Latest News

Wednesday, February 6, 2019

သွားပြဿနာများနဲ့ ကျွန်တော် (၁)


တိုက်တိုက်ဆိုင် မနေ့ညထဲက သွားကိုက်လို့
ပါးစပ်တောင် မဟနိုင်တဲ့ ကျွန်တော့်ဆီကို၊
စကားပြန်လုပ်ပေးဖို့ ဒီမနက် ဆေးရုံကနေ
ဖုန်းဆက်ပြီး ပြောလာတယ်။
အကျင့်က ကောင်းတယ်လို့ပဲပြောရမလား၊
ဆင်းရဲသား ဇာတာပါသလားပဲ ပြောရမလားတော့ မသိ။
အလုပ်လဲရောက် ရောဂါလည်း ပျောက်တာက ကျွန်တော့်အကျင့်။

စကားပြန်ပေးရမဲ့ လူနာက ၂ယောက်။
ဖုန်းဆက်လာတာကလည်း နှစ်ခုစလုံး သွားဌာနကပေါ့။
ဒါနဲ့ပဲ ထုံးစံအတိုင်း ဘာဖြစ်တာလဲလို့ ဆိုတာက စပြီးမေးရတာပေါ့။
မေးခွန်းလေးတွေ ကုန်သွားပြီးတော့ ခေါင်းခြောက်ရပြန်တယ်။

ခေါင်းခြောက်ရတယ်ဆိုတာက ရွှေမြန်မာတွေ့ အကျင့်ကြောင့်ပါ။
ကျွန်တော်တို့ တစ်တွေ ရောဂါဖြစ်ရင်
ဆရာဝန်ပြောတာကို ချက်ခြင်းယုံ။
ပြောတဲ့ဆေးကို မရ ရအောင်ရှာသောက်တတ်ကြသလို။
တစ်ဖန်တော့လည်း ဆရာဝန်ပြောတာထက်၊
ရွာကနတ်သည် ပြောတာကိုပိုယုံပြီး ဆေးမြီတိုနဲ့ကု
ကုချင်တတ်ကြတယ်။
လိုင်းကွဲပုံက အရှေ့အနောက်၊ ကွဲပဲ ကွဲတတ်လွန်းလို့ပါ။

အခုလည်း ဒီလိုပါ။
ဖုန်းဆက်လာတာက သွားဌာနဆိုပေမဲ့၊
တစ်ယောက်က အရေပြားဌာနကနေ လွှဲလိုက်တဲ့ လူနာ။
နောက်တစ်ယောက်က နှလုံးရောဂါဌာနနဲ့ မျက်စိဌာနကို
ပတ်ချာလည်လှည့်ပြီးရောက်လာတဲ့လူနာ။
နှစ်ယောက်စလုံး သွားကနာလည်းမနာ၊ ကိုက်လည်းမကိုက်။

ပါးစောင်နဲ့ ကျောကုန်းမှာ အနီရောင်လိုလို၊ အကွက်လိုလို၊
အဖုကြီးလိုလို ဖြစ်နေလို့ အိမ်ဘေးဆေးခန်းကနေပြီး၊
ပိုပြီး ဂဃနဏ သိရအောင်လို့ ဆေးရုံကို သွားပြဆိုပြီး
လွှတ်လိုက်လို့ ဒီဆေးရုံကို ရောက်လာတဲ့သူ။
ဆေးရုံက အရေပြားဌာနမှာပြ သွေဖောက်ဆေးစစ် လုပ်ပြီးတဲ့အခါ၊
သွားဌာနသွားပါလို့ ထပ်ပြီး အလွှတ်ခံရသူ

ဒီလိုပဲနောက်တစ်ယောက်က နဂိုရှိပြီးသား
နှလုံးရောဂါက ဖေါက်သလိုလို ဖြစ်နေတုန်း
မျက်လုံးကလည်း လုံးဝနီးပါး မမြင်ရသလို ဖြစ်လာလို့
ဒီဆေးရုံထဲမှာပဲ ဟိုဌာန၊ ဒီဌာန လှည့်ပတ်ရင်းကနေ
နောက်ဆုံးမှ သွားဌာနကို ရောက်လာသူ။

ဘာကြောင့်ပဲရောက်ရောက်၊ သွားဆရာဝန်က သူတို့တစ်တွေရဲ့
ရောဂါရင်းမြစ်က သွားပိုးကနေ ဖြစ်ရတာလို့ ပြောပြတယ်။

သွားမကိုက်၊ သွားမနာသူ နှစ်ယောက်က စကားပြန်လုပ်သူ
ကျွန်တော့်ကို ပြန်ပြီးမေးလာတာက၊
“ဟုတ်ပါ့မလားဗျာ။”
“ပြန်လည်းမေးစမ်းပါဦးတဲ့။”

ဆရာဝန်ကို မယုံတာလား။
ဘာသာပြန်ကို မယုံလေသလားတော့ မသိ။

ဆက်ရန်
သုခ(သား)


No comments:

Post a Comment