Latest News

Monday, February 27, 2017

ဘုရင်မင်းမြတ် ဘူမိဘောရဲ့ မီးသင်္ဂြိုဟ်ရာ လောင်တိုက် တည်ဆောက်ရေးစတင်၊ ထိုင်းဗိုလ်ချုပ်ကြီးများ ကမကထပြု

ဘုရင်မင်းမြတ် ဘူမိဘောရဲ့ မီးသင်္ဂြိုဟ်ရာ လောင်တိုက် တည်ဆောက်ရေးစတင်၊ ထိုင်းဗိုလ်ချုပ်ကြီးများ ကမကထပြု

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၇ ။        ။ ထိုင်းနိုင်ငံက နတ်ရွာစံ ဘုရင်ကြီး ဘူမိဘောရဲ့ ဈာပနမီးသင်္ဂြိုဟ်ရာ လောင်တိုက် တည်ဆောက်ရေး စတင်မှုအခမ်းအနားကို ထိုင်းဗိုလ်ချုပ်ကြီးတွေက ဦးဆောင်ကမကထပြုပါတယ်။ နန်းတော်နဲ့ စစ်တပ်ရဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုကို ထင်သာမြင်သာ မီးမောင်းထိုးပြမှု တစ်ရပ်လည်းဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဝန်ကြီးချုပ် ချန်အိုချာက အခမ်းအနားကို ဦးဆောင်ပါတယ်။ လောင်တိုက်တည်ဆောက်ရေးစတင်မှု အခမ်းအနားမှာ အုတ်မြစ်ဖြစ်တဲ့ စတီးတိုင်တွေထဲက ပထမဆုံးတိုင်ကို ကရိန်းနဲ့ စိုက်ထူလိုက်ပါတယ်။ ဘုရင်ကြီးရဲ့ လောင်တိုက်ကို ဘန်ကောက်နန်းတော်ရာရဲ့ အနောက်မှာ သစ်သားတွေနဲ့ အကြီးစား တည်ဆောက်သွားမှာလည်းဖြစ်ပါတယ်။

အုတ်မြစ်တိုင်ကို အလုပ်သမားတွေက အင်္ဂတေအောက်ခြေခုံမှာ စိုက်ထူချိန်နဲ့ တစ်ပြိုင်တည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဂါထာရွတ်ဖတ်ခြင်း၊ ဟိန္ဒိဘုန်းကြီးတွေက ခရုသင်းမှုတ်ခြင်းနဲ့ လောင်တိုက်တည်ဆောက်ရေးစတင်မှုအခမ်းအနားကို ဘာသာရေးထုံးစံတွေနဲ့အညီ ပြုလုပ်တာလည်းဖြစ်ပါတယ်။

တော်ဝင်ဈာပနမီးသင်္ဂြိုဟ်မှုဟာ ထိုင်းနိုင်ငံမှာ အထူးအရေးပါတဲ့ ဖြစ်စဉ်ဖြစ်ရပ်ပါ။ ဈာပနအတွက် သုံးစွဲစရိတ်ကို တရားဝင် ပြည်သူထံ ထုတ်ပြန်ခြင်း မရှိပေမယ့် အာဏာပိုင်တွေက ဘုရင်ကြီးဘူမိဘော ဈာပနအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ သုံးစွဲတာလည်းဖြစ်ပါတယ်။

ဘုရင်ကြီး ဘူမိဘောဟာ အောက်တိုဘာလအတွင်း နတ်ရွာမစံမီ အချိန်က ကမ္ဘာ့မှာ နန်းစံသက် အရှည်ဆုံး ဘုရင်တစ်ပါးဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ဆယ်စုနှစ်ခုနစ်ခုကြာ အုပ်ချုပ်ခဲ့ပြီး ဘုရင်ကြီး ဘူမိဘော နတ်ရွာစံသွားမှုဟာ ထိုင်းပြည်သူတွေအတွက် မရေရာတဲ့ အနာဂတ်ကို ဖြစ်စေခဲ့ပါတယ်။ အရိုက်အရာဆက်ခံတဲ့ သားတော်ဖြစ်သူ မဟာဝါဇီရလောင်ကွန်းဟာ ပြည်သူနဲ့ အထိအတွေ့ နည်းခဲ့သူဖြစ်ပြီး ၎င်းအကြောင်းနဲ့ ပတ်သက်ပြီးလည်း သိရှိရမှု နည်းပါးလို့ပဲဖြစ်ပါတယ်။

Mizzima

No comments:

Post a Comment