Latest News

Sunday, April 9, 2017

မန်းသင်္ကြန် နန်းဆန်မှာတဲ့လား

မန်းသင်္ကြန် နန်းဆန်မှာတဲ့လား

မန္တလေးမြို့တော်၏ အတာသင်္ကြန်ပွဲတော်ကို ယခုနှစ် ၂၀၁၇ ၌ ထူးခြားစွာဖြင့် ကျင်းပသွားရန် မန္တလေးမြို့တော်စည်ပင်သာယာ တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန်၊ လူငယ်သင်္ကြန်စသဖြင့် အမည်အုပ်စုခွဲလျက် နန်းဆန်အောင် ရိုးရာသင်္ကြန်ဖော်ထုတ်မည် ဖြစ်သည်။ ယခင်နှစ်များက မန်းသင်္ကြန်သည် ကျုံးတောင်ဘက်အခြမ်း ၂၆ လမ်းတွင် မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်နှင့်အတူ Alpine ၏ သင်္ကြန်မဏ္ဍပ်များက နေရာယူလျက် အခြားသောရေကစားမဏ္ဍပ်များကလည်း အပြည့်ရှိခဲ့သော်လည်း ယခုနှစ်ပြောင်းလဲမှုများကြောင့် မန်းသင်္ကြန်စည်ကားနိုင်မလားဟု ထင်ကြေးပေးနေသူများလည်း ရှိသည်။      
                       
“ကျုံးပတ်လည်”

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ရေဖြုန်း/ငွေဖြုန်းမရှိစေဘဲ မြန်မာ့ရိုးရာ သင်္ကြန်ပေါ်လွင်စေရေးအတွက် ကျုံးတောင်ဘက် ၂၆ လမ်းတွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပ ခြင်းမှာ ယခုနှစ်က ပထမခြေလှမ်းဖြစ်သည်။ စတုဒီသာမဏ္ဍပ်များကလည်း အကျွေးအမွေးများဖြင့် ဧည့်ခံ ကြမည်ဖြစ်ပြီး ရေကစားမဏ္ဍပ်များလည်း ပါဝင်မည်ဟု ဆိုသည်။

ကျုံးပတ်လည် မဏ္ဍပ်များချထားရန် လေလံစနစ်ဖြင့် စတင်ခဲ့ရာ၌ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် လေလံအောင်သူမရှိခဲ့ဘဲ အရှေ့ဘက်တွင် လေလံကြေးအာင်သူလည်းရှိခဲ့သလို မအောင်သူလည်း ရှိခဲ့သည်။ မဏ္ဍပ်များများရှိခြင်းက သင်္ကြန်စည်ကားခြင်းကို အထောက်အပံဖြစ်စေသဖြင့် လေလံ မအောင်သည့်နေရာများ တွင် တပေလျှင် ကျပ်တသိန်းဖြင့် ချထားပေးသည်။

လမ်းလျှောက်သင်္ကြန်ပုံဖော်ရန် ၆၆ လမ်းမှ ၇၃ လမ်းအတွင်း နေရာချထားရာတွင်လည်း နေရာတခုလျှင် ကျပ် ၁၀ သိန်းနှင့် နေရာပေးလျက်ရှိသည့်အပြင် စတုဒီသာအတွက် နေရာများလည်းချထားပေးလေသည်။ လူငယ်သင်္ကြန်ဟုဆိုကာ ၆၂ လမ်း၊ မနောရမ္မံဥယျာဉ်တွင် နေရာပေးထားသည်။လူကြီး/ လူငယ်/လမ်းလျှောက် သင်္ကြန်ဟူ၍ ကွဲပြားသွားမလားဟူသော မေးခွန်းများကလည်း အွန်လိုင်းစာမျက်နှာတွင် တွေ့ရသည်။

“သင်္ကြန်ဖွင့်ပွဲ”

သင်္ကြန်ဖွင့်ပွဲကို အကြိုနေ့တွင် ပြုလုပ်ခြင်းဖြစ် ၍ ယခင်နှစ်များက ည ၆ နာရီကျော်ခန့်တွင် မြို့တော်ဝန်က နှစ်ကူးမင်္ဂလာစကားပြောကြားကာ ကျောင်းသူ ၁၅၀၀ ခန့််က သင်္ကြန်အကများနှင့် ဖျော်ဖြေသည်။ယင်းနောက် မြို့မအလှပြယာဉ်ဦးဆောင်ကာ ခရိုင်အသီးသီးမှ အလှပြယာဉ်များကတန်းစီလျက် မြို့တော်ဝန်သင်္ကြန် မဏ္ဍပ်ရှေ့ဖြတ်သန်းလျက် ဆုတောင်းမေတ္တာအပြန်အလှန်ပို့ကြသည်။

ယခုနှစ်တွင် အကြိုနေ့ နံနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်း၊ ဆွမ်းလောင်းလှူခြင်း ပြီးချိန်တွင် ကျောင်းသူ ၃၀၀ ခန့်၏ သင်္ကြန်အကများဖြင့် မြို့မဦးဆောင်လျက် ဖွင့်ပွဲပြုလုပ်မည်ဟုဆိုသည်။ အခြားသောခရိုင်များမှ အလှပြယာဉ်များ ယခုနှစ်တွင် မသေချာတော့ဟု သိရသည်။

“အလှပြယာဉ်နှင့် သံချပ်များ”

အလှပြယာဉ်များသည် သင်္ကြန်ပွဲတော်တွင် ခရိုင်အလိုက် တနှစ်တကြိမ် မြို့တော်ဝန်မဏ္ဍပ်ရှေ့သို့ ဦးတိုက် ၀င်ရောက်ကာ မန္တလေးမြို့အတွင်းလှည့်လည် ဖျော်ဖြေ၍ ဟန်ရေးပြကြသည်။ ယာဉ်အလှနှင့် တေးသီချင်း မြူးကြွကြွများဖြင့် ပျော်တော်ဆက်ကြသည်။ သင်္ကြန်နောက်ဆုံးရက်တွင် အလှပြယာဉ်များအား ဆုများ ချီးမြှင့်သည့် ထုံးစံသည် ယခုနှစ်တွင် မမြင်ရနိုင်ပေ။ မိမိတို့ခရိုင်သို့အပြန်လမ်းတွင် ဆုဖလားကိုင် စရာမလိုသကဲ့သို့ ယှဉ်ပြိုင်မှုမရှိနိုင်ဟု ဆိုရမည်။

''အလှပြယာဉ်တွေက ပြိုင်ပွဲမရှိတော့ဘူး။ ထွက်လာမယ့် အလှပြယာဉ်တွေကိုထောက်ပံ့တဲ့အနေနဲ့ သစ်ထုတ် ပေးမယ်။ ခရိုင်အလှပြယာဉ်တွေ ပြိုင်ပွဲမရှိတော့ ထွက်မယ်/မထွက်မယ် မသိဘူး။ မန္တလေး တက္ကသိုလ်က ထွက်မယ့် အလှပြယာဉ်အတွက် ငွေ ၁၀ သိန်းနဲ့ ကားအလှဆင်ဖို့ သစ်ထောက်ပံ့ပေးမယ်'' ဟု စည်ပင် ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

သံချပ်အဖွဲ့ ၁၀ ဖွဲ့ရှိပြီး ၎င်းတို့ကို ထောက်ပံ့ ကြေးကျပ် ငါးသိန်းထောက်ပံ့၍ သစ် ၂-တန်ဝယ် ခွင့်ပေးမည်ဖြစ်ကြောင်း၊ တညလျှင် သံချပ်အဖွဲ့ ၃ ဖွဲ့ကို မြို့တော်သင်္ကြန်မဏ္ဍပ်တွေင် ဖျော်ဖြေရန် စီစဉ်ထားပြီး သံချပ်စာသားများစိစစ်မှုရှိသော်လည်း မြို့တော်စည်ပင်ကို ဝေဖန်သည့် စာသားများလည်း ကြိုဆိုသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“မန်းသင်္ကြန်လုံခြုံရေး”

လုံခြုံရေးသည် သင်္ကြန်ကာလတွင် ပို၍အရေးကြီးသည်။ လူငယ်/လူကြီးအားလုံးသည် အသောက်အစား များရှိကြမည်ဖြစ်၍ ပုံမှန်စိတ်ထက်ပို၍ ထိန်းသိမ်းရန်ခက်ခဲပေမည်။ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များက အတား အဆီးအကာကွယ်မရှိလေသောအခါ လက်သရမ်း/ လူသရမ်းမှုများကိုထိန်းသိမ်းကာကွယ်ရေးက ခက်မည်ဟု ဆိုနိုင်သည်။ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ သင်္ကြန်ရေစိုရွှဲလျက် နေ့/ည ပင်ပန်းကြမည်မှာ အမှန်ပင်ဖြစ် သည်။

လမ်းလျှောက်သင်္ကြန်သည် တမူထူးခြားလာ မည်ဟုဆိုနိုင်သော်လည်း သင်္ကြန်ပျော်သူတို့အတွက် ရသပေးစွမ်းနိုင်မည်ကို ထိုနေ့များမှ သိရပါမည်။ လုံခြုံရေးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ထားမှ တော်ကာကျနိုင်သည်။ နန်းဆန်၍ ရိုးရာသင်္ကြန်ကို မြင်တွေ့နိုင်အောင် မန္တလေးမြို့တော် သင်္ကြန်ကိုပြောင်းလဲ ထားမှုကို မကြာမီ မြင်တွေ့ရပေတော့မည်ဟုဆိုချင်ပါတော့သည်။

ခိုင်ဆက်ဝေ(News Watch)

No comments:

Post a Comment