Latest News

Wednesday, April 24, 2013

မိုးမကျခင် အသိမ်းခံ လယ်များ ပြန်ပေးပါ

ဆလိုင်းသန့်စင်| April 24, 2013 |

ပန်းတနော်မြို့တွင် တောင်သူလယ်သမားနှင့် ရေလုပ်သားများ ညီလာခံကို ပထမဆုံး ကျင်းပခဲ့ (ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် သိမ်းဆည်းထားသည့် လယ်မြေများအား မကြာမီ ကျရောက်တော့မည့် မိုးစပါးစိုက်ပျိုးချိန်အမီ လယ်သမားများထံ ပြန်လည်ပေးအပ်ရန် တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂက ပြည်ထောင်စုအစိုးရထံ တောင်းဆိုလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် ယမန်နေ့က တောင်သူ လယ်သမားနှင့် ရေလုပ်သားများ ညီလာခံကို ပထမဆုံး ကျင်းပခဲ့ရာ ယင်းညီလာခံကြီးမှ လယ်ယာမြေများ မိုးစပါးချိန်အမီ ပြန်ပေးရန်၊ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ပေးရန်နှင့် စပါးဈေးကို တောင်သူ လယ်သမားများ တွက်ခြေကိုက်မည့်ဈေးနှုန်းဖြင့် အစိုးရမှ တာဝန်ယူပေးရန် အပါအ၀င်အချက် ၁၁ ချက် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။

“တောင်သူ လယ်သမားတွေဟာ မိုးကျလာရင် ပျိုးထောင်ရပါတယ်။ ပျိုးရမှ လယ်ကို ပြည့်မီအောင် ကောက်စိုက်ရပါတယ်။ မိုးတအားရွာလာရင် ပျိုးထောင်လို့ မရပါဘူး။ ပျိုးထောင်လို့မရရင် လယ်သမားက ဒီတရာသီ စပါးစိုက်လို့ မရတော့ပါဘူး။ မကြာခင်မှာ ပျိုးထောင်ရမယ့် အရေးကြီးအချိန် ရောက်တော့မှာ ဖြစ်တဲ့အတွက် ဒီအချိန်မတိုင်မီ လယ်ယာမြေတွေကို ပြင်ဆင်ဖို့ အမြန်ပေးပါလို့ အစိုးရကို တောင်းဆိုရခြင်းပဲ ဖြစ်ပါတယ်” ဟု တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂက ဥက္ကဋ္ဌ ဦးသိန်းဝင်းက ဧရာဝတီကို ပြောသည်။

ပန်းတနော်မြို့ အကယ်ချောင်းကျေးရွာတွင် ကျင်းပသည့် ညီလာခံသို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်း ဒေသကြီး မြို့နယ် ၁၈ မြို့နယ်မှ လယ်သမားနှင့် ရေလုပ်သားကိုယ်စားလှယ် ၄၀၀၀ ကျော် တက်ရောက်ခဲ့သည်။

လယ်သမားများအနေဖြင့် မိမိလယ်ကို မိမိ လွပ်လပ်စွာ လုပ်စားပိုင်ခွင့် ရရှိအောင် တောင်းဆိုသွားရမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ညီလာခံတွင် ပြောဆိုသွားသည်။

“ကျနော်တို့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စကတော့ လယ်သမားတွေဟာ ကိုယ့်လယ်ကို ကိုယ်တိုင် လွပ်လပ်စွာ လုပ်မစားရဘဲ သူများကိုပဲ ပေးစားခဲ့တဲ့ အစိုးရချည်းပဲ ကြုံတွေ့ခဲ့ရတယ်။ လယ်သမားတွေအနေနဲ့ ဘယ်သူပဲ အာဏာရရ သေချာတာ တခုကတော့ ကိုယ်လုပ်မှ ကိုယ်စားရမှာ။ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တိုင် လုပ်ယူရလိမ့်မယ်”ဟု ကိုဂျင်မီက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး တခုလုံးတွင် နည်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံထားရသည့် လယ်ယာမြေဧက ၁ သိန်းကျော် ရှိနေပြီး ပန်းတနော်၊ ဓနုဖြူနှင့် ညောင်တုန်းမြို့နယ် ၃ ခုမှာပင် လယ်ဧက ၁ သောင်းကျော် သိမ်းဆည်းခံထားရကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ဆင်းရဲမွဲတေမှု လျှော့ချရေးကို စီမံကိန်းဖြင့် လုပ်ကိုင်နေသော်လည်း တိုင်းပြည် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည့် တောင်သူ လယ်သမားများ၏ သိမ်းဆည်းခံ လယ်ယာမြေများအား ပြန်မပေးသမျှ ကာလပတ်လုံး တောင်သူလယ်သမားများ ဆင်းရဲ မွဲတေနေမည်သာ ဖြစ်ကြောင်းနှင့် စီမံကိန်းသည်လည်း အောင်မြင်မည် မဟုတ်ကြောင်း တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂက ပြောသည်။

“သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆင်းရဲမွဲတေမှု လျှော့ချရေး ဆောင်ရွက်နေတဲ့ အခါမှာ တောင်သူ လယ်သမားတွေရဲ့ ဆင်းရဲမွဲတေမှု လျှော့ချဖို့ဆိုရင် ဒီလယ်မြေတွေကိုရမှ ဒီလယ်မြေတွေကို လုပ်ကိုင်စားရမှ သူတို့ဘ၀တွေ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ တောင်သူ လယ်သမားအားလုံးက ဒီလယ်မြေတွေကို မဖြစ်မနေ အရေးတကြီး လိုအပ်နေပါတယ်” ဟု ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောသည်။

အကယ်၍ လယ်ယာမြေများ ပြန်မပေးခဲ့ပါက ယခုနှစ် မိုးရာသီ စိုက်ပျိုးကာလအတွင်း ဧရာဝတီတိုင်းဒေသကြီး အနှံ့အပြား၌ လယ်သိမ်းသူနှင့် လယ်သိမ်းခံ လယ်သမားတို့ကြား ပဋိပက္ခများ ဖြစ်ပွားလာနိုင်ပြီး ဒေသတည်ငြိမ်မှုကိုပါ ထိခိုက်လာဖွယ်ရာ ရှိကြောင်း သူက ဆိုသည်။

ညီလာခံတွင် မြို့နယ် ၁၈ မြို့နယ်မှ လယ်သမား ခေါင်းဆောင်များက  ၎င်းတို့လယ်ယာမြေများ မတရား သိမ်းဆည်းခံနေရကြောင်းနှင့် ပြန်လည်ရယူကာ စိုက်ပျိုးထွန်ယက် စားသောက်လိုကြောင်း တင်ပြသွားခဲ့ကြသည်။

“ကျနော်တို့ လယ်သမားတွေမှာ လုပ်စရာ လယ်မရှိလို့ ၀မ်းဟောင်းလောင်းဖြစ်နေတာ ကြာနေပြီ။ အဲဒီလယ်တွေ ပြန်လိုချင်လို့ ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြတောင်းဆိုတာတွေ လုပ်တော့လည်း ဘာမှ ထူးမလာဘူး။ အဲတော့ နည်းလမ်းတကျ တင်ပြတောင်းဆိုလို့ မရရင်တော့ ကျနော်တို့က တိုက်ယူသင့်ရင် ယူရမှာပဲ။ လယ်သမားတွေရဲ့ ၀မ်းဟောင်းလောင်းဟာ စားစရာမရှိရင် ကျည်ဆံကိုလည်း မျိုချသင့်ရင် မျိုချရမှာပဲ။ မျိုချဖို့လည်း ကျနော်တို့ ၀န်မလေးဘူးဆိုတာ ပြောချင်တယ်” ဟု ကျုံပျော်မြို့နယ် လယ်သမားခေါင်းဆောင်က ညီလာခံတွင် ပြောဆိုသွားသည်။

ညီလာခံသို့ အနုပညာရှင်များဖြစ်သည့် လူရွှင်တော် မေတ္တာ၊ ဗေလုဝနှင့် မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့တို့က လာရောက်ဖျော်ဖြေခဲ့ပြီး လယ်သမားများအား အားပေးစကားများ ပြောကြားခဲ့ကြသည်။

ပန်းတနော်မြို့အခြေစိုက် တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့နယ် ၁၈ မြို့နယ်၌ သမဂ္ဂအဖွဲ့ဝင်အင်အား ၃ သောင်းကျော်ရှိကြောင်း သိရသည်။
Irrawaddy

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post