Monday, September 16, 2019
ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည်မဟုတ်
ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည်မဟုတ်။
××××××××××××××××××
ဒဏ်ရာပြတိုက် - ဝင်ကြေးအခမဲ့
သံတိုင်ကြားက ခေါင်းလောင်းသံ
🌹🌹🌹
အချိန်က ၁၉၉၀ ခုနှစ် နိုဝင်ဘာလ။
နေရာက မန္တလေးမြို့ ၂၆ ဘီလမ်း
ကျုံးထောင့်မှာရှိတဲ့
ထောက်လှမ်းရေး -၁(မန်ကျည်းရိပ်)
စစ်ကြောရေးခန်း။
စစ်ကြောမေးမြန်း ညှင်းပန်းနှိပ်စက်ခံနေရသူ
အသက်(၄၁)နှစ်အရွယ် ကျောင်းဆရာတယောက်ကို
တာဝန်ကျလုံခြုံရေးအစောင့်က
အခန်းထဲကနေ ထုတ်လာပြီး
အခြားအခန်း သုံးလေးခန်းထဲမှာရှိတဲ့
မိလ္လာ(မစင်အညစ်အကြေး)အိုးတွေ
သွန်ခိုင်းပါတယ်။
ကျောင်းဆရာရဲ့
လက်မောင်းနှစ်ဖက်ပေါ်
နောက်ကနေ ကြိုးနဲ့တုပ်ချည်ထားပြီး
ကြိုးစကို အစောင့်က ကိုင်ထားတယ်။
ကျောင်းဆရာက
မစင်အိုးတွေကို
ရှေ့ဖက်ဆန့်ထုတ်ရုံသာ
လှုပ်ရှားလို့ရတဲ့ သူ့လက်နှစ်ဖက်နဲ့
သယ်ယူသွားပြီး
သွန်တာ၊ဆေးကြောတာ
လုပ်ရတယ်။
စစ်ကြောမေးမြန်းတဲ့ကာလမှာ
ရေလုံးဝမတိုက်ဘဲ ထားတာမို့
ရေ အရမ်းငတ်နေတာကြောင့်
အိမ်သာကန်ထဲက ရေကို
မရွံမရှာ ခိုးသောက်ရတယ်။
အဲ့ဒီလို ကြုံခဲ့ရသူက
အခြားလူ မဟုတ်ပါဘူး။
မန္တလေးမြို့အထက(၁၄)
နဝမတန်းက
ရူပဗေဒဘာသာပြဆရာ
ဆရာ ဦးကျော်တင့်ပါပဲ။
ကလေးတွေကို
စာသင်ကြား ပြသပေးနေတဲ့
အနန္တဂိုဏ်းဝင် ဆရာသခင်။
လုပ်သက် ၂၁ နှစ်ရှိတဲ့ကျောင်းဆရာ။
ဒီလို ဘွဲ့ရပညာတတ်တယောက်ဟာ
လူစိတ်မရှိတဲ့ စစ်ထောက်လှမ်းရေး
တိရစ္ဆာန် အရိုင်းအစိုင်းဆီ ရောက်တဲ့အခါ
အာစရိယသော၊ဘာသော
ဂါရဝေါစ နိဝါတောစတွေ နဲ့
အဆက်အဆံ မခံရတော့ပါဘူး။
မြတ်သောဆရာဟာ
အခြားသူ နောက်ဖေးသွားထားတဲ့
ချေးအိုးကိုလည်း သွန်ခဲ့ရပါတယ်။
အိမ်သာကန်ထဲက
ဖျင်ဆေးရေကိုလည်း
သောက်ခဲ့ရတဲ့ အဖြစ်ပါပဲ။
"နောက်တော့
မင်းရဲ့ လက်တွေညစ်ပတ်ကုန်ပြီ။
ရေဆေးလိုက် ဆိုပြီး
အဲ့ဒီအစောင့်က
ရေဘုံဘိုင်ဆီ ပို့ပေးတော့မှ
ရေငတ်နေတာ သိလို့မို့
ရေသောက်ရအောင် တမင်ပြောမှန်း
ရိပ်မိတယ်လို့
ဆရာဦးကျော်တင့်က ဆိုပါတယ်။
ဆရာ ဦးကျော်တင့်က
စာပေအနုပညာသမား
တယောက်လည်း ဖြစ်ပါတယ်။
စာတွေ၊ကဗျာတွေရေးတော့
ကလောင်အမည် ဘကျော်။
မန္တလေးမြို့က
နန်းမြို့တော် အငြိမ့်မှာ
အော်ပရာအပာအဝင်
ဇာတ်ဝင်သီချင်းတွေရေးပေးခဲ့တဲ့
အော်ပရာ ဒါရိုက်တာ။
ဒီတုန်းအခါ နာမည်က မိုးထက်။
တယောလည်း ထိုးတတ်သလို
စာအသင်အပြလည်းကောင်းတဲ့ ကျောင်းဆရာ။
အခုတော့ ဒီကျောင်းဆရာခမျာ
ထောက်လှမ်းရေးဆီမှာ
စစ်ကြောရေးသင်ခန်းစာ
လက်ချာပေါင်းစုံ
ပို့ချတာ ခံရရှာပါတယ်။
လက်နှစ်ဘက်ကို
ကြိုးနဲ့နောက်ပြန်တုပ်ထားတယ်။
ရိုက်နှက်စစ်ကြောရေးလုပ်သူ ဘယ်သူဆိုတာ အသိမခံရဲလို့
အညှင်းပန်းခံရသူ မမြင်နိုင်စေဖို့
ခေါင်းစွပ် စွပ်ပေးထားတယ်။
တခါ တ လေ
မျက်လုံးနေရာတင် ကာလို့ရတဲ့
မျက်နှာဖုံးစွပ် တပ်ထားပေးတယ်။
"တကိုယ်လုံးနေရာအနှံ့ကို တုတ်နဲ့ရိုက်ပြီး
ငါးဖယ်တေ အတေခံနေရတာ။
လက်မောင်းတွေဆို
ယောင်ကိုင်းပြီး ကြီးလာလို့
ဝတ်ထားတဲ့အကျီင်္လက်နဲ့တောင်
အံကိုက်ကျပ်ကုန်တဲ့ အထိပဲ။
ခေါင်းကို အရိုက်ခံရတော့
ပေါက်သွားတဲ့ နေရာသုံးနေရာလုံး
သွေးတွေ ထွက်နေတယ်"လို့
ဆရာဦးကျော်တင့်က
ပြန်ပြောင်းပြောပြပါတယ်။
ဒါနဲ့မပြီးသေး။
ကျင်စက်နဲ့တ်ို့ပြီး
စစ်ဆေး မေးမြန်းပြန်တယ်။
တကိုယ်လုံး အဝတ်အစားတွေ
ချွတ်ခိုင်းပြီး
သူတို့အလိုရှိတဲ့နေရာမှာ
ဝါယာကြိုးစနဲ့ အရင်ချည်တယ်။
ပြီးမှ ဒိုင်နမို၊မော်တာစက်ကို လှည့်ပြီး
ရှော့တိုက်တာပါ။
"ရင်ခေါင်းထဲမှာ
ကတုန်ကယင်နဲ့
တလှပ်လှပ် ဖြစ်သွားတယ်။
တကိုယ်လုံး ဆတ်ဆတ်ခါသွားပြီး
ဗုန်းခနဲ လဲကျသွားတယ်။
မေ့မျောသွားတယ်ထင်တာပဲ။
"မတော်ရာ"နေရာကိုတောင်မှ
ဝါယာကြိုးနဲ့ ချည်ပြီး
ရှော့တိုက် နှိပ်စက်ကြတာ"လို့
ဆရာဦးကျော်တင့်က ပြောပြပါတယ်။
ဆရာဦးကျော်တင့်ကို
အဖ ဗိုလ်မင်းညို ( ပြည်သူ့ရဲဘော်)၊
အမိဒေါ်သန်းအိတို့ကနေ
မတ္တရာမြို့နဲ့ ၆ မိုင်ဝေးတဲ့
ဟင်္သာကုန်းကျေးရွာမှာ
၁၉၄၉ နိုဝင်ဘာ ၁၈ ရက်နေ့
ဖွားမြင်တယ်။
မွေးချင်း ငါးယောက်မှာ
အကြီးဆုံးသားဖြစ်ပြီး
B.Ed(ပညာရေးတက္ကသိုလ်)ဘွဲ့နဲ့
၁၉၆၈ -၆၉ မှာ
B.SC;(Physics)ဘွဲ့တွေ ရရှိခဲ့တယ်။
၁၉၆၉ ခုနှစ်မှာ
ကျောင်းဆရာ အလုပ်စတင်ခဲ့ပြီး
မန္တလေး အိမ်တော်ရာဘုရားဝင်း၊မဟူရာဇရပ်ထဲက မူလတန်းကျောင်း၊
စိန်ပန်း ၄၁ လမ်း ကျောင်းသစ်ကျောင်းတိုက်ထဲက
အမကကျောင်း။
ပြီးတော့ အထက(၂၄)စိန်ပန်းကျောင်းနဲ့
နောက်ဆုံး အထက(၁၄)ကျောင်း။
စတဲ့ကျောင်းတွေမှာ
ကျောင်းဆရာအဖြစ် ရပ်တည်ခဲ့တယ်။
ကျောင်းဆရာလုပ်သက်ကိုက
စုစုပေါင်း(၂၁)နှစ်။
ဆရာဦးကျော်တင့်က
ကွန်မြူနစ် ၄၈၂၈ ဒေသပါတီကော်မတီ
အတွင်းရေးမှူးဖြစ်တဲ့
ဦးမောင်ကို(မန္တလေးမြို့ ထောက်လှမ်းရေး ၁
စစ်ကြောရေးအတွင်း
အာဏာပါးကွက်သားတွေရဲ့
ညှင်းပန်းနှိပ်စက်မှုကြောင့်
၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့
ကျဆုံးခဲ့ရသူ)နဲ့အတူ
လျှို့ ဝှက်ချိတ်ဆက်ပြီး
မြေအောက်နိုင်ငံရေး
လုပ်ငန်းတွေ
ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် နိုဝင်ဘာမှာ
မန္တလေးအထက(၁)က
ကျောင်းဆရာတွေဖြစ်တဲ့
ဆရာဦးစိုးဝင်း
ဆရာဦးသန်းဇော်တို့အပါအဝင်
အမှုတွဲ(၁၇)ယောက်တိတိ
နိုင်ငံရေးပုဒ်မ - ၅(ည)နဲ့
ထောင်ဒဏ်(၆)နှစ်ချမှတ် ခံခဲ့ရတဲ့အထဲ
ဆရာဦးကျော်တင့်လည်းပါခဲ့တယ်။
ဒီလိုနဲ့ မန္တလေးနန်းတွင်းထောင်၊အိုးဘိုထောင်တွေထဲဖြတ်သန်းပြီး
၁၉၉၆ သြဂုတ်လကျမှ
အပြင်လောက ပြန်ရောက်တယ်။
ထောင်ထဲမှာ တနှစ်နီးပါးကြာ
ခံစားခဲ့ရတဲ့ ရောဂါ ဝေဒနာကို
လွတ်လာပြီးချင်း တလအတွင်းမှာပဲ
ဗိုက်ခွဲ ကုသခဲ့ရပါသေးတယ်။
"အဲ့ဒီအချိန်တုန်းက
ဆေးရုံတက်ခွဲစိပ်ဖို့ရာ
ပိုက်ဆံ အလုံအလောက်မရှိဘူး။
မိဘဆွေမျိုးတွေ ပံ့ပိုးပေးတဲ့ငွေလေးနဲ့
ဖြစ်အောင် ခွဲစိပ်ခဲ့ရတာ"လို့
ဆရာဦးကျော်တင့်က
မှတ်မှတ်ရရ ပြောပြတယ်။
ဆရာဦးကျော်တင့်က
အခုဆို အသက် ၇၀ နှစ်ရှိနေပြီ။
အာရုံကြော ရောဂါကြောင့်
ခြေထောက်တဖက်က
အချိန်ကြာကြာ ထောက်ပြီး
မတ်တပ် မရပ်နိုင်တော့ဘူး။
ကျောင်းဆရာအလုပ်
ပြုတ်ခဲ့ရပေမဲ့လည်း
အခုချိန်ထိ မန္တလေးမြို့မြောက်ပြင်
၁၉ လမ်း၊အမတော်ဝင်း၊မေဃဂီရိရပ်က "လဝန်းရိပ်"ဆိုတဲ့ ကိုယ်ပိုင်စာသင်ကျောင်းလေးထဲမှာ
အနာဂတ်ကောင်းကင်အတွက်
ကြယ်စင်ပျိုနုတွေကို
ပျိုးထောင် ပြုစုနေဆဲ။
ဆရာ ဦးကျော်တင့်တို့လို
ခေါင်းလောင်းထိုးတဲ့
ကျောင်းဆရာတွေဟာ
စစ်အာဏာရှင် အမှောင်ခေတ်မှာ
အကျဉ်းထောင်တွေထဲ
ရောက်ခဲ့ရတာမို့
နေခြည်မှာ ရွှေရည်လောင်းတဲ့အချိန်
စာသင်ကျောင်းတွေထဲ
ပြန်မလာနိုင်ခဲ့ကြတော့ပါဘူး။
ဒီကျောင်းဆရာတွေရဲ့
ပန်းပျိုးတဲ့လက်ကို
စစ်အာဏာ မုဆိုးတွေက
ရိုက်ချိုးပစ်ခဲ့တယ်။
သားသတ်သမား အာဏာရူးတွေက ပန်းအပြုအစု ကျွမ်းကျင်လိမ္မာသူ
စေတနာ ဥယျာဉ်မှူးတွေကို
ပန်းရောင်စုံ ဥယျာဉ်ထဲကနေ
နှင်ထုတ်ပစ်ခဲ့ကြတယ်။
ကျောက်သင်ပုန်းတွေ ရှေ့ မှာ
တပည့်တွေနဲ့အတူ ရှိနေသင့်တဲ့
ကျောင်းဆရာတွေဟာ
အုတ်ရိုးမြင့်မြင့်ကြီးတွေရဲ့နောက်
တိုက်ခန်းကျဉ်းကျဉ်း သံတိုင်တွေကြား
နာနာကျင်ကျင် မတ်တပ်ရပ်လို့။
ဒီလိုကျောင်းဆရာတွေအတွက်တော့
သူတို့ရင်ဘတ်ဟာ
သူတို့ရဲ့  အမြဲတမ်းစာသင်ကျောင်း
ဖြစ်နေလိမ့်မယ်ထင်ပါရဲ့ ။
သူတို့ ရင်ဘတ်ထဲက
နှလုံးသား ခေါင်းလောင်းလေးတွေဟာလည်း
ကျောင်းတက်ကျောင်းဆင်း
ချိန်ရောက်တိုင်း
စာသင်ကျောင်း
ခေါင်းလောင်းသံနဲ့အပြိုင်
တစာစာ အသံပေးရင်း
လှုပ်ခတ်ငိုကြွေးနေပါလိမ့်မယ်။
မောင်နန်းဝေ(ဗန်းမော်)
၂၀၁၈ ဇန်နဝါရီ ၁၃
ကမ္ဘာကြေသော်လည်း ဥဒါန်းကြေမည်မဟုတ်
Reviewed by timeayeyar
on
8:04 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment