Latest News

Wednesday, July 3, 2019

မန္တလေးနန်းတွင်းထောင် (၄-၁-၉၁ )အရေးအခင်း


"ဟေ့ကောင်တွေ..မင်တို့ကို (၄)ယောက်အထိ
ရိုက်သတ်ခွင့်ရှိတယ်ကွ"

"၅-ည(နိုင်ငံရေသမားတွေ)လူပါးဝတယ်သတ်ပြီးမြစ်ထဲမျောလိုက်"

ဒါကတော့မန္တလေး နန်းတွင်း သီးသန့်ထောင်မှာရှိတဲ့
နိုင်ငံရေးအကျဉ်းသားတွေကို
အကျဉ်းထောင် ဝန်ထမ်းနဲ့  အရာရှိတွေက
နံပါတ်တုတ်တွေနဲ့ ရိုက်နှက်နေကြရင်း
အော်ဟစ်ကြိမ်းမောင်းကြတဲ့စကားတစ်ချို့ပါပဲ။

"မျက်လုံးကို အဝတ်စည်းထားတော့ရိုက်တဲ့သူကို မမြင်ရဘူး။
(၂)ယောက်တွဲကြိုးချည်ပြီး
သီးသန့်ထောင်ကနေ ထောင်မကြီးဗူးဝအထိ
မန္တလေးအခေါ် (၂)ပြလောက်အကွာအဝေးကို
တစ်လမ်းလုံးတောက်လျှောက်ရိုက်တယ်။
ကျွန်တော်ဆို လမ်းမှာ မေ့လဲသွားသေးတယ်။
နားရွက်နောက်မှာ ပေါက်ပြဲသွားတယ်။
ကျောကုန်းမှာ ဘုထွက်အောင်ရိုက်တာ"လို့
ကိုစိုးမိုးနိုင်(ခေါ်)ကိုဒိန်းဒေါင်(၁ တိုက်နေသူ)က
ပြောပါတယ်။

အဲ့ဒီတုန်းအခါထောင်ပိုင်က ဦးဝင်းမြင့်။
ဒုထောင်ပိုင်ဦးလူလှ ဖြစ်တယ်။

"ထောင်မကြီးဗူးရောက်တော့ခြေချင်းရိုက်တယ်။
(၁)ပေခွဲ ဒေါက်ခတ်ပြီးအဲ့ဒီအတိုင်း၂ တိုက်ထဲမှာ
ပြစ်ဒဏ်(၁)လ တိုက်ပိတ်ခံရတယ်။
ထောင်ဝင်စာတော့ (၂)လပိတ်တယ်။
"ကော်"ကျွေးတာကျ(၅)ရက်ဗျ။
"ကော်"ဆိုတာဆန်မှုန့်ကိုခပ်ပျစ်ပျစ်ကျိုပြီး
ဆားခတ်ထားတာ။
မိလ္လာ(ချီးအိုး)ကို ညနေ တစ်ခါပဲ ချပေးတယ်"လို့
ကိုစိုးမိုးနိုင် ကပြောတယ်။

၁ တိုက်နဲ့ ၁ ဆောင်ကနေ ရိုက်နှက်ပြီးရွှေ့လာတာက စုစုပေါင်း(၁၂)ယောက်ပါ။

အခန်း(၂)မှာ ကိုသိန်းဇော်(ခေါ်)ကိုကျား၊ကိုစိုးသီဟ(NLD ဒေါ်ဝင်းမြမြတူ)
ကိုထွန်းထွန်း(ခေါ်)ဂျဗလွတ်၊ကိုစိုးမိုးနိုင်(ခေါ်)ကိုဒိန်းဒေါင်၊
ကိုတင်မောင်ဝင်း(သီပေါ)၊ကိုစိုးနိုင်(၆)ယောက် တစ်ခန်းတည်း ထားပါတယ်။

အခန်း(၄)မှာတော့
ကိုကျော်သီဟ(ယခု NLD လွှတ်တော်အမတ်)၊ကိုသန့်ဇင်(ဆေးကျောင်းသား)၊ကိုတင်မြင့်၊
ကိုညီညီအောင်(RIT) ၊ကိုတင်အေးကြူ (ခေါ်)ကိုမှိုင်း၊
ကိုသန်းနိုင်ဦး(ခေါ်)ဘဲဥ(၆)ယောက်အတူထားတယ်။

(၁၉၉၁)ဇန်နဝါရီလ (၄)ရက်နေ့၂ ဆောင်မယ် အမရပူရသား ပန်းချီဆရာကိုလယ်လယ်
(ပုဒ်မ ၅-ည နဲ့  ၃ နှစ်ကျသူ)ကိုတန်းစီး(အဆောင်အုပ်ချုပ်သူ
အကျဉ်းသားလူကြီး) နွားကြီးတင်ဝင်းက စတင်ထိုးကြိတ်တာကနေ
အခုဒီ ၄-၁-၉၁ အရေးအခင်းဖြစ်ရတာပါ။

၎ရက်၊ ၁လ၊၁၉၉၁ မှာ စဖြစ်တာမို့ (၄-၁-၉၁)လို့အားလုံးကခေါ်တယ်။

အဲ့ဒီတုန်းက၂ ဆောင်ထောင်မှူးကမြင့်အောင်။
၂ ဆောင်တန်းစီးက နွားကြီးတင်ဝင်း။

နွားကြီးတင်ဝင်းဆိုတာကနွားမှောင်ခိုလုပ်ပြီး ဗိုလ်ကြီးရာထူးပြုတ်လာသူမို့
ဒီနာမည်တွင်နေတာပါ။

ထောင် တန်းပိတ် လူစစ်တိုင်းနိုင်ငံရေး အကျဉ်းသားတွေကို
"ကျုပ် အရပ်က ၆ ပေ(၂)လက်မကိုယ်အလေးချိန် ပေါင်(၂၀၀)ကျော်
ကြိုက်သလို စမ်းလို့ရတယ်"ဆိုတဲ့စိန်ခေါ်စကားမျိုး
အမြဲပြောလေ့ရှိသူပါပဲ။

"ကိုဇော်မိုးကျော်နဲ့ကျွန်တော့်ရှေ့မှာတင် စဖြစ်တာ။
ကိုလယ်လယ်ကို နွားတင်ဝင်းကပြောပြောရိုက်ရိုက်။
ကိုလယ်လယ်က လဲအကျ။ကိုဇော်မိုးကျော်(ခ)ကိုဇော်ကြီး
(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-
ဗကသ အတွင်းရေးမှူး၊
ပုဒ်မ ၅ညနဲ့ ၃ နှစ်ကျသူ)ကမခံနိုင်ဖြစ်ပြီးပြေးထိုးတော့
နွားတင်ဝင်းပွတ်ကာသီကာလွတ်သွားတယ်။
ကျွန်တော်က မြေစာခဲနဲ့ထုတာလည်းထပ်လွဲပြန်တယ်။
နွားတင်ဝင်းကအော်ဟစ်အကူအညီတောင်းပြီး
၂ ဆောင်ကနေ ထောင်ဗူးဝအထိပြေးတော့တာပဲ"

"ပြီးတော့အဲဒီနေ့ကတန်းဝင်ချိန်နောက်ကျတယ်။ကင်းမျှော်စင်တွေပေါ်ကနေ
သေနတ်မောင်းထိုးသံတွေကြားရတယ်။နောက်တော့တန်းဝင်ကြဖို့
ထောင်မှူးကြီးဦးချစ်(ထောက်လှမ်းရေးကနေ ပြောင်းလာသူ)နဲ့
ထောင်မှူး ဦးမြင့်အောင်က လာပြောတယ်"လို့
ကိုခင်မောင်သဲ(၅၀၅- ခ၊၅ ညနဲ့
၃ နှစ်ကျသူ)ကပြောပါတယ်။

ကိုလယ်လယ် အထိုးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး
ထောင်က သူ့လူဖြစ်တဲ့ တန်းစီးအပေါ်
ဘာမှ အရေးမယူဘဲတန်းစီးကို တုံ့ ပြန်ဖို့ကြိုးစားသူ
ကိုဇော်မိုးကျော်(ခေါ်)ကိုဇော်ကြီး(ဗကသ)အပါအဝင်
နိုင်ငံရေးသမားတွေကိုပဲ ပြစ်ဒဏ်ပေးပါတယ်။

အဲဒီအရေးအခင်း စဖြစ်ဖြစ်ချင်းညနေမှာပဲ
ကိုဇော်မိုးကျော်(ခ)ကိုဇော်ကြီးတစ်ယောက်
တန်းစီးကိုထိုးကြိတ်ဖို့ကြိုးစားမှုနဲ့ထောင်ရဲ့ဆွဲထုတ် ရိုက်နှက်တာ
ခံရပါတယ်။

"ကျွန်တော်တစ်ယောက်တည်းကိုသီးသန့်ထောင်ရုံးခန်းမှာ
ထောင်မှူးကြီးဦးချစ်အစီအစဉ်နဲ့ဝန်ထမ်း ၁၄ -၅ ယောက်က
အဝတ်အုပ်ပြီး ဝိုင်းရိုက်ကြတယ်။
ပြီးတော့မှ၁ ပေခွဲ ဒေါက်ခတ်ပြီး
ကော်စား(၇) ရက်နဲ့တိုက်ပိတ် ၁ လ
ပြစ်ဒဏ်ပေးပါတယ်"လို့ကိုဇော်မိုးကျော်က ပြောပြပါတယ်။

ထောင်ရဲ့ ဒီဆောင်ရွက်ချက်အပေါ်
မကျေမနပ်ဖြစ်ကြတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလည်း
ထောင်အာဏာပိုင်က ဆက်လက်အကြမ်းဖက်နှိပ်ကွပ်ခဲ့တယ်။

အခင်းဖြစ်တဲ့ညနေမှပဲထောင်မှူးကြီးဦးချစ်က
၂ ဆောင်ထဲဝင်လာပြီးလူကြီးတစ်ချို့ကို အဆောင်ရွှေ့ဖို့ပြောတယ်။

"၂ ဆောင်ကိုပြစ်ဒဏ်ပေးမယ်။ခင်ဗျားတို့ ပါ ပြစ်ဒဏ်မခံရအောင်
၁ ဆောင်ပြောင်းပါ "ဆိုတော့ပုဂ္ဂိုလ်နှစ်ယောက်(နာမည်ချန်ထားပါရစေ)က
ဝမ်းသာအားရ ချက်ချင်း ထပြောင်းသွားတယ်။

ကိုအေးဖေမြင့်(စစ်ခုံရုံး ကနေပုဒ်မ ၅၀၅-ခ နဲ့
၁၀ နှစ် အချခံရသူ)ကတော့"ကျွန်တော်မပြောင်းပါဘူး
ကလေး တွေနဲ့ အတူနေပါ့မယ်"လို့ပြောပြီး ဆက်နေပါတယ်။

၂ ဆောင်မှာလူ(၆၀)လောက်ရှိပြီး
အများစုက ကျောင်းသားလူငယ်လေးတွေပါ။

"လိုက်​သွားလိုက်​ပါ ။သူတို့ကို တန်းပိတ်ပြစ်ဒါဏ်ချမှာ ။
ခင်ဗျားပါ ကြားကခံနေရမယ်"ဆိုပြီးဦးချစ်က ထပ်ပြောတော့
"ရပါတယ် ခင်ဗျ"ဆိုပြီးနေခဲ့တာ။

"နောက်နေ့ ၁၉၉၁ ဇန်နဝါရီ ၅ ရက် မနက်ကျ
သူ့ကို အရင်ဆုံးခေါ်ထုတ်ပြီးရိုက်တော့တာပဲ။
ကလေးတွေကိုမြှောက်ပေးတာသူဆိုပြီးတော့လေ"လို့ကိုအောင်ဆန်းဝင်း
(အမရပူရ တရားရုံးကနေ၅၀၅ - ခနဲ့၂ နှစ် အချခံရသူ)ကပြောတယ်။

"သီးသန့် ၂ ဆောင်ကနေ ထောင်မကြီး၂ တိုက်အထိ
အချက်ပေါင်း ရာနဲ့ချီ အရိုက်ခံရတယ်။
တိုက်ပိတ်တာ(၃)လထောင်ဝင်စာပိတ်တာ(၁)လပေါ့။
တစ်ပတ်တိတိ "ကော်"စားရတယ်။
တစ်ပတ်လုံးလုံး မိလ္လာ(ချေအိုး)ချမပေးဘူး"လို့
ကိုဇော်ဇော်နှောင်း(ဗမာနိုင်ငံလုံးဆိုင်ရာ
လူငယ်သမဂ္ဂများအဖွဲ့ချုပ် - ဗလသ
၊ပုဒ်မ ၅ည နဲ့ ၅နှစ်ကျသူ)ကဆိုပါတယ်။

ကိုအောင်ဆန်းဝင်း(အမရပူရ)ကလည်းခုလိုပြောတယ်။

"အထူးစပါယ်ရှယ် အနေနဲ့ နောက်ဆုံးတစ်ယောက်ရွေးမယ်ဆိုပြီး
ကျွန်တော့်ကို ခေါ်ထုတ်တယ်။အသားကုန် တွယ်တာ။
ကိုလယ်လယ်(တန်းစီးရဲ့ အထိုးခံရသူ)နဲ့ တစ်မြို့ထဲသားဖြစ်တာရယ်၊
တန်းစီး နွားကြီးတင်ဝင်းကို ခဲနဲ့လိုက်ထုတော့
တပ်ကြပ်ဘိုကြည်ကမြင်သွားတာ ရယ်ကြောင့်ပါ"တဲ့။

၂ ဆောင်ကနေဆွဲထုတ်ခံရသူကအယောက် (၂၀)နီးပါးရှိမယ်။
အားလုံးကို တိုက်ရှေ့မှာပုံစံကြီး ထိုင်ခိုင်းပြီးရိုက်တယ်။
(ထောင်အခေါ် အီကြာကွေး ကျွေးတယ်ပေါ့)
အဲ့ဒီကနေ သီးသန့် ၂ တိုက်ပို့တယ်။

၂ ဆောင်ကနေရိုက်နှက်ပြောင်းရွှေ့ ခံရသူတွေထဲမှာ
ကိုလယ်လယ် ၊ကိုဇော်မိုးကျော်၊ကိုထွန်းလင်း(၁၄ အထက)၊
ကိုအောင်ဆန်းဦး(ဒီချုပ်အရှေ့ မြောက်လူငယ်)၊
ကိုအောင်ဆန်းဝင်း(အမရပူရ)၊
ကိုအေးဖေမြင့်(GTI)၊ကိုဇော်ဇော်နှောင်းတို့ ပါပါတယ်။
(အခြားအမည်များကျန်နေပါသေးတယ်)

နိုင်ငံရေးအကျဉ်းသားတွေကိုတစ်လတိတိ
ထောင်ဝင်စာပိတ်လိုက်တယ်။
ဒါ့အပြင် ရေချိုးလည်း မချဘဲ အဆောင်ပါပိတ်ထားတယ်။

ခါတိုင်းလို မိလ္လာ(ချေးအိုး)သွန်ဖို့ပေါ်တာ(အလုပ်သမား)လည်း
မပေးတော့ဘူး။နိုင်ငံရေးအကျဉ်းသားတွေဟာ
ကိုယ့်ချေးအိုး ကိုယ်သွန်ရတော့တာအချိန်အတော်ကြာ
နှစ်ပေါက်တဲ့အထိပါပဲ။

နိုင်ငံရေးအကျဉ်းသားအယောက် ၆၀ လောက်ရှိတဲ့
၂ ဆောင်မှာမိလ္လာချေးအိုးတွေကို
ထမ်းပိုးဆိုင်းထမ်းနဲ့ထမ်းပြီးနေ့စဉ်သွန်ရတဲ့အလုပ်ကို
လူငယ်တွေက တာဝန်ခွဲလုပ်ကြရတယ်လို့
မန္တလေးက ကိုရာကျော်(ပုဒ်မ ၅၀၅-ခ နဲ့၂ နှစ်ကျသူ)ကပြောတယ်။

၂ ဆောင် ကစတဲ့ခုကိစ္စအကြောင်းပြုလို့
၅ ဆောင်ကလည်း ဇန်နဝါရီ(၄)ရက်နေ့
ည(၈)နာရီလောက်ထိတန်းမဝင်ဘူး
(အခန်းအပိတ်မခံဘူး)ဖြစ်ခဲ့တာကြောင့်
နောက်နေ့ (၅)ရက်မနက်ကျတော့
၅ ဆောင်က လူ (၇)ယောက် လည်း
မျက်နှာ အဝတ်စည်း ရိုက်ဆုတ်ပြီး
ထောင်မကြီးတိုက်ကိုအပို့ခံရပါတယ်။

"ဇရှိတဲ့ ကောင်တွေ ထွက်ခဲ့ !!တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ဆိုတဲ့ကောင်တွေ !!
ထွက်ခဲ့လေကွာ"ဆိုပြီးဝန်ထမ်းတွေကစိန်ခေါ်ရိုက်နှက်ကြတာပါ။

အရိုက်ခံရသူတွေကတော့
ဦးဇော်ဝင်း(မနတ)၊ကိုရဲမြင့်(ဗန်းမော်)၊ကိုအေးကျော်(စစ်ကိုင်း)၊ကိုမြင့်သိန်း(မုံရွာ) ၊ကိုသန်းအေး(မုံရွာ)နဲ့ 
အခြား(၂)ယောက်(အမည်မမှတ်မိ)တို့ပါပဲ။

အဲ့ဒီတုန်းအခါ (၅)ဆောင်ထောင်မှူးကဦးအောင်တင်သိန်းပါ။

"အဲ့ဒါဖြစ်ပြီးနောက်ပိုင်းထောင်ကကျွေးတဲ့
အစားအသောက်တွေလည်းပိုပိုဆိုးလာတယ်။
ထမင်းထဲမယ် ခဲတွေ၊သဲတွေ ချည်းပဲ။ရေနဲ့ကျင်ပြီးမှပဲ စားလို့ရတာ"လို့
၅ နှစ်ကျသူ ကိုစောဝင်းနိုင်(ဗမာနိုင်ငံလုံးဆိုင်ရာ
လူငယ်သမဂ္ဂများအဖွဲ့ချုပ် - ဗလသ)ကပြောပါတယ်။

"ပေးနေကျ ငပိတောင်မပေးတော့ဘူး။ပဲဟင်းကလည်း ဘာပဲဖတ်မှ မပါဘဲ
ရွှံ့ ရည်သာသာ ရှိတော့တယ်။
ထမင်းချည်းစားနေရသလိုဖြစ်နေတာ။ဇန်နဝါရီ (၁၂)ရက်နေ့ကျတော့
ပဲဟင်းမယူနိုင်ကြောင်းနဲ့  လဲပေးဖို့ ကျွန်တော်ပြောတော့
ပဲဟင်းအကျဲ မဟုတ်တော့ဘဲ
ပဲအနှစ်နဲ့ ပျစ်ခဲနေတာ ပိုကောင်းတာ လဲပေးတယ်။
ဒါပေသိ နေ့လည်(၁၂)နာရီကျတော့မှကျွန်တော့်ကို
ခေါ်ထုတ်ပြီးတွယ်တော့တာပဲ"လို့
ပခုက္ကူဦးခင်မောင်အေး(ယူဂျီ၊၅ - ညနဲ့  ၇ နှစ်ကျသူ)က
ပြောပါတယ်။

ဦးခင်မောင်အေးကိုမျက်နှာအဝတ်စည်း လက်လိမ်ချိုးပြီး
ထောင်ဝန်ထမ်းတွေက ဝိုင်းရိုက်တယ်။
ရင်ဘတ်ကိုဝါးဆစ်ပိတ် တုတ်နဲ့ဆောင့်ထိုးတယ်။
တရွတ်တိုက်ဆွဲခေါ်သွားတယ်။လက်ကိုလည်း ခြေထောက်နဲ့ တက်နင်းတယ်။
"ထောင်ရုံးခန်းမှာထောင်မှူးစိုးသန်းကပစ်သာ သတ်လိုက်ပါကွာလူပါးဝတဲ့အကောင်တွေ"လို့
ပြောတယ်။

၁- တိုက်ရောက်တော့နံရံကပ်ခိုင်းပြီး(၃)ပင်လိမ်ကြိမ်နဲ့
ကျောပြင်ကိုဆော်တယ်။တစ်ပေခွဲဒေါက်နဲ့
သံခြေချင်းခတ်တာက(၁)လ။တိုက်ထဲနေရတာက(၈)လပေါ့"လို့
ဦးခင်မောင်အေးကပြောပါတယ်။

တစ်ကယ်တော့ခုအဖြစ်အပျက်က ကြာခဲ့ပါပြီ။
တစ်ချို့ လည်းဆုံးပါးသွားကြရှာပြီပေါ့။
အာဏာရှင်ဆိုတာအစွယ်ကားကားနဲ့
အမွေးရှည်ရုံတင်မကဘဲသူ့ခြေသည်းလက်သည်းတွေကပါ
ချွန်ထက် ရက်စက်လွန်းခဲ့တာဒီ အတိတ်ခါးခါးများက
သက်သေပြနေလေရဲ့ ။

ပြောရရင်"ကျား"ကလည်းကြမ်း၊
"ကျားချေး"ကလည်းစွမ်းခဲ့တဲ့
စစ်အာဏာ အမှောင်တိုက်အောက်က
ခါးသက်တဲ့ နှစ်ကာလများပါပဲ။

မိုးကောင်းတုန်းရွာခဲ့ကြတယ်။
တစ်ချို့ဘဝတွေ ရေမြုပ်။
တစ်ချို့ အိပ်မက်တွေရေမျော။
တစ်ချို့  အနာဂတ်တွေ
ပြန်ဆယ်မရ ဖြစ်ခဲ့တယ်။

ခုလို အတိတ်အကြောင်းတူးဆွရတယ်
ဆိုတာကလည်း
အမှန်တရားကို ဖော်ထုတ် မှတ်တမ်းတင်ဖို့နဲ့ 
ရယူလိုစိတ်မထား ပေးဆပ်ခဲ့သူများအပေါ်
အသိအမှတ်ပြုလိုတာကြောင့်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်
"အမုန်းတရားတွေ "အဆုံးသတ်စေချင်ပါတယ်။
"ရန်စ"ကိုမရှည် ၊တိုစေချင်တာလည်းအမှန်ပဲ။

"လက်စားချေတယ်"ဆိုတာ
အရိုင်းအစိုင်းခေတ်မှာ ကျန်ခဲ့ပါပြီ။

တစ်ခုရှိတာက တိုင်းပြည်ကို
တကယ်ချစ်တယ်ဆိုရင်တော့
မလိမ်ကြေး မညာကြေး
တာဝန်ရှိတဲ့အလျောက်
ဝန်ခံကြဖို့ပါပဲ။

နောင်မျိုးဆက် ကလေးတွေကို
အမှန်အတိုင်း ပြောခဲ့ဖို့လိုတယ်။
အမှန်တရားအကြောင်း
ပြောကိုပြောခဲ့ရပါ့မယ် ။

ရေးသူ -မောင်နန်းဝေ(ဗန်းမော်)

(အခု စာစုအတွက် အဖြစ်အပျက်များကိုမှတ်မိသမျှ
ပြောပြပေးကြတဲ့ ဦးခင်မောင်အေး(ပခုက္ကူ )၊
ကိုစိုးမိုးနိုင်၊ကိုရာကျော်၊
ကိုအောင်ဆန်းဝင်း၊ကိုမောင်မောင်လွင်၊ ကိုဇော်ဇော်နှောင်း ၊ကိုစောဝင်းနိုင် ၊ကိုခင်ဇော်လင်း
ကိုဝင်းကြိုင်တို့ အားလုံးကိုကျေးဇူးအထူးတင်ပါတယ်)











No comments:

Post a Comment