော် ပိုများလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ဥမ္မာဒန္တီ အငှားအိမ်ရာ စီမံကိန်းတွင် ငှားရမ်းရန် အသင့်ရှိနေသော အခန်းပေါင်း ၉၂ ခန်းအား လျှောက်လွှာပိတ်သည့် အောက်တိုဘာ ၁၀ ရက်အထိ လာရောက် လျှောက်ထားသူ ဦးရေမှာ ၅၀၂ စောင် ရှိကြောင်း၊ အစိုးရ ၀န်ထမ်းများမှ လျှောက်လွှာ ၂၅၇ စောင်ဖြင့် လျှောက်ထားမှု အများဆုံးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စာရင်းများအရ သိရသည်။

“ငှားရမ်းနိုင်မယ့် အခန်းအရေအတွက်နဲ့ လျှောက်ထားသူ မမျှဘဲ ကွာခြားနေတာတွေအတွက် အဓိက ဘတ်ဂျက်နဲ့ မြေနေရာ လိုအပ်နေတာပါ။ ဒါတွေသာ လုံလောက်ရင် မြို့ပြပြန်လည် ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ လုပ်ဆောင်သွားလို့ ရပါတယ်။ အခုဆို ၀န်ထမ်းတွေအနေနဲ့ အငယ်တန်းစာရေးဆို တစ်သိန်းခွဲလောက်ပဲ ရတာပါ။ ပုသိမ်မြို့ရဲ့ အိမ်ငှားခတွေက မနည်းဘူးလေ။ ဒီလို အငှားအိမ်ရာတွေ နေခွင့်ရရင်တော့ အပိုငွေ သုံးရတာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေမင်းထက်က ပြောကြားသည်။

အငှားအိမ်ရာတွင် လာရောက် လျှောက်ထားမှုမှာ လက်ရှိ အစိုးရ ၀န်ထမ်းမှ ၂၅၇ စောင်၊ အငြိမ်းစား ၀န်ထမ်းများမှ ၇၄ စောင်၊ ကုမ္ပဏီ ၀န်ထမ်းများမှ ၂၅ စောင်နှင့် အခြား သူများမှ ၁၄၆ စောင် လျှောက်ထား ခဲ့ကြောင်း၊ လျှောက်လွှာများကို သတ်မှတ်ပုံစံဖြင့် ကိုက်ညီခြင်း ရှိ၊ မရှိ စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အငှားအိမ်ရာစီမံကိန်း စတင်တည်ဆောက်စဉ်က ၁၂၄ ခန်း တည်ဆောက်ခဲ့ရာမှ ရှစ်ခန်းတွဲ လေးထပ်တိုက်တစ်လုံးမှာ ပြီးစီးရန် ရာခိုင်နှုန်း ၃၀ ကျန်နေသဖြင့် ၉၂ ခန်းကိုသာ စတင်ငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အငှားအိမ်ရာမှာ အစိုးရက အိမ်ရှင်အနေနဲ့ဆိုတော့ ကိုယ်က ချမှတ်ထားတဲ့စည်းကမ်း လိုက်နာနိုင်ရင်ပြီးရော။ အခုလို အိမ်ပိုင်ရှင် မျက်နှာလည်း ကြည့်နေစရာ မလိုတော့ဘူး။ ဒါပေမဲ့ အခန်းနည်းပြီး လျှောက်ထားတဲ့ လူတွေက များနေတာရယ်၊ ၀န်ထမ်းမဟုတ်တဲ့ ကျွန်မတို့အနေနဲ့ အခန်းရနိုင်ပါ့မလား တွေးပူနေရပါတယ်။ ကျွန်မတို့နဲ့ ဘ၀တူတွေလည်း အများကြီးပါ။ ဒီလိုအိမ်ခန်းတွေ အများကြီး ပေါ်ပေါက်လာဖို့ မျှော်လင့်မိပါတယ်” ဟု လျှောက်လွှာတင်ထားသူ ဒေါ်ဇင်မာက ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် မအူပင်မြို့နှင့် မြောင်းမြမြို့တို့တွင်လည်း လေးထပ်တိုက်နှစ်လုံး တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ အငှားအိမ်ရာစီမံကိန်း အနီးတွင်လည်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၆၇၆ ခန်းကို တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့် ရရှိသူများမှာ မြေညီထပ်တွင် နေထိုင်မည့်သူများအား ဈေးရောင်းချခွင့် မပြုခြင်း၊ နေထိုင်ခွင့် သက်တမ်းမှာ ငါးနှစ်ရှိပြီး သတ်မှတ်စည်းကမ်းများ ဖောက်ဖျက်ပါက နေထိုင်ခွင့်မှ ဖယ်ထုတ်ခွင့်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီဌာနမှ သိရသည်။


Writer:
နီလာစိုး (ပုသိမ်)

Eleven Media Group

No comments:

Post a Comment