Latest News

Monday, March 27, 2017

သရက်ခရိုင်အတွင်းမှ ဖက်ဆစ် တော်လှန်ရေး

သရက်ခရိုင်အတွင်းမှ ဖက်ဆစ် တော်လှန်ရေး

တော်လှန်ရေးနေ့ကြီးမှာ နီးကပ်လာသည်နှင့်အမျှ လွန်ခဲ့သော ၁၂ နှစ်ကျော်ခန့်ကအဖြစ် အပျက်များကို တရေးရေးနှင့် မြင် လာခဲ့သည်။ ဗိုလ်ချုပ်နှင့် တော် လှန်ရေး၊ တော်လှန်ရေးနှင့် တပ် မတော်၊ တပ်မတော်နှင့် ပြည်သူ လူထုတို့ ပေါင်းကူးကဲ့သို့ ဆက် သွယ်လုပ်ဆောင်ခဲ့ရသည်တို့မှာ လည်း မေ့ပျောက်၍မရနိုင်ပါပေ။ အထူးသဖြင့် ကွယ်လွန်ပြီးသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ် ချုပ်အောင်ဆန်းအား လည်း ကောင်း၊ ကျဆုံးလေပြီးသော ရဲဘော်များ၊ ကျန်ရှိနေသော ရဲဘော်ရဲဘက်များနှင့် သရက်မြို့ နယ်တော်လှန်ရေးအတွင်း တော်လှန်ရေးစခန်း တစ်နေရာတွင် တွေ့ဆုံ တာဝန်ထမ်းဆောင်ရ သည်ကို သတိရခြင်းဖြင့်လည်း ကောင်းရေးသား လိုက်ရပါသည်။


အချိန်ကား ၁၉၄၃ ခု နှစ်ပိုင်းအစဖြစ်သည်။ အနောက် တိုင်း လက်အောက်ခံ ဗမာ့ကာ ကွယ်ရေးတပ်မတော် ခြေလျင် တပ်ရင်း (၆) သည် ဗိုလ်မှူးစိန်ဝင်း (ယခု ဗိုလ်မှူးကြီးစိန်ဝင်း၊ တပ် မဟာ (၄)၊ တပ်မင်း) ဦးစီး၍ သရက်မြို့အနီးတွင် တပ်စွဲလျက် ရှိပေသည်။ ၁၉၄၄ ခုနှစ်ပိုင်း လောက်အတွင်း တစ်နေ့တွင် ဗိုလ်မှူးက စာရေးသူနှင့် ဗိုလ် ကျော်သန်း (ကျဆုံးသွားပြီဖြစ် သော ချောင်းဆုံအမတ်)တို့အား ခေါ်၍ သရက်မြို့ပေါ်ရှိ လူငယ် လူရွယ်အချို့အား စစ်သင်တန်း နှင့် စည်းရုံးရေးတာဝန်ကို ပေးအပ်သည်။ ကျွန်တော်တို့နှစ်ယောက်သည် လူငယ်လူရွယ်များကို ရနိုင်သမျှ စုရုံး၍ သင်တန်းပေးကြရသည်။ တစ်ဖက်မှ တပ်မတော်နှင့် ရင်းနှီးဆက်ဆံမှုကို အထူးသဖြင့်ပြုလုပ်ရပြီး အမျိုးသားစိတ်ဓာတ်နှင့် တပ်မတော်အပေါ် ယုံကြည်ကိုးစားမှုကို လုပ်ကိုင်ဆောင်ရွက်ခဲ့ရသည်။ (ဤလူငယ်များမှာလည်း နောင်တော်လှန်ရေးဖြစ်လာသည်တွင် တော်လှန်ရေး၌ ပါဝင်ဆင်နွှဲပြီး ပြောင်မြောက်သောကူညီမှုကို ရရှိခဲ့ပေသည်။)


ကျွန်တော်တို့မှာ တော်လှန် ရေးနီးကပ်လာလေ သင်တန်းနှင့် စည်းရုံးရေးတို့ကို ပိုမိုလုပ်ဆောင် ရလေ၊ ပိုမိုသတိထားကြရလေ ပင်။ တစ်ဖက်မှလည်း ဂျပန်၏ခြေ လှမ်းကို မျက်ခြည်မပြတ် စောင့် ကြပ်ကြည့်ရှုနေရပေသည်။ ဗိုလ် မှူးမှာလည်း နေ့ညမအား ခရိုင်သို့ ဆင်း၍ တော်လှန်ရေးအတွက် ကြိုတင် အစီအစဉ်ပြုလုပ်ရခြင်း၊ အချို့ကျေးရွာများတွင် တရား ဟောရခြင်းများဖြင့် အမြဲလိုလို ခရီးထွက်နေရပေသည်။ အထူး သဖြင့် ကာမမြို့နယ်၊ မင်းတုန်း မြို့နယ်၊ ပုဏ္ဏား၊ ပေါက်ဦးကား၊ တုံ၊ သဘွတ်၊ တိုင်တား၊ လှေ့စင်၊ ရေနံမ၊ မင်းလှမြို့နယ်တစ်ဝိုက် တစ်လလောက် ခရီးထွက်နေရ ပေသည်။

ဤသို့ ခရိုင်တစ်ခုလုံးကို စည်းရုံးပြီးသည်တွင် ၁၃၀၆ ခုနှစ် နှောင်းတန်ခူးလပြည့်နေ့၊ ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီတွင် တပ်ရင်း (၆)သည် သရက်မြို့အနီး ကျွန်းတောစခန်း မှ ထွက်ခွာ၍ သရက်ခရိုင် ပုဏ္ဏား ရွာ၏အနောက်ဘက် တော်လှန် ရေးစခန်းသို့ ချီတက်ကြရသည်။ တပ်ခွဲများမှာ မြို့နယ်အလိုက် ခွဲ လျက် တာဝန်ယူကြသည်။ သရက်မြို့မှ တော်လှန်ရေးစခန်းသို့ ချီတက်စဉ် ငါးမိုင်ခန့်အကွာ (မင်းတဲ)ရွာအနီးသို့ အရောက်တွင် ဗိုလ်မှူးအောင်၊ ဗိုလ်မှူးရန်အောင် (ယခုတောတွင်းရောက်)နှင့် ဗိုလ်မှူးစိန်မှန်တို့ ကွပ်ကဲသော အနောက်တိုင်း လက်အောက်ခံ တပ်အချို့အပါအဝင် တပ်ဖွဲ့များနှင့် ည ၈ နာရီ ခွဲခန့်တွင် ဆုံမိပြီး ၎င်းမင်းတဲရွာတွင် ခေတ္တနားသည်။ တပ်ဖွဲ့များတွင် အကြံပေးအရာရှိအဖြစ်နှင့် လိုက်ပါလာကြသော ဂျပန်အရာရှိများအား ဖမ်းရန် စီစဉ်သည်။ ကျွန်တော်တို့ ဗိုလ်မှူးက အချက် ပေးသည့်အနေနှင့် ‘‘ရဲဘော်များ ထမင်းစားပြီးကြပလားဟေ့’’ဟု ဆိုလျှင် စီစဉ်ထားသောတပ်များက အရန်သင့်နေရာယူပြီးဖမ်းရန် ဖြစ်သည်။ ဤအတိုင်း ဗိုလ်မှူးက အချက်ပေးသည်တွင် ဖမ်းကြရာဂျပန်များ ခုခံမှုကြောင့် ဤနေရာတွင်ပင် ၎င်းအကြံပေးအရာရှိများအား သုတ်သင်ပစ်လိုက်ကြပေသည်။

တပ်ရင်း(၆)မှာ မင်းတဲစခန်း မှ ညလုံးပေါက် ဆက်လက်ချီ တက်လာရာ အရုဏ်တက်ချိန် တွင် တွင်းလယ်စခန်းသို့ ရောက် ရှိကြသည်။ ဤတွင်တစ်နေကုန် စခန်းချလျက် ရှေ့အတွက် အစီ အစဉ် ပြုလုပ်ကြသည်။ ညနေ တွင် ပြင်အိုင်ရွာကိုဖြတ်၍ ပုဏ္ဏား ရွာအနီးတစ်ဝိုက် ကျေးရွာများ တွင် တပ်ဖြန့်ထားသည်။ ထိုစဉ် က ကျွန်တော်မှာ ပုဏ္ဏားရွာ အနောက်ဘက် တော်လှန်ရေး စခန်းဌာနချုပ်တွင် ရှိနေသည်။ တစ်နေ့တွင် ဗိုလ်မှူးကခေါ်၍ ဗိုလ်ချုပ်ရှိရာသို့ အရေးတကြီး စာတစ်စောင်နှင့် ရန်သူ့သတင်း ပို့ခိုင်းသည်။ ထိုနေ့ကား ၁၉၄၅ ခု ဧပြီလ ၄ ရက်နေ့ဖြစ်သည်။

ထိုညတွင် ပုဏ္ဏားရွာသို့ ၃ နာရီခန့် ပြန်လည်ရောက်ရှိတော့ သည်။ (ပုဏ္ဏားရွာကား သရက် ခရိုင်၏ အစွန်အဖျားဖြစ်၍ သရက်မြို့၏အနောက်ဘက် ရခိုင်ရိုးမတောင်ခြေ၏အနီးတွင် မထင်မရှား ကျေးလက်တောရွာဖြစ်ပေသည်။) တစ်နေ့နံနက်ပိုင်းတွင် ကျွန်တော်သည် စခန်းမှ ပုဏ္ဏားရွာသို့ ထွက်ခွာလာရင်း တပ်မှူးရှိရာ ဘုန်းကြီးကျောင်း ဇရပ်သို့သွားစဉ် ဂျပန် ၃၀ ခန့် ရွာမသို့ ရောက်နေကြောင်း သတင်းပို့လာသည်။ ထိုနေ့ကား ၁၉၄၅ ခု မေလ ၅ ရက်နေ့ဖြစ်သည်။

ဗိုလ်မှူးလည်း တိုက်ခိုက်ရန် အတွက် အစီအစဉ်များ ပြုလုပ် နေပေသည်။ ကျွန်တော်တို့လည်း ပါဝင်တိုက်ခိုက်လိုကြောင်း ခွင့် ပန်သည်နှင့် ကျွန်တော်တို့အပါ အဝင် တပ်ကြပ်ကြီးကန်လှိုင်နှင့် ရဲဘော်ခြောက်ယောက်တို့သည် ရွာမရွာဘက်သို့ချီတက်ရာ ရွာမ မရောက်ခင် တစ်မိုင်လောက်တွင် ဗိုလ်မှူးအောင် (ယခု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး)နှင့်တွေ့ သည်။ ဗိုလ်မှူးမှာလည်း အရပ် ဝတ်နှင့် တောသားကြီးဟန်ဖြင့် ‘‘မင်းတို့ ဘယ်လဲ’’ဟုမေးသည် တွင် ...

‘‘ရွာမမှာ ဂျပန် ၃၀ လောက် ရောက်နေတယ်ကြားလို့ သွား တိုက်ကြမလို့’’

ဗိုလ်မှူးက ‘‘လမ်းကိုသတိ ပြုသွား’’ဟုပြောပြီး ကျွန်တော်တို့ လည်း ဆက်လက်ချီတက်ကြ သည်။ ကျွန်တော်တို့ ရွာထိပ်ကုန်း သို့အရောက်တွင် တပ်စုတစ်စု လည်း ရောက်နှင့်လျက် နေရာယူ ပြီးသားဖြစ်နေသည်။ ကျွန်တော် တို့မှာ ညာဘက်တောင်ပံမှ နေရာ ယူတိုက်ခိုက်ရန် တာဝန်ကျ သည်။ တိုက်ပွဲမှာ တစ်နာရီခန့် အပြင်းအထန်ဖြစ်ပွားပြီး ပြီးဆုံး သွားလေသည်။ သတင်းပေးမှု မှားယွင်း၍ ရှေ့ပြေးတပ် ဂျပန် ၃၀ ကိုသာ တွေ့ရှိသတင်းပေး၍ နောက်ပိုင်း တောတွင်းရှိ ဂျပန် ၃၀၀ နှင့် တိုက်ခိုက်ရပေသည်။ ကျွန်တော်တို့ ပါဝင်တိုက်ခိုက် သော တပ်ရင်း(၂)မှ ဗိုလ်မောင် မောင်ကြီးကျ၍ ရဲဘော်တစ် ယောက် ဒဏ်ရာပြင်းထန်စွာ ရခဲ့ သည်။

သရက်ခရိုင်အတွင်း ဤသို့ သော တိုက်ပွဲအကြီးအသေး စုစု ပေါင်း ၁၀၀ ခန့်ဖြစ်ပွားခဲ့သည်။ တစ်နေ့တွင် တော်လှန်ရေးစခန်းမှ ကျွန်တော်အပါအဝင် ဗိုလ်ကြီး စံရွှေ (ယခုဗိုလ်မှူးစံရွှေ၊ တပ်ရင်း မှူး၊ သေနတ်ကိုင်တပ်ရင်း (၅))၊ ဗိုလ်ညိုဝင်းမောင် (ပျဉ်းမနားခရိုင် တွင် ပြည်တွင်းရန်သူများနှင့် တိုက်ခိုက်ရင်း ကျဆုံးသွားသူ)၊ တပ်ကြပ်ကြီးညီမောင် (တော် လှန်ရေးအတွင်း ကျဆုံးသွားသူ)၊ တပ်ကြပ်ကြီးစိုးလှိုင်၊ ဗိုလ်ဟန် ထွန်း(ယခုဗိုလ်မှူးဟန်ထွန်း၊ ဒု ကျောင်းအုပ်၊ အကြပ်သင်တန်း ကျောင်း)၊ ဗိုလ်လောင်းသောင်း ညွန့်(ယခုဦးသောင်းညွန့်၊ လက် ထောက်အင်ဂျင်နီယာ၊ ယူဘီ အေ)နှင့်အတူ ပုဏ္ဏားရွာဘက်သို့ နံနက် ၈ နာရီအချိန်ခန့် ထွက်ခွာ လာကြသည်။ ၁၅ မိနစ်ခန့် ကျွန် တော်တို့လည်း တောင်ပေါ်လူ သွားလမ်းအတိုင်း စကားတပြော ပြောနှင့် လျှောက်လာရာ ရှေ့ဆုံး မှပါလာသော ဗိုလ်ကြီးစံရွှေက တောင်အောက်သို့လက်ညှိုးထိုး ပြပြီး ‘‘ဟိုအောက်မှာ လူသုံး ယောက်တွေ့တယ်’’ဟုပြောလိုက် သည်။

ကျွန်တော်တို့အားလုံးလည်း ရပ်လိုက်သည်။ ရှေ့ဆုံးလူမှာ အသားဖြူဖြူ၊ အရပ်ဝတ်နှင့် ဖော့ ဦးထုပ်ဆောင်းလျက် သွားနေ သည်ကို တွေ့ရသည်။ ကျွန်တော် တို့ ဂရုတစိုက်ကြည့်သည်တွင် ကျွန်တော်တို့အထဲမှ ကိုညိုဝင်း မောင်က ‘‘ငမိုးဗျ၊ ငမိုးမှငမိုးဗျ’’ ဟု အတိအကျပြောလိုက်သည်။ ဤတွင် ဗိုလ်ကြီးစံရွှေမှာ စိုးရိမ် ဟန်နှင့် ပါလာသော ရဲဘော်များ ကိုလည်း တစ်ဦးချင်းကြည့်လျက် ‘‘အေးဗျ ဗိုလ်ချုပ်ပဲ၊ ကျွန်တော်တို့ စခန်းကို သွားမယ်ထင်တယ်။ စခန်းမှာလည်း အိုင်အင်န်အေက ဖမ်းထားတဲ့ ကုလားလေးယောက် နဲ့ ရဲဘော် လေး ငါးယောက်ရှိ တယ်။ ကျွန်တော်တို့ထဲက တစ် ယောက်ယောက် ပြန်လွှတ်ဦးမှပဲ’’ ဟုပြောရင်း ကျွန်တော့်ကိုကြည့် နေသည်။

ဤတွင် ကျွန်တော့်မှာလည်း မတတ်သာဘဲ စခန်းသို့ပြန်လှည့် ခဲ့သည်။ ဗိုလ်ချုပ်နှင့်အတူပင် စခန်းသို့ ရှေ့ဆင့်နောက်ဆင့် ပြန် ရောက်ကြသည်။ ဗိုလ်ချုပ်နှင့် အတူ ပါလာသူတစ်ယောက်မှာ ဗိုလ်မှူးလှအောင် (ယခုဗိုလ်မှူး ကြီးလှအောင်၊ ကျောင်းအုပ်၊ စစ် ဦးစီးတက္ကသိုလ်)ဖြစ်၍ အခြား တစ်ယောက်ကိုတော့ မမှတ်မိ တော့ပါ။ ကျွန်တော်လည်း လျှို့ ဝှက်စခန်းတွင် ယာယီဆောက် လုပ်ထားသော လေးပင်ပတ် လည်တဲတွင် နေရာပေးပြီး ကျွန် တော်တို့မှာ တောင်ပေါ်ယာတဲသို့ ပြောင်းကြသည်။ ကျွန်တော်တို့ မှာ ဗိုလ်ချုပ်မျက်နှာကို အကဲခတ် ရသည်မှာ စိတ်ဆိုးနေဟန် တွေ့ နေရ၍ ပို၍မကပ်ရဲသလောက် ဖြစ်နေကြသည်။ စကားလည်း တစ်ခွန်းတစ်ပါဒမျှ မပြောဘဲ တဲ ထရံကိုသာမှီ၍ စဉ်းစားနေသည်။ ဤသို့ စိတ်ဆိုးလာသည်မှာ ပုဏ္ဏားရွာသို့ ဂျပန်တပ်တစ်စု ရုတ်တရက်ဝင်လာသည်ကို သက်ဆိုင်ရာကင်းနှင့် တပ်များမှ မသိဘဲဗိုလ်ချုပ်ကိုယ်တိုင် သီသီကလေး လွတ်လာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

ဗိုလ်ချုပ်မှာ ဤတပ်စခန်း၌ ဆင်းဆင်းရဲရဲနှင့်ပင် နှစ်လနီးပါး ခန့်နေသွားခဲ့သည်။ အစားအသောက်ဆိုလျှင်လည်း လုံးတီးဆန်နှင့် ငါးခြောက်ငါးခြမ်းများဖြင့်သာ တင်းတိမ်ရောင့်ရဲခဲ့ကြသည်။ ဗိုလ်ချုပ်တို့ရောက်ပြီး တစ်ရက်ခန့်လောက်တွင် ရိက္ခာမှာလုံးဝပြတ်သွားသဖြင့် နောက်တစ်နေ့ နံနက်တွင် အိပ်ရာမှစောစောထ၍ ရဲဘော်တစ်ယောက်နှင့်အတူ ပုဏ္ဏားရွာဘက်သို့ ရိက္ခာရှာထွက် ရသည်။

ကျွန်တော်တို့လည်း ပုဏ္ဏား ရွာသို့ ၉ နာရီခန့်တွင် ရောက်ရှိ ကြသည်။ ရွာမှာ တိတ်ဆိတ်ငြိမ် သက်လျက် ခွေးတစ်ကောင်၊ နှစ် ကောင်မှအပ လူတစ်ဦးတစ် ယောက်မျှ မတွေ့ရဘဲ အချို့အိမ် များလည်း ပျက်စီးလျက်တွေ့ရ သည်။ အုန်းပင်များအားလုံးလိုလို လှဲထားသည်။ ဤအခြင်းအရာကို ကြည့်ရခြင်းဖြင့် ဖက်ဆစ်ဂျပန် များ၏ လက်ချက်ပင်ဖြစ်မည်ဟု ပြေးမကြည့်ဘဲ တွေး၍သိသည်။ ကျွန်တော်လည်း ရောက်သည့် အတူတူ ရိက္ခာရမှ ပြန်မည်ဟူ သောစိတ်နှင့် အိမ်အချို့ပေါ်တက် ရှာရာ၌ အိမ်တစ်အိမ်ပေါ်မှ လုံး တီးဆန်တစ်အိတ်နှင့် နှမ်းတစ် တင်း တွေ့ရသည်။ အိမ်ပေါ်တွင် ပစ္စည်းများလည်း ဖရိုဖရဲဖြစ်နေ သည်။ အဖော်ပါ ရဲဘော်နှင့် ဆန် အိတ်ဝက်ကိုယူ၍ စားစရာမရှိ သဖြင့် ဆန်ယူသွားရကြောင်း စာ ရေးထားခဲ့သည်။ ကျွန်တော်တို့ နှစ်ယောက်မှာ ဆန်အိတ်ဝက်ကို ပုဏ္ဏားရွာမှ စခန်းသို့အရောက် တစ်ယောက်တစ်လှည့်စီ ထမ်းယူ ကြရသည်။

ကျွန်တော်တို့မှာ ဆန်သာရှိ ပြီး ဟင်းလျာအတွက် စိတ်ပူကြရ ပြန်သည်။ သို့နှင့် အိုင်အင်န်အေ မှဖမ်းထားသော ကုလားတစ် ယောက်ကို စခန်းအနီးရှိ မန် ကျည်းပင်မှ မန်ကျည်းရွက် ခူးခိုင်း ထားပြီး ဟင်းလျာအတွက် ရလို ရငြား တောင်ယာတဲများဆီသို့ ဆက်လက်ထွက်ခွာခဲ့သည်။စခန်း မှထွက်၍ တောင်နှစ်လုံးကျော်ပြီး သည့်နောက် တောင်ကမ်းပါးယံ တစ်ခုတွင် ငှက်ပျောပင်များခြံရံ လျက် ယာယီတဲတစ်ခုကို တွေ့ လိုက်သည်တွင် ဝမ်းသာသွားမိ သည်။ တဲဆီသို့ဆက်သွားရာ လူ တစ်ဦးတစ်ယောက်မျှမတွေ့။ စားစရာလည်းမရှိ ဖြစ်နေသည်။ ဤတွင် အချိန်ကလည်း နည်းလာ ပြီဖြစ်၍ တဲအနီးရှိ ငှက်ပျောတစ် ပင်ကို ခုတ်ယူပြီး ပြန်လာခဲ့ရသည်။

ဤတွင် ဗိုလ်ချုပ်တို့အား ငှက်ပျောအူနှင့် မန်ကျည်းရွက် ငါးပိရည်နှင့်ရောကျို၍ ကျွေးရ သည်။ ဗိုလ်ချုပ်တို့မှာ ဖြစ်သလို ဟင်းနှင့် ပလုတ်ပလောင်း စားကြ သည်။ ကျွန်တော်တို့မှာလည်း ဤသို့ ကျွေးမွေးရသည်ကို စိတ် မကောင်းသော်လည်း မကြံတတ် အောင်ဖြစ်နေသည်။ နောက်တစ် နေ့နံနက်တွင် ဟင်းလျာအတွက် ပုဏ္ဏားရွာဘက်သို့ ထွက်ခဲ့ရာ လမ်းတွင် ရွာသားတစ်ဦးနှင့်တွေ့ မှ ဂျပန်တပ်များဝင်စဉ် ရွာသား များ အကွဲအကွဲအပြားပြား တိမ်း ရှောင်နေရကြောင်း သိရသည်။ ၎င်းတို့ ပုန်းအောင်းနေသော နေရာတစ်ခုသို့ လိုက်သွားကြသည်။ အိမ်ထောင်ငါးဦး၊ ခြောက်ဦးခန့် စုရုံး၍ တောထူသော တောင်ကုန်းတစ်နေရာတွင် ကနားဖျင်းထိုးနေကြသည်ကို တွေ့ရသည်။ ၎င်းတို့မှာ ကျွန်တော်တို့အား တွေ့လျှင် ပျူပျူငှာငှာနှင့် နေရာထိုင်ခင်းပေး၍ ထမင်းစားရန် ဖိတ်ခေါ်သည်။ ကျွန်တော်တို့မှာ ထမင်းဟင်း ကောင်းနှင့်ဝေးလျက်ယခုလို ဟင်းလျာအဆင်သင့်တွေ့သည်တွင် ကြိုက်မရှက် ငတ်မရှက်ဆိုသလို စေတနာဗရပွနှင့်ကျွေးမွေးသည့်အလျောက် စားကြသည်။ ဗိုလ်ချုပ်လည်း ရောက်ရှိနေကြောင်း၊ ဟင်းလျာအဆင်သင့်က စီစဉ်ပေးရန်လည်း ပြောကြားခဲ့သည်။

နောက်တစ်နေ့နံနက် ဗိုလ် ချုပ်တို့အတွက် ထမင်းပွဲပြင်ဆင် ရာတွင် ဟင်းလျာများ စုံလင်နေ သည်ကို တွေ့ရ၍ ဝမ်းသာမိ သည်။ ကျွန်တော်တို့မှာ နံနက်စာ အတွက် ဗိုလ်ချုပ်တို့အား ဟင်းပွဲ များချပေးလိုက်ရာ ဗိုလ်ချုပ်မှာ ရှု တည်တည်နှင့် ‘‘ဟင်းပွဲတွေ များ လှချည်လား။ ဘုန်းကြီးဆွမ်းပွဲ ကျနေတာပဲ’’ဟု မနှစ်သက်သည့် ဟန်နှင့် ပြောတော့သည်။ ကျွန် တော်ကပင် ရွာသားများ လာပို့ ကြောင်း ပြောမိရာ ဗိုလ်ချုပ်က ‘‘အေးကောင်းပြီ၊ နောက်မပို့ပါ စေနဲ့ကွာ။ သူတို့ခမျာများလည်း ပြေးရင်းလွှားရင်းနဲ့ ဒုက္ခများပါ တယ်’’ဟု ပြောရင်း ထမင်းကို ငုံ့ ၍ စားနေတော့သည်။

ကျွန်တော်တို့ထံတွင် လေ ယာဉ်ပေါ်မှချပေးထားသော နား ကြပ်နှင့် နားထောင်ရသည့် ရေဒီ ယိုအသေးစားတစ်လုံး ရှိသည်။ ဗိုလ်ချုပ်၏ ညွှန်ကြားထားချက် အရ ထူးခြားသော နိုင်ငံခြား သတင်းများရရှိက နံနက်တွင် ဗိုလ်ချုပ်အား သတင်းပို့ရသည်။ တစ်နေ့တွင် ရုရှားတပ်နီတော်ကြီး ဘာလင်မြို့ကို သိမ်းပိုက်လိုက် ကြောင်းနှင့် ဂျာမန်များ ခြွင်းချက် မရှိ လက်နက်ချကြောင်း သတင်း ပို့လိုက်သည်။ ဗိုလ်ချုပ်လည်း အလွန်ဝမ်းမြောက် သွားဟန်ရှိ သည်ကို တွေ့ရသည်။ နေ့လယ် ပိုင်းတွင် ကျွန်တော့်အားခေါ်၍ လက်ရေးမူကြမ်းနှင့် ရေးသား ထားသော ကမ္ဘာ့အခြေအနေနှင့် စစ်ရေးညွှန်ကြားလွှာကို လက်နှိပ် စက်နှင့်ရိုက်ခိုင်း၍ တပ်မှူးများသို့ ဖြန့်ဝေလိုက်သည်။

 တစ်ခါတွင် တောင်ပေါ်မှ စခန်းသို့ဆင်းလာစဉ် ဗိုလ်ချုပ် အနီး၌ ဗိုလ်မှူးဇေယျ၊ ဗိုလ်မှူး လှအောင်၊ ဗိုလ်ကြီးခင်မောင် လေး (ယခုဝန်ကြီး ဗိုလ်ခင်မောင် လေး)၊ ဗိုလ်မှူးမောင်မောင် (ယခု ဒုဗိုလ်မှူးကြီးမောင်မောင်)၊ ဗိုလ် ကြီးရှိန်း(ယခုဗိုလ်မှူးကြီးရှိန်း၊ အမှတ် (၁)စစ်မြေပြင်သူနာပြု တပ်ရင်း တပ်မှူး)၊ ဗိုလ်မှူးဖိုးကွန်း (ယခုတောတွင်းရောက်နေသူ)၊ ဗိုလ်ကြီးတင်(ယခုဗိုလ်မှူးတင်)၊ ဗိုလ်အုန်းသင်(ဆေးမှူး)၊ဗိုလ်မှူး ထွန်းအုံ (ယခု မြူနီစီပယ်မင်းကြီး) တို့ ထိုင်နေကြသည်။ ကျန်တပ်မှူး အချို့ကိုတော့ ကောင်းစွာမမှတ် မိတော့ပါ။ ဗိုလ်ချုပ်လည်း ပုဏ္ဏားရွာသို့ ဂျပန်များအလစ်အဝင်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ကြိမ်းနေသည်။ တပ်မှူးများမှာလည်း ခေါင်းငုံ့လျက် ငြိမ်သက်နေကြသည်။  ‘‘ဇေယျ၊ မင်းဘာလဲ’’ ဒေါသအလွန်ထွက်နေသည့်အသံနှင့် ဗိုလ်ချုပ်က ပြောလိုက်သည်။ ကျွန်တော်တို့မှာ ဗိုလ်မှူးဇေယျ၏ ‘‘အစ်ကိုကြီး’’ ပြန်ထူးလိုက်သည့်အသံသာကြားလျက် အနားတွင် မနေရဲတော့သည်နှင့် ဝေးဝေးသို့ ပြေးရတော့သည်။

တစ်နေ့တွင်လည်း နေ့လယ် ၁ နာရီခန့်လောက်အချိန်၌ စခန်း အနီးမှ သေနတ်သံ ဆူညံစွာထွက် ပေါ်လာလျက် ရဲဘော်သာအေး နှင့် ဗိုလ်မှူးလှအောင်တို့ စခန်းသို့ အပြေးဝင်လာကြသည်။ ‘‘ဂျပန် တပ်မတစ်ခု ကိုက် ၃၀၀ လောက် က လှည်းလမ်းအတိုင်း ဆင်းလာ နေတယ်ဗိုလ်ချုပ်၊ ကျွန်တော်တို့ ကို ရှေ့ပြေးကင်းက တွေ့လို့ လိုက်ပစ်တာ ကံကောင်းလို့ပဲ’’ ဟု အမောဆို့လျက် ပြောပြသည်။ ဗိုလ်ချုပ်က ‘‘ဒီလိုဆိုရင် ကျုပ်တို့ စခန်းကို သိပြီထင်တယ်။ ပြန်ချဖို့ စီစဉ်မှပဲ’’ပြောလျက် အနီးရှိ တပ် မှူးတစ်ယောက်ကို ပြန်လှန်ခုခံ ရေးအတွက် ချက်ချင်းတပ်ဖြန့် ခိုင်းသည်။ ကျွန်တော်လည်း စခန်းအနီးရှိ လျှိုတစ်ခုတွင် နေ ရာယူနေစဉ် အနီးတောင်ကုန်း ပေါ်မှ ကျွန်တော့်နာမည်ကို ခေါ် သံကြား၍ ကြည့်လိုက်ရာ ဗိုလ် ချုပ်ဖြစ်နေသည်။

‘‘မင်းတို့ကျည်ဆန်နဲ့ လက် နက်တွေ ဘာလုပ်ထားလဲ’’

ကျွန်တော်က ‘‘တဲပေါ်မှာ ကျန်ခဲ့တယ်ဗိုလ်ချုပ်’’ဟု ပြန် သတင်းပို့သည်။

  ‘‘မင်းတို့ကျည်ဆန်တွေ တောင်ကြားမှာ အကုန်ဝှက်’’ဟု အမိန့်ပေးသည်။

ကျွန်တော်နှင့် အိုင်အင်န် အေမှ ကုလားလေးယောက် တဲ ပေါ်မှ အမြန်သယ်ချ၍ ဝှက်ကြရ သည်။ ထိုစဉ် ဗိုလ်မှူးဇေယျမှာ ဗိုလ်ချုပ်အား နောက်ပိုင်းသို့လိုက် ရန်ခေါ်နေသည်။ ဗိုလ်ချုပ်မှာ တော်တော်နှင့်မလိုက်ဘဲ နေ၍ ဗိုလ်မှူးဇေယျက ‘‘ကွပ်ကဲအုပ် ချုပ်ဖို့အရာရှိတွေ ရှိပါတယ်။ အစ်ကိုကြီးနောက်ပိုင်းကို လိုက်ခဲ့ ပါ’’ဟုပြောရင်း အတင်းဆွဲခေါ် သွားတော့သည်။

ရန်သူများလည်း တောင်ရိုး လှည်းလမ်းအတိုင်း ဆင်းသွား တော့သည်။ တစ်ညတွင် ယာတဲ ပေါ်၌ ကျွန်တော်တို့ ရှိနေကြစဉ် တပ်ကြပ်ကြီးညီမောင် ရောက် လာ၍ ‘‘ကျွန်တော် မနက်ဖြန် ဗိုလ်ချုပ်တို့ သရက်ဘက်ကူးဖို့ အတွက် လမ်းခရီးအခြေအနေကို စုံစမ်းဖို့ထွက်ရမယ်’’ဟုပြော သည်။ ကျွန်တော်တို့ကပင် ဂရု တစိုက်သွားရန် သတိပေးလိုက် သေးသည်။ နောက်တစ်နေ့နံနက် ခရီးထွက်သွားလျက် တုံရွာတွင် ဂျပန်များနှင့်တွေ့ရှိ၍ အသတ် ခံလိုက်ရရှာသည်။ ၎င်းနှင့်အတူ ဆက်သားစံဦးလည်း အသတ်ခံရ ၍ ဆေးတပ်သားအောင်ဇေယျ မှာ ကံကောင်းထောက်မသဖြင့် လက်တွင် သေနတ်ဒဏ်ရာနှင့် လွတ်လာသည်။ အောင်ဇေယျ၊ ဆက်သားစံဦးနှင့် တပ်ကြပ်ကြီး ညီမောင်တို့ သုံးယောက်အား လက်ပြန်ကြိုးတုပ်၍ ရှေ့နောက် စီပြီး လက်တစ်ဖက်တစ်ချက်တွင် ဝါးလုံးလျှိုလျက် ပစ်သတ်သည်။ တပ်ကြပ်ကြီးညီမောင်မှာ ထိပ်မှ ဖြစ်လျက် ညီမောင်၏ဝမ်းဗိုက်နှင့် ဆက်သားစံဦးတို့၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားသောကျည်ဆန် မှာ အောင်ဇေယျ၏လက်ကောက် ဝတ်ကို ဖောက်ထွက်သွားသည်။ အောင်ဇေယျမှာ သေချင်ဟန် ဆောင်၍နေသည်ကို ဂျပန်များက ဝါးရင်းတုတ်များနှင့် ခေါင်းကို ရိုက်နှက်သွားသေးသည်။

နောက်တစ်နေ့ ဗိုလ်ချုပ်၏ ကိုယ်ရံတော်တပ်မှူး ဗိုလ်မှူးမင်း ခေါင် (ယခုဝန်ကြီး ဗိုလ်မင်း ခေါင်)တို့အဖွဲ့ စခန်းသို့ရောက် လာကြပြီး နံနက် ၃ နာရီအချိန်ခန့် တွင် ဗိုလ်ချုပ်နှင့်တကွ ဗိုလ်မှူး စိန်ဝင်းတို့ပါ သရက်ဘက်သို့ ထွက်သွားကြသည်။ ထိုစဉ်က ဆေးမှူးဗိုလ်ကြီးကျော် (ယခု ဗိုလ်မှူးကျော်၊ ဒုတပ်မှူး၊ အမှတ် (၁)စစ်မြေပြင်သူနာပြုတပ်)သည် ဆေးတပ်ဖွဲ့အချို့နှင့် ပုဏ္ဏားနှင့် သုံးမိုင်ခန့်အကွာရှိ ပေါက်ဦးကား ရွာတွင် စခန်းချလျက်ရှိသည်။ ဗိုလ်ချုပ်ထွက်သွားပြီး ငါးရက်ခန့် အကြာတွင် ဆရာလည်း ကျွန် တော်တို့ စခန်းရှိရာသို့ ပေါက်လာ မှ တပ်ကြပ်ကြီးညီမောင်သေရ ခြင်း အကြောင်းစုံကို သိရတော့ သည်။ ဗိုလ်ကြီးစံရွှေက ကျွန် တော့်အား ဆရာနှင့်အတူ လိုက် သွား၍ သရက်တွင်ရောက်ရှိနေ သော တပ်ရင်းမှူးထံသို့ ရှေ့အစီ အစဉ်အတွက် အမိန့်တောင်းရန် စေလွှတ်သည်။

ကျွန်တော်လည်း နောက် တစ်နေ့နံနက်တွင် စခန်းမှခွာ၍ ပေါက်ဦးကားရွာသို့ ထွက်ခဲ့ သည်။ ၎င်းရွာတွင် ဆရာနှင့်တွေ့ ရှိ၍ ရှေ့ဆက်သွားမည့် ခရီး အတွက် စုံစမ်းရာ တုံတွင် အင်္ဂလိပ်တပ် ရောက်ရှိနေကြောင်း၊၎င်းနှင့် အဆက်အသွယ်ရရှိပြီး ဖြစ်၍ ဆရာနှင့်အတူပင် သွားကြသည်။ ထိုစဉ်က တုံရွာတွင် အင်္ဂလိပ်ဗိုလ်မှူးတစ်ဦး အုပ်ချုပ်နေသော ပန်ချာပီတပ်ကို တွေ့ရှိရသည်။ ကျွန်တော်တို့လည်း သရက်သို့သွားရန် အစီအစဉ်များကို ၎င်းအင်္ဂလိပ်တပ်မှူးအား ရှင်း လင်းပြသည်နှင့် ကျွန်တော့်အား ဂျစ်တစ်စီးနှင့် သရက်မြို့ အရောက် ပို့ပေးသည်။ တပ်ရင်း မှူးနှင့် သရက်မြို့ မြို့လယ်ရှိ ရတနာမာရ်အောင် စေတီပရ ဝဏ်အတွင်းရှိ ဇရပ်တွင်တွေ့ရှိ ၍ တပ်ခေါက်ရန် ချက်ချင်းအမိန့် ပေးလိုက်သည်။ သရက်မှ နေ့ ချင်းပြန်လာရာ တုံသို့ ညနေ ၅ နာရီခန့် နေရာက်ရှိသည်။ ၎င်းရွာ မှ ဆရာရှိရာ ပေါက်ဦးကားရွာသို့ ဝင်၍ လမ်းပြအရပ်သားတစ်ဦး ခေါ်ယူလျက် ညတွင်းပင် ပုဏ္ဏား သို့ ဆက်ထွက်သည်။

ကျွန်တော်တို့နှစ်ယောက် တောင်ပေါ်လူသွားလမ်းအတိုင်း လာကြရာ ပုဏ္ဏားမရောက်မီ တစ် မိုင်လောက်တွင် လှည်းလမ်းမ ကြီးကို ဖြတ်ကူးစဉ် ဂျပန်တပ်နှင့် တွေ့ရှိ၍ အပစ်ခံကြရလျက် နှစ် ဦးသားမှာ တကွဲတပြားစီ ခြေဦး တည့်ရာ ထွက်ပြေးကြရသည်။ တောထဲတွင် ကျွန်တော့်မှာ မျက် စိလည် လမ်းမှားလျက် နံနက် ၃ နာရီအချိန်လောက်မှ ဆရာနေ သော ပေါက်ဦးကားရွာသို့ ပြန် လည်ရောက်ရှိတော့သည်။ သေ နတ်ဒဏ်ရာ မရရှိသော်လည်း တစ်ကိုယ်လုံးတွင် ပွန်းပဲ့ထား သော ဒဏ်ရာများ ရရှိလျက် အထူးသဖြင့် ခြေဖနောင့်တွင် အသားအတုံးလိုက် ပဲ့ထွက်လျက် ၊အရိုးပင်ပေါ်လျက် ပြင်းပြသော ဒဏ်ရာတစ်ခု တော်လှန်ရေး၏ အမွေအနှစ်အဖြစ် ရရှိလိုက် သည်။ ဆရာလည်း ဆေးဝါးများ ထည့်၍ ညအိပ်ခိုင်းထားသည်။ နံနက် အိပ်ရာမှပင် မထနိုင်သော် လည်း ဆရာရောက်လာသည်နှင့် ‘‘ကျွန်တော်ဒီစာကို ပုဏ္ဏား အရောက် ညတွင်းချင်း ပို့ရမယ်။ ညက ဒီလိုဖြစ်သွားတော့ ဒီနေ့ မနက် မသွားရင် မဖြစ်ဘူးထင် တယ်ဆရာ။ ကျွန်တော့်မှာ တာ ဝန်ရှိနေတယ်။ အစီအစဉ်တစ်ခု လုပ်ပေးပါ’’ဟုပြောလိုက်သည်။ ဆရာလည်း ၎င်းတွင်ရှိသော မြင်း တစ်ကောင်ကို ထုတ်ပေးပြီး ၎င်း မြင်းနှင့်ပင် တော်လှန်ရေးစခန်းသို့ ဆက်လက်ထွက်ခွာ ရသည်။

နောက်တစ်နေ့တွင် တပ် ရင်းတစ်ခုလုံး ရေမြက်ဘက်မှ လှည့်၍ သရက်သို့ ချီတက်ကြ သည်။ တပ်မှာ သရက်မှ ပြန် လည်ထွက်ခွာ၍ နတ္တလင်း အရှေ့ဘက် ဒမငယ်၊ စမ်းကြီး စသော ပဲခူးရိုးမတစ်ဝိုက် တိုက် ပွဲများ ဆင်နွှဲပြီးဆုံးသည်နှင့် ပဲခူး ရှိ ဗိုလ်မှူးကျော်ဇောဦးစီးသော တိုင်း (၄)လက်အောက်ခံတပ်ရင်း (၁၀၆)အဖြစ် ကူးပြောင်း၍ ဝေါ နယ်တစ်ဝိုက်ရှိ ကဒွတ်၊ ညောင် ကိုင်း၊ ဘုရားပြိုရွာများတွင် ဖြန့် လျက် ရှေ့တန်းစစ်မျက်နှာတွင် ဆင်နွှဲနေစဉ် ဂျပန်လက်နက်ချ လိုက်၍ မကြာမီ ဤစစ်မျက်နှာ၌ ပင် တပ်ဖွဲ့များ ဖျက်သိမ်းလိုက် တော့သတည်း။   ။
7Day

No comments:

Post a Comment