Latest News

Friday, March 21, 2014

မြေသိမ်းဥပဒေကို ပြန်သုံးသပ်ပြီး ခေတ်နဲ့အညီဆောင်ရွက်မှ တာဝန်ကျေမယ်ဟု သူရဦးရွှေမန်းပြော

Friday, March 21, 2014

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေးကော်မတီသည် လယ်ယာမြေဥပဒေများနှင့်အညီ အဆင် ဆင့် ဆောင်ရွက်နေရသည့်အတွက် နှေးကွေးလျက်ရှိကြောင်း လယ်ယာမြေစုံစမ်းရေးကော်မရှင် တွေ့ရှိ ချက်ပေါ်မူတည်၍ ပြည်သူတို့အတွက် ပြတ်သားသည့် လယ်ယာမြေမူဝါဒနှင့် မြေယာပြုပြင်ပြောင်းလဲရေး ပြုလုပ်ကာ လယ်ယာမြေ ဝေခြမ်းရေးဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးရန် အစီအစဉ်အစဉ် ရှိ၊ မရှိ ဟူသည့် ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၏အမေးကို လယ်/ဆည် ဒု-၀န်ကြီး ဦးအုန်းသန်းက ထိုသို့ ပြဋ္ဌာန်းရန် မလိုအပ်သဖြင့် အစီအစဉ်မရှိပါကြောင်း ဖြေကြားခဲ့သည်။

ဒုတိယ၀န်ကြီး၏ ပြောကြားချက်အပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက “လယ်ယာနဲ့ ဆည်မြောင်း ၀န်ကြီးပြောသွားတဲ့ ၁၈၉၂ ခုနှစ်၊ မြန်မာနိုင်ငံမြေသိမ်းအက်ဥပဒေကိုလည်း ပြန်လည်သုံးသပ်ပြီးတော့ ခေတ်စနစ်နဲ့လျော်ညီစွာ ဆောင်ရွက်ပေးမှသာလျှင် မိမိတို့အစိုးရအုပ်ချုပ်ရေးအဖွဲ့အပါအ၀င် ဥပဒေပြုရေး အဖွဲ့အစည်းလည်း တာဝန်ကျေသလိုဖြစ်တယ်လို့ ခံယူပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြော ကြားခဲ့ခြင်း ဖြစ်သည်။
လယ်/ဆည်ဒုတိယ၀န်ကြီး ဦးအုန်းသန်းက “လယ်သမားများအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင် မည့် လယ်ယာမြေဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းပေးပြီးဖြစ်ကြောင်း၊ ဒုတိယသမ္မတကိုယ်တိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် မြေယာအသုံးချမှုစီမံခန့်ခွဲရေးကော်မတီကလည်း ၁၈၉၂ မြေသိမ်းဥပဒေအ ပါအ၀င် လယ်ယာမြေဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်နေသောကြောင့် ဥပဒေများကို ပြင်ဆင် ရန်နှင့် အသစ်ပြဋ္ဌာန်းရန်မလိုအပ်ကြောင်း ပြောကြားခဲ့သည်ကို သူရဦးရွှေမန်းက “အဆိုပါလွှတ်တော်က ပြဋ္ဌာန်းခဲ့သော တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားကာကွယ်ရေး ဥပဒေ အတွက် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ကြေညာစာ၊ ညွန်ကြားချက်များ ထွက်ပေါ်လာမှ အသက်ဝင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးချိန်အမီ စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရတော့မည့်အခါ တွင် နည်းဥပဒေများထွက်ရှိဖို့ အရေးတကြီး လိုအပ်လှကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ၁၈၉၂ ခုနှစ် မြေသိမ်းဥပဒေနှင့်ပတ်သက်ပြီး “အဲ့ဒီဥပဒေဟာ မိမိတို့မြန်မာနိုင်ငံ လွတ်လပ် ရေးဆုံးရှုံးနေတဲ့ ကာလတစ်ဝိုက်က ထုတ်ပြန်ခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဥပဒေကိုလည်း ပြန်လည်ပြင်ဆင် ရန် လိုတယ်ဆိုရင် သက်ဆိုင်ရာစီမံခန့်ခွဲတဲ့ ၀န်ကြီးဌာနကပဲ အဆိုပြု တင်ပြဖို့လိုပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ဘဲနဲ့ ဒီအတိုင်းပဲထားလိုက်တဲ့အခါမှာ ဥပဒေနဲ့ ဒီနေ့ခေတ်ကာလနဲ့ မကိုက်ညီဘူးဆိုတဲ့အခါမှာ ဒီနေ့ဆောင်ရွက်ရတဲ့ အစိုးရ၊ အုပ်ချုပ်ရေးအဖွဲ့မှာလည်း အခက်အခဲတွေ ရှိပါတယ်။ ဒါကြောင့် နည်း ဥပဒေကိုလည်း သက်ဆိုင်ရာစီမံခန့်ခွဲတဲ့ဝန်ကြီးဌာနက ပြောင်းလဲဖို့အတွက် သုံးသပ်ဆောင်ရွက်သင့် ပါတယ်”ဟု လမ်းညွှန်ပြောကြားခဲ့သည်။

တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေး ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းထားပြီး ဖြစ်သော်လည်း နည်းဥပဒေများ အချိန်မီမထွက်ရှိခြင်း၊ ခေတ်မမီတော့သည့် ၁၈၉၂ ခုနှစ် မြေသိမ်းဥပဒေ ကိုလည်း မြေယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ မြေယာခွဲဝေရေးကော်မတီ စသည်တို့က နှေးကွေး စွာ၊ ခက်ခဲစွာ ဆောင်ရွက်နေကြခြင်းတို့ကြောင့် တောင်သူလယ်သမားတို့ အခက်တွေ့နေကြရခြင်းဖြစ် ကြောင်း၊ မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်နေရခြင်းဖြစ်ကြောင်း၊ အဆိုပါ မြေသိမ်းဥပဒေအပါ အ၀င် ပြင်ဆင်သင့်သည့်ဥပဒေများကို အချိန်မီသုံးသပ်ပြင်ဆင်ပြဋ္ဌာန်းပါက အုပ်ချုပ်ရေးအဖွဲ့ရော၊ ဥပဒေ ပြုအဖွဲ့များပါ တာဝန်ကျေမည်ဖြစ်ကြောင်းလည်း ၎င်းက လွှတ်တော်သို့ ပြောကြားခဲ့သည်။

Mizzima